ARSA အဖွဲ့ဝင် ဟုတ်မဟုတ် စစ်ဆေးဆုံးဖြတ်ခဲ့ခြင်း မရှိ

မောင်တောမြို့နယ်အတွင်းက မီးလောင်ထားတဲ့ နေရာတွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ တရားရုံးမှာ စစ်ဆေးခဲ့တဲ့ တရားခံတွေကို ARSA အကြမ်းဖက်အဖွဲ့ဝင် ဟုတ်မဟုတ် စစ်ဆေးဆုံးဖြတ်ခဲ့ခြင်း မရှိဘူးလို့ ရခိုင်ပြည်နယ် တရားလွှတ်တော် ပြည်နယ်တရားရေးဦးစီးမှူးက ဒီနေ့ပြောလိုက်ပါတယ်။

အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အာဆာ အကြမ်းဖက်အဖွဲ့ဝင်တွေလို့ စွပ်စွဲခံရပြီး ဖမ်းဆီးအပြစ်ပေးခံရသူတွေဟာ သူတို့ကိုယ်တိုင် အာဆာအဖွဲ့ဝင်ဖြစ်တယ်လို့ တရားရုံးမှာ ၀န်ခံထွက်ဆိုမှု ရှိမရှိ စစ်ဆေးပေါ်ပေါက်ချက် ရှိမရှိ ဆိုတဲ့ RFA နဲ့ DVB ရဲ့ စာပေးပို့မေးမြန်းချက်ကို ပြည်နယ် တရားရေးဦးစီးမှူး ဦးတင်မောင်လတ်က ARSA အကြမ်းဖက်အဖွဲ့ဝင် ဟုတ်မဟုတ်ကို တရားရုံးက စစ်ဆေးဆုံးဖြတ်တာမရှိဘူးလို့ ဖြေကြားတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ARSA အဖွဲ့ဝင်တွေကို ဘယ်လိုအရေးယူခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ စာပေးပို့မေးမြန်းခဲ့တာကို ဒီနေ့ ဖြေကြားတာ ဖြစ်ပါတယ်။

အစိုးရက ဘူးသီးတောင်-မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အာဆာ အကြမ်းဖက် အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ပြောဆိုနေပေမယ့် တရားရေးဌာနကတော့ အဲဒီလို ဖြေကြားတာဖြစ်ပါတယ်။

၂၀၁၆၊ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရားရုံးကို စွဲဆိုတင်ပို့လာတဲ့ အမှုပေါင်း ၉၅ မှုရှိပြီး တရားခံဦးရေ ၇၇၈ ဦးကို ရာဇသတ်ကြီးဥပဒေ၊ လက်နက်ဥပဒေ၊ လက်နက်အက်ဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ၊ မတရားအသင်းဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မတွေနဲ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ တရားခံဦးရေ ဘယ်လောက်ကို ဘယ်ပုဒ်မတွေနဲ့ ဘယ်လိုစစ်ဆေးတွေ့ရှိချက်တွေနဲ့ အရေးယူခဲ့တယ် ဆိုတာကိုတော့ ဖြေကြားနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။

အဲဒီအထဲက လူပေါင်း ၆၄၇ ဦးကို ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တရားခံပြေးအဖြစ် စွဲဆိုတင်ပို့လာတဲ့ အမှုပေါင်း ၈၄ မှုအထိရှိပြီး တရားရုံးကနေ ဖမ်းဝရမ်းထုတ်ထားတဲ့ ဦးရေမှာ ၆၁၈၆ ဦးရှိကာ လူ ၁၂ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီအထဲက လူပေါင်း ၅၇၃၇ ဦးကို တရားခံပြေးအဖြစ် ကြေညာခဲ့တယ်လို့လည်း ပြောပါတယ်။

RFA Burmese
https://www.rfa.org
ARSA အဖွဲ့ဝင် ဟုတ်မဟုတ် စစ်ဆေးဆုံးဖြတ်ခဲ့ခြင်း မရှိ ARSA အဖွဲ့ဝင် ဟုတ်မဟုတ် စစ်ဆေးဆုံးဖြတ်ခဲ့ခြင်း မရှိ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.