သာပေါင်းမြို့နယ် ကြိမ်တလီ သစ်တောကြိုးဝိုင်းအတွင်း သတ်ဖြတ်ခံထားရသည့် တောဆင်ရိုင်း တစ်ကောင်တွေ့ရှိ


ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ရှိ ကြိမ်တလီသစ်တော ကြိုးဝိုင်းအတွင်း အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်းက သတ်ဖြတ်ခံထားရသည့် တောဆင်ရိုင်းတစ်ကောင်ကို ဒေသခံများမှ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

သတ်ဖြတ်ကာ အရေခွံခွာခံထားရသည့် တောဆင်ရိုင်းအသေကို ကြိမ်တလီသစ်တောကြိုးဝိုင်း၊ အကွက်အမှတ် ၂၂၅၊ မီးလောင်ချောင်းအနီးတွင် ဒေသခံ ဝါးခုတ်သမားများမှစတင်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများထံ သတင်းပို့ခဲ့ ကြောင်း ကြိမ်တလီသစ်တောကြိုးဝိုင်းအနီးရှိ မရမ်းချို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“စတွေတာတော့ တောထဲမှာ ဝါးခုတ်တဲ့အဖွဲ့ကတွေ့တာ သူတို့က အပုပ်နံ့ တအားထွက်နေလို့ သွားကြည့်တာ၊ တွေ့တော့ သစ်တောဌာနကို သတင်းပို့တယ်။ ပြီးတော့ ကျွန်တော်တို့အဖွဲ့တွေ သစ်တောဌာန၊ နယ်မြေခံရဲတွေ၊ သစ်တောရဲတွေနဲ့ အုပ်ချုပ်ရေးအဖွဲတွေသွားပြီး စစ်တာ၊ ဆင်ကအရေခွံတွေမရှိတော့ဘူး။ ကြာပြီ ထင်တယ် အပုပ်နံ့က တော်တော်ထွက်နေတာ၊ အနားကပ်လို့မရဘူး၊ ဆင်ကတော့ အထီး ဖြစ်ဖို့များတယ်။ အစွယ်ပါတဲ့ ဆင်မျိုးတော့ မဟုတ်ပါဘူး၊ တာဝန်ရှိသူတွေကတော့ ဆင်သတ်တဲ့ မုဆိုးတွေ နောက်လိုက်နေတယ်။”ဟု မရမ်းချို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ပြောသည်။


တောဆင်ရိုင်းအသေကို တွေ့ရှိချိန်တွင် ဆင်အသေမှာ ပုပ်ပွနေသည့်အတွက် အနံ့ဆိုးများထွက်နေသဖြင့် နယ်မြေခံရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနပါဝင်သော ပူးပေါင်းအဖွဲ့များနေ့ချင်းမီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ဆင်ရဲ့အရွယ်အစား ဆင်အမျိုးအစား အသေးစိတ် အချက် အလက်တွေတော့ မသိဘူး ပုပ်ပွနေတယ်။ အနံ့ဆိုးလွန်းတယ်။ ဒီနေ့ပဲ မီးရှို့ဖျက်ဆီး လိုက်ကြတယ်။”ဟု စစ်ဆေးစဉ်ပါဝင်ခဲ့သော သာပေါင်းမြို့အခြေစိုက် လှပသောမြေပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးမြင့်အောင်က ပြောသည်။

၂၀၁၈ ခုနှစ် အတွင်း သာပေါင်းမြို့နယ်တွင် တောဆင်ရိုင်းအသတ်ခံရမှုမှာ ဒုတိယအကြိမ် အသတ်ခံရခြင်း ဖြစ်ပြီး မေလပိုင်းကလည်း သာပေါင်းမြို့နယ်၊ ဘောမိသစ်တောကြိုးဝိုင်းအပြင်ဘက် ဆင်သေချောင်းတွင် စွယ်စုံတော ဆင်ရိုင်း တစ်ကောင် သတ်ဖြတ်ခံခဲ့ရကြောင်း သာပေါင်းမြို့နယ်သစ်တော ဦးစီးဌာနမှ သိရှိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper/
သာပေါင်းမြို့နယ် ကြိမ်တလီ သစ်တောကြိုးဝိုင်းအတွင်း သတ်ဖြတ်ခံထားရသည့် တောဆင်ရိုင်း တစ်ကောင်တွေ့ရှိ သာပေါင်းမြို့နယ် ကြိမ်တလီ သစ်တောကြိုးဝိုင်းအတွင်း သတ်ဖြတ်ခံထားရသည့် တောဆင်ရိုင်း တစ်ကောင်တွေ့ရှိ Reviewed by THITHTOOLWIN on 13:26 Rating: 5
Powered by Blogger.