တရုတ်မြန်မာ ဖက်စပ် ကျောက်ဖြူစီးပွားရေးဇုန် စာချုပ်ချုပ်တော့မယ်

 ကျောက်ဖြူနားက တရုတ်ရေနံတင်ဆိပ်ကမ်း
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ အထူးစီးပွားရေးဇုန် ကို အကောင်အထည် ဖော်နိုင်ရေးအတွက် တရုတ်အစိုးရပိုင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ကော်ပိုရေးရှင်း CITIC Group နဲ့ မြန်မာအကြား သဘောတူညီမှု ရသွားတဲ့ အတွက် မကြာမီ စာချုပ်ချုပ်တော့မှာလို့ သိရပါတယ်။

မြန်မာနဲ့ တရုတ်အကြား အကျိုးအမြတ်ခွဲဝေမှုနဲ့ ပတ်သက်ပြီး ပြေလည်မှုမရှိတာကြောင့် ကြန့်ကြာနေရာကနေ သဘောတူညီမှု ရသွားတဲ့အတွက် လက်မှတ်ထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

ပဏာမအဆင့် လက်မှတ်ထိုးနိုင်ဖို့ ပြင်ဆင်နေပြီလို့လည်း မြန်မာ အာဏာပိုင်တွေဘက်က ဆိုပါတယ်။

အရင်က အဆိုပြုထားတဲ့ တရုတ်က ၈၅ ရာခိုင်နှုန်း၊ မြန်မာက ၁၅ ရာခိုင်နှုန်းအစား အခု တရုတ်က ၇ဝ ရာခိုင်နှုန်းနဲ့ မြန်မာက ၃ဝ ရာခိုင်နှုန်း ပြောင်းလဲစာချုပ်ချုပ်ဖို့ သဘောတူ လိုက်တယ်လို့ သိရပါတယ်။
မဒေးကျွန်းက တရုတ်ရေနံတင်စည်တွေ
မူလက ကျောက်ဖြူစီးပွားရေးဇုန် အတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇ ဘီလျံနဲ့ စဖို့ လျာထားခဲ့ပေမယ့် အခု ကနဦး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ တဘီလျံကျော်သာ သုံးစွဲသွားမယ်လို့ မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး ပြောပါတယ်။

ဒီစီမံကိန်းကြောင့် ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာသလို တိုးတက်မှုတွေလည်း ရှိလာမယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်က မြေဧက ၄ဝဝဝ ကျော်မှာ ဒီစီမံကိန်းကို တည်ဆောက်မှာဖြစ်တဲ့ အတွက် လယ်သမားတွေက မြေယာတွေ ဆုံးရှုံးမှာ ကို စိုးရိမ်မှုတွေ ရှိနေကြပေမယ့် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ လုပ်ကိုင်သွားမယ်လို့ ဦးအောင်စိုးက ပြောပါတယ် ။

ရေနက်ဆိပ်ကမ်းကို အရင် စအကောင်အထည်ဖော်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူနားက မဒေးကျွန်းမှာ တရုတ်ရေနက်ဆိပ်ကမ်း ဆောက်ပြီးလို့ ယူနန်ပြည်နယ်ကို ပိုက်လိုင်းက ပို့တာတွေ စတာ တနှစ်ကျော် ရှိနေပါပြီ။

ဒီစီမံကိန်းတွေ အားလုံးဟာ တရုတ် အစိုးရရဲ့ ပိုးလမ်းမကြီး စီမံကိန်းနဲ့လည်း ပတ်သက်နေပါတယ်။
သြစတြေးလျမှာ လုပ်နေတဲ့ CITIC ရဲ့ သံမိုင်းတွင်းကြီး
BBC Burmese
https://www.bbc.com/burmese
တရုတ်မြန်မာ ဖက်စပ် ကျောက်ဖြူစီးပွားရေးဇုန် စာချုပ်ချုပ်တော့မယ် တရုတ်မြန်မာ ဖက်စပ် ကျောက်ဖြူစီးပွားရေးဇုန် စာချုပ်ချုပ်တော့မယ် Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.