သျှမ်းပြည်သားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်ရာချီ မြို့ပေါ်ရောက်


အောက်တိုဘာလ ၂၉ ရက် ၂၀၁၈

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွါးသဖြင့် အီနိုင်းအုပ်စုဒေသခံများ လားရှိုးမြို့နယ် မန်ဆူဘုန်းတော်ကြီးကျောင်းသို့စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိခိုလှုံနေကြောင်းသိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှစပြီး အီနိုင်းအုပ်စုမှဒေသခံများ မန်ဆူဘုန်းတော်ကြီးကျောင်းသို့ တဖွဲဖွဲရောက် ရှိလာနေကြောင်း ရရှိထားသောစာရင်းအရ ၄၀၀ ဦးခန့်ရှိကြောင်း လားရှိုးခရိုင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ပြောသည်။

“အီနိုင်းအုပ်စု အီနိုင်းရွာ ၊ နားဟာရွာ၊ ပန်ဟုန်းရွာ၊ ဝမ့်ပိန်း၊ ဝမ့်ဆစ်ပ်းဆာမ်လတ်းလို့ခေါ်တဲ့ ၁၃ မိုင်ရွာ ၊ ဆစ်ပ်းဟာလတ်းရွာက စစ်လေးရှောင်တွေဖြစ်ပါတယ်။ အီနိုင်းဘုန်းကြီးကျောင်းကနေအခု မန်ဆူဘုန်းကြီးကျောင်းကို တိမ်းရှောင်ဖို့ရောက်လာကြတာဖြစ်တယ်။ ဒီကိုလာမယ့်လူတွေ ရထားတဲ့စာရင်းအရ ၄၀၀ ကျော် ရှိပါတယ်။ အခု မန်မိုင် ရွာ သား ၂၀၀ ကျော်က အီနိုင်းခရိယာန်ကျောင်းမှာ ရှိနေတုန်းလို့သိရပါတယ်။ ” - ဟု စိုင်းဝမ်းလျန်းခမ်း ကသျှမ်းသံတော်ဆင့်အားပြောသည်။

မန်ဆူဘုန်းကြီးကျောင်းရောက်နေသော စစ်ရှောင်များအား စစ်ရှောင်ကူညီရေးအဖွဲ့များ ၊ မြို့နယ်ထွေအုပ်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်တို့ ကလာရောက်ကြည့်ရှု အားပေးနေပြီး လိုအပ်သည်များ ကူညီစီစဉ်ပေးနေကြောင်းသိရသည်။

“အဖွားတို့က ပန်ဟုန်းရွာက လာတယ်။ သေနတ်သံကြားလို့ ရွာကနေထွက်လာတာ ၂ ရက်ရှိပြီ။ အီနိုင်းဘုန်းကြီးကျောင်းမှာလာခိုနေတာ။ ရွာမှာ ၂ ယောက် ၃ ယောက်ဘဲကျန်တယ်။ ဘာမှ မယူလာရဘူး။ ” - ဟု အသက် ၆၀ ဝန်းကျင်အမျိုးသမီးတဦးကပြောသည်။


မွန်းလွဲ ၂ နာရီအချိန်အထိ ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း ထို့အတွက်ရွာတွင်ကျန်နေသေးသူများလည်း ထပ်မံထွက်ပြေးလာနေကြောင်း စစ်ဘေးရှောင်များကပြောသည်။ လက်ရှိ မန်ဆူကျောင်းတိုက်သို့ တဖွဲဖွဲရောက်နေသည့်စစ်ဘေးရှောင် ၂၀၀ ကျော်မှာ အမျိုးသမီးနှင့် ကလေးငယ်အရေအတွက်ပိုမိုများပြားနေကြောင်းသိရသည်။

“ တိုက်ပွဲတွေမဖြစ်စေချင်ဘူး။ ကျနော်တို့ရွာသားတွေက လယ်ထဲမှာယူဖို့သီးနှံတွေ ရှိနေသေးတယ်။ မိုးရွာရင်အကုန်ပျက်စီးမှာ ။ မိုးမရွာဖို့ဘဲဆုတောင်းရမှာ။ ” - ဟုလည်း အီနိုင်းရွာသား တဦးကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် နမ္မတူမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွါးမှုကြောင့် ဒေသခံရွာသားများ နေရပ်မှစွန့်ခွါကာစစ်ဘေးတိမ်းရှောင်ခဲ့ကြသည်။

လားရှိုးမြို့နယ် အီနိုင်းအုပ်စုအတွင်းစစ်ရေးတင်းမာမှုကြောင့် နေရပ်မှတိမ်းရှောင်သော စစ်ရှောင်များမှာ အီနိုင်းရွာမှ အိမ်ထောင်စု ၂၅ ခု မန်မိုင်ရွာမှ ၅၀ အိမ်ထောင်စု၊ နားဟ ရွာမှ ၄၂ စု ၊ ပန်ဟုန်းရွာနှင့် ၁၃ မိုင်ရွာမှအိမ်ထောင်စု ၂၇ စု ၊ စုစုပေါင်းလူဦးရေ ၆၆၀ ရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
သျှမ်းပြည်သားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်ရာချီ မြို့ပေါ်ရောက် သျှမ်းပြည်သားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်ရာချီ မြို့ပေါ်ရောက် Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.