မြိတ်တွင် ခိုးမှုကျူးလွန်သူအား ရပ်ကွက်မှဖမ်းဆီးအပ်နှံပေမယ့် နယ်မြေရဲကင်းမှ ထွက်ပြေးလွတ်မြောက်နေ


31.10.2018

မြိတ်တွင် ခိုးမှုကျူးလွန်သူအား အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်ပြည်သူပူးပေါင်းဖမ်းဆီးပြီး အမှတ်(၁)နယ်မြေရဲကင်းသို့အပ်နှံပေးလိုက်ပေမယ့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်၊နံနက် ၂ နာရီခန့်က တက္ကသိုလ်ရပ်ကွက်တွင်းမှ အဝေးသင်အမျိုးသမီးဘော်ဒါဆောင်အတွင်းမှာ အမည်မသိအမျိုးသားတစ်ဦးဖောက်ထွင်းဝင်ရောက်ကြောင်း ရပ်ကွက်ရာအိမ်မှူးအားအကြောင်းကြားသဖြင့် ရာအိမ်မှူးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်တွင် အန္တရာယ်ပြုနိုင်သည့် လက်နက်ရှိ/မရှိ စစ်ဆေးရာ ၎င်း၏ခန္ဓာကိုယ်ပေါ်မှ အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီ ၃၂ ထည် တွေ့ရှိကြောင်းသိရပါတယ်။


ခိုးမှုကျူးလွန်သူနှင့်၎င်းစီးလာသည့်ဆိုင်ကယ်အား အုပ်ချုပ်ရေးမှူးအဖွဲ့မှ အမှတ် ၁ နယ်မြေရဲကင်းမှူးထံအပ်နှံပေးခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ရာအိမ်မှူးကပြောပါတယ်။

"မနက် ၂ နာရီလောက်မှာ သူခိုးဝင်တယ်ဆိုပီးအကြောင်းကြားလို့ ပိတ်ဆို့ဖမ်းလိုက်တယ်။ခန္ဓာကိုယ်မှာ အန္တရာယ်ပြုနိုင်မယ့်ပစ္စည်း ရှိ/မရှိ စစ်ဆေးတော့ အမျိုးသမီးအတွင်းခံဘောင်းဘီတွေ အထပ်လိုက်ဝတ်ထားတယ်။ ဒါကြောင့် အမှတ် ၁ နယ်မြေရဲကင်းမှူးဆီခေါ်ပြီး သူစီးလာတဲ့ ဆိုင်ကယ် ၊ မောင်းလိုင်စင် နဲ့ ဆိုင်ကယ်သော့ ကို ရဲကင်းမှူးရဲ့လက်ထဲ အပ်ပေးခဲ့ပါတယ်။ မနက်လင်းတဲ့အချိန်မှာ ရဲကင်မှူးက ကျွန်တော်ဆီဖုန်းဆက်တယ် ။ခိုးမှုကျူးလွန်တဲ့တရားခံက ဆိုင်ကယ်ယူပြီးထွက်ပြေးသွားတယ်လို့ပြောတယ်""လို့ တက္ကသိုလ်ရပ်ကွက် ရာအိမ်မှူးဦးဝင်းဟန်ကပြောပါတယ်။

ထွက်ပြေးလွှတ်မြောက်နေသည့် တရားခံအား နယ်မြေရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေနေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294

အစ္စရေးတွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် လူ ၈ ဦး သေဆုံး

အစ္စရေးတွင် ယခင်က ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်(ဓါတ်ပုံ- အင်တာနက်)

    ဂျေရုဆလင် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ ပင်လယ်သေအနီးရှိ အမှတ် ၉၀ လမ်းမကြီးတွင် အောက်တိုဘာ ၃၀ ရက်က မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ လူ ၈ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။

လူ ၈ ဦးလိုက်ပါစီးနင်းလာသော မော်တော်ယာဉ်တစ်စီးသည် အခြားယာဉ်တစ်စီးနှင့် မျက်နှာချင်းဆိုင် တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၈ ဦးစလုံးသေဆုံးခဲ့သည်။ တခြား ယာဉ်ပေါ်ရှိ လူ ၃ ဦးစလုံး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရ ကြောင်း ၊ အချင်းဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသူ ၈ ဦးမှာ မိသားစုဝင်များဖြစ်ပြီး မိဘ ၂ ဦးနှင့် ကလေးငယ် ၆ ဦးပါဝင်ကြောင်း အစ္စရေး မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

လွန်ခဲ့သော ၁၀ နှစ်တာ ကာလအတွင်း အမှတ် ၉၀ လမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆ မှု စုစုပေါင်း ၁၃၅၀ ခန့် ရှိပြီဖြစ်ပြီး  သေဆုံးသူ ၁၂၀ ဦး ၊ ဒဏ်ရာရသူ ၄၀၀၀ ကျော် ခန့် ရှိကြောင်း သိရသည်။ 

(Xinhua)
http://www.xinhuamyanmar.com
 

အာဖဂန်နိုင်ငံ မြို့တော်တွင် အကျဉ်းထောင်ပြင်ပတွင် အသေခံဗုံးပေါက်ကွဲ၍ လူ ၇ ဦးသေဆုံး

အာဖဂန်နိုင်ငံ မြို့တော် အရှေ့ပိုင်းရှိ Pul-e-Charkhi အကျဉ်းထောင်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ကဘူးလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

အာဖဂန်နိုင်ငံ မြို့တော် အရှေ့ပိုင်းရှိ အဓိက အကျဉ်းထောင်တစ်ခုပြင်ပတွင် အစိုးရဝန်ထမ်းများ၏ ကားတစ်စီးတွင် ယနေ့ အောက်တိုဘာလ ၃၁ ရက်၌ အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၇ ဦးထက်မနည်းသေဆုံးပြီး အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ကနဦး အချက်အလက်အရ အဲဒီကားက Pul-e-Charkhi အကျဉ်းထောင် အဓိကဝင်ပေါက်ကို အဲဒီကားရောက်ပြီးနောက် အကြမ်းဖျင်းအားဖြင့် ဒေသစံတော်ချိန် နံနက် ၇း၂၅ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ” ဟု အမည်မဖော်လိုသူ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ခံရသူအများစုမှာ မော်တော်ယာဉ်ဖြင့် လိုက်ပါသွားသော အကျဉ်းထောင် အမျိုးသမီးဝန်ထမ်းများဖြစ်ပြီး အနည်းဆုံး ကလေးငယ် သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများအား လူနာတင်ကားများနှင့် ရဲကားများဖြင့် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ထားကြောင်း၊ သေဆုံးသူအရေအတွက်မှာ မြင့်တက်လာနိုင်ကြောင်း သတင်းရင်းမြစ်ကဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com

မန္တလေးတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဒုညွှန်မှူးကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးကို တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးတစ်ယောက်နဲ့ ဌာနခွဲစာရေး တစ်ယောက်တို့ကို ငွေကျပ် ၁၀ သန်းကျော် အလွဲသုံးစားထားတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ စီစဉ်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်အတွင်း ကျေးလက်လမ်းလုပ်ငန်းတွေ တင်ဒါခေါ်ယူဆောင်ရွက်တဲ့နေရာမှာ ကုမ္ပဏီတွေဆီကနေ ငွေကြေး ကောက်ခံတာနဲ့ လာဘ်ငွေရယူတာတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လွှဲပြောင်းပေးပို့ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာမှာ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ငွေထုတ် သူအရာရှိ တိုင်းဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော် နှင့် ဌာနခွဲစာရေး ဒေါ်သူဇာတို့ဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ငွေကျပ် (၁၀.၂၇၈) သန်း ကျော်အား "ရုံးစရိတ်/ ငွေထုတ်စရိတ်" လို့ အကြောင်းပြပြီး အဂတိလိုက်စားထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။

အဲဒီအတွက် ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ နဲ့ ဌာနခွဲစာရေး ဒေါ်သူဇာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ မန္တလေးတိုင်း၊ မြစ်ငယ်နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူဖို့ စီစဉ်နေတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ အစိုးရတာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

RFA Burmese
https://www.rfa.org
 

ဖုယွင်အလုပ်သမားတွေ နိုဝင်ဘာလ ၆ ရက်နေ့ အလုပ် ပြန်ဆင်းခွင့်ရရှိ

ဖုယွင်အထည်ချုပ်စက်ရုံရှေ့မှာ ၂၀၁၈၊ အောက်တိုဘာ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ဖုယွင်အထည်ချုပ်စက်ရုံက သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာ အလုပ်ပြန်ဆင်းဖို့အတွက် သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။

အလုပ်သမားသမဂ္ဂဝင် အယောက် ၃၀ ကို အလုပ်ကနေ ထုတ်လိုက်ချိန်ကနေ စတင်ခဲ့တဲ့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ဟာ ၂ လကျော်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြပြီးချိန်ကနေ ဆန္ဒထုတ်ဖော်မှုတွေ၊ အစိုးရ အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

မနေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် စက်ရုံ လုပ်ငန်းရှင်၊ အလုပ်သမားတွေနဲ့ စက်ရုံကို လာရောက် အလုပ်လုပ်ကိုင်လျက်ရှိနေတဲ့ အလုပ်သမားတွေကို ညှိနှိုင်းတွေ့ဆုံမှုတွေပြုလုပ်ပြီးမှသာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရက်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့တဲ့ ဖုယွင်အလုပ်သမားတွေရဲ့ ညှိနှိုင်းမှုတွေ အဆင်ပြေခဲ့တဲ့အတွက် စက်ရုံရှေ့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org

တစ်ရက်တည်း ယာဉ်တိုက်မှု နှစ်မှုဖြစ်ပွားကာ နှစ်ဦးသေဆုံးပြီး နိုင်ငံခြားသား တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိ

ဓာတ်ပုံ တာချီလိတ်လူမှုကူညီရေးအသင်း

တာချီလိတ် အောက်တိုဘာ ၃၁
-------------------------------------------------------------------
တစ်ရက်တည်း ယာဉ်တိုက်မှု နှစ်မှုကို တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်နှင့် ဆန်ဆိုင်း(က)ရပ်ကွက်တို့၌ အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် အမျိုးသား နှစ်ဦး သေးဆုံးပြီး ထိုင်းနိုင်ငံသာ တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက် နံနက် ၁ နာရီက တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ရွာနှင့် မယ်ခေါင်ရပ်ကွက်သွား ကွန်ကရစ်တံတား အနီး လမ်းမပေါ် ဖြစ်ပွားမှုတွင် အိုက်လုံ(၃၁ နှစ်)မောင်းနှင်လာသော နံပါတ်မပါ Wave-S ဆိုင်ကယ်ဟာ တော်ကော့(တွင်း)ရွာဘက်မှ ရွှေမြေသာယာ ဈေးဘက်သို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် တာချီလိတ်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါတယ်။

နံနက် ၁ နာရီ ၅၀ မိနစ်အချိန် တာချီလိတ်မြို့၊ ဆန် ဆိုင်း(က)ရပ်ကွက်၊ နှင်းဆီးရွှေဆိုင်အနီး၊ ဗိုလ်ချုပ်လမ်းမပေါ် ဖြစ်ပွားမှုတွင် ဆန်ဆိုင်း(၄)လမ်း သွယ်အတွင်းမှ ဗိုလ်ချုပ်လမ်းမပေါ်သို့ ချိုးကွေ့ပြီး ပုံလို့လမ်းဘက်သို့ အမည်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)မောင်းနှင်လာသော မော်တော်ယာဉ်ဟာ အခင်းဖြစ်နေရာ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ပုံလို့လမ်းဆုံဘက်မှ အားကစားရုံမီးပွိုင့်ဘက်သို့ စိုင်းဆွမ်ဆိုင်း(၂၁ နှစ်) မောင်းနှင်ပြီး နောက်တွင် ထိုင်းနိုင်ငံသား Mr.Chanakan Saentar (၂၅ နှစ်) လိုက်ပါ စီးနင်လာသော နံပါတ်မပါ CBR ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ပြီး ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနှင်သူ စိုင်းဆွမ်ဆိုင်း(၂၁ နှစ်)၊ မယ်ယန်းရွာ၊ ဖန်မင်အုပ် စု၊ တာချီလိတ်မြို့နေသူ သေဆုံးခဲ့ပြီး ထိုင်းနိုင်ငံသား Mr.Chanakan Saentar ၊ မယ်ဆိုင်မြို့၊ ထိုင်းနိုင်ငံနေသူသည် သတိလစ်လျက် ဒဏ်ရာများ ရရှိသဖြင့် အတွင်းလူနာအဖြစ် တာချီလိတ်ပြည် သူ့ဆေးရုံ၌ ကုသလျက်ရှိပါတယ်။

အမှုမှ ဆိုင်ကယ်အား အရှိန်ပြင်းစွာ မောင်းနှင်တိမ်းမှောက် သေဆုံးခြင်းနှင် မော်တော်ယာဉ်အား အရှိန်ပြင်စွာ မောင်းနှင်၍ ဆိုင်ကယ် အား တိုက်မိပြီး အခြားသူများကို ဒဏ်ရာရရှိသေဆုံးအောင် မောင်းနှင် ထွက်ပြေးသွားသူကို တာချီလိတ်မြို့မရဲစခန်းက စုံစမ်းဖော်ထုတ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

မောင်မောင်(တခလ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

တစ်ရွာတည်းသားချင်း ရန်ညှိုးရန်စဖြင့် နေအိမ်အတွင်း ဓါးဖြင့်ခုတ်၊ တူးမီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား


တာချီလိတ် အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာ၌ ယခင် ရန်ညှိုးရန်စဖြင့် နေအိမ်အတွင်း ဓါးဖြင့်ခုတ် တူမီးသေနတ်ဖြင့် ပစ်ခတ်မှု အောက်တိုဘာ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီတွင် ဒေါ်ဘူးရီ(၅၀ နှစ်)သည် တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာရှိ တောင်ယာတောတွင် ရှိနေစဉ် အားကြူဆိုသူ ရောက် လာပြီး ခင်းပွန်းဖြစ်သူ အားရှော (၅၀ နှစ်)ကို တစ်ရွာတည်းနေ ကေမီး (အမျိုးသား)မှ နေအိမ်ထဲဝင်ပြီး ဓါးဖြင့်ခုတ်၊ တူ မီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် အားရှော၏ ဦးခေါင်းငယ် ထိပ်၊ နားရွက်နှင့် မေးစေ့တို့တွင် တူမီးသေနတ် ကျည်ဖောက်ဝင် ဒဏ်ရာ(စိုးရိမ်ရ)များ ရရှိ ခဲ့ကြောင်း၊ ရွာသူကြီးဖြစ်သူ အားကာနှင့် သမက်ဖြစ်သူ မိုးဆွေတို့က ဒဏ် ရာရရှိသူ အားရှောအား တာချီလိတ်ပြည် သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကု ပေးခဲ့ပါတယ်။

အမှုမှ ဓါးဖြင့်ခုတ်၊ သေနတ်ဖြင့် ပစ်ခတ်သူ ကေမီး(၅၅ နှစ်)၊ ဂျော ပကျေးရွာ၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

မောင်မောင်(တခလ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

မိုးညှင်းတွင် ဆိုင်ကယ်နှင့် ယာဉ်တိုက်မိ ဆိုင်ကယ်မောင်းသေဆုံး


မိုးညှင်း အောက်တိုဘာ ၃၁

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ဆိုင်ကယ်စီးနင်းလာသူတစ်ဦးမှ အရှိန်မထိန်းနှိုင်ဘဲ တပ်မတော်ယာဉ်တန်း၏ ရှေ့ဆုံးမော်တော် ယာဉ်အားတိုက်မိခဲ့ရာမှဆိုင်ကယ်မောင်းနှင်သူသေဆုံးခဲ့သဖြင့်
ဆိုင်ကယ်အားမဆင်မခြင်စီးနင်းသူအားဥပဒေအရအရေးယူထားခဲ့ကြောင်းသိရသည်။

ဖြစ်ပွားပုံမှာ အောက်တိုဘာ ၃၀ရက် နေ့လည်၁ နာရီခွဲအချိန်က အမှတ်(၁၀၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှဒုရဲအုပ်အောင်လင်းသည် တာဝန်ဆောင် ရွက်နေစဉ်မိုးညှင်းမြို့သာစည်ရပ်ကွက်နှင့်နားခါ မြောက်ရပ်ကွက် ရထားလမ်းဆုံတွင်ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရသက်သေများနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာဆိုင်ကာယ်ယာဉ်မောင်း ဦးချိုသည် CZI 125 အစိမ်းရောင် ဆိုင်ကယ်ကို ပြည်ထောင်စုလမ်းမကြီးအတိုင်းသာစည်ရပ်ကွက်မှ နားခါမြောက်ရပ်ကွက်ဘက်သို့ မောင်းနှင်လာစဉ်ရထားလမ်း အကူးတွင် အရှိန်မထိန်းနိုင်သဖြင့် မျက်နှာချင်းဆိုင်မှလာသော တပ်သားဇင်မင်းထွန်းမောင်းနှင်လာသည့် (ထပရ/၇၂၇)တပ်မတော် ယာဉ်တန်း၏ရှေ့ ဆုံးယာဉ်(ဗ/၆၉၂၇) ဒေါင်ဖန်းအမျိုးအစား အစိမ်းရောင်ယာဉ်၏ဝဲဘက် ဘန်ကာအားဝင်ရောက် တိုက်မိခဲ့သသည် ။

ထိုသို့တိုက်မိခဲ့သဖြင့်ဆိုင်ကယ်မှာကား၏ဝဲဘက်ရှေ့ ဘီးနှင့်ကြိတ်မိ ကာဦးချိုသန်းမှာလွင့်စင်သွားပြီး ဦးခေါင်းယာဘက်ပေါက်ပြဲဒဏ်ရာ နှင့်ဝဲဘက်ခါးတွင်ပွန်းခြစ်ဒဏ်ရာများရရှိခဲ့သဖြင့်မိုးညှင်းခရိုင်ဆေးရုံကြီးတွင် တင်ပို့ကုသစဉ် ရရှိသော ဒဏ်ရာဖြင့်သေဆုံးသွားခဲ့သဖြင့် ဒုရဲအုပ်အောင်လင်းမှတရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့သည်။

ထို့ ကြောင့်မော်တော်ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင် သူဦးချိုသန်း(၆၃)နှစ် အရှေ့ စုရပ်ကွက် (၂)လမ်း မိုးညှင်းမြို့နေထိုင် သူအား မိုးညှင်းမြို့မရဲစခန်းမှ အမှုရးဖွင့်ခဲ့ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

တနင်္သာရီမြို့နယ်သဲဖြူကျေးရွာအနီးတွင်ကျောက်မိုင်း လုပ်သားချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား


တနင်္သာရီ အောက်တိုဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ သိန်ခွန်း ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာအနီးရှိကျောက်မိုင်းတွင် အောက်တို ဘာ ၃၀ရက် ည ၈နာရီအချိန်ခန့်က ကျောက်မိုင်းလုပ်သားချင်း စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု သဲဖြူကျေးရွာအနီး ဦးနေမျိုးအောင်ပိုင်ဆိုင်သည့်ကျောက်မိုင်းတွင်အောက်တိုဘာ ၃၀ ရက်ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်စောလူမင်း(ခ)ကျော်ခိုင်(၃၉)နှစ်၊ ကျောက်မိုင်းလုပ်သား နယ်မြေ(၁၃) ကျွန်းသာယာရပ်ကွက် ပဲခူးမြို့နေသူနှင့် မဲကြီး(၃၅)နှစ်ခန့် ကျောက်မိုင်း လုပ်သား၊ ဖြူးမြို့နယ် ပဲခူးတိုင်းဒေသကြီးနေသူတို့ (၂)ဦးသည် ကျောက်မိုင်းတွင် အရက် အတူတူသောက်စားပြီး မဲကြီးမှစောလူမင်း(ခ)ကျော်ခိုင်အား နောက်ထပ်BEအရက်(၁)လုံးအား ထပ်တိုက်ရန်ပြောသဖြင့် စောလူးမင်း(ခ)ကျော်ခိုင်မှ မင်းများနေပြီး မသောက်နဲ့တော့ဟုပြောဆို၍ ကျောက်လုပ်ကွက်သို့ ည၈နာရီအချိန်ခန့်တွင် တစ်ယောက်တည်းထွက်ခွာခဲ့ရာ ၎င်းနောက်မှမဲကြီးမှ စောလူမင်း(ခ)ကျော်ခိုင် နောက်သို့တူကိုင်၍လိုက်လာပြီး ငါကိုမကျေနပ် လို့လားဟုပြောဆို၍စောလူမင်း(ခ)ကျော်ခိုင်အားကျောက်ခဲဖြင့်ပစ်ပေါက်ခဲ့ရာစောလူမင်း(ခ)ကျော်ခိုင်မှရှောင်လိုက်သဖြင့် လူ အား မထိဘဲခေါင်းစွပ်ဓာတ်မီးအားထိမိ၍ ခေါင်းစွပ်ဓာတ်မီး ကွဲသွားကြောင်း၊ စောလူမင်း(ခ)ကျော်ခိုင်မှမဲကြီးအားမင်းငါကိုတကယ်ထုတာဟုပြောဆိုနေစဉ်မဲကြီးမှ၎င်းလက်ထဲတွင် အသင့်ကိုင်ဆောင်ထားသောတူဖြင့် စောလူမင်း(ခ)ကျော်ခိုင်အားထုရန်ချိန်ရွယ်နေစဉ် စောလူမင်း(ခ)ကျော်ခိုင်မှ ၎င်းလက်တွင် အသင့်ကိုင်ဆောင်ထားသည့် (၁၄)ပေါင်တူလက်ကိုင်ရိုးဖြင့် မဲကြီး၏ဇက်ပိုးအား(၁)ချက်ထုစဉ်မဲကြီးမှာမှောက်ခုံလဲကျသွားခဲ့ပြီးပြန်လည် ကုန်းထလာစဉ် နောက်တစ်ချက် တူဖြင့်မဲကြီး၏ ဦးခေါင်းအား ထုရာထပ်မံလဲကျသွားခဲ့ကြောင်းl ၎င်းနောက်စောလူမင်း(ခ)ကျော်ခိုင်မှ ကျောက်မိုင်းရှိတဲ့သို့ ပြန်လာခဲ့ပြီးတဲ တွင်မနေရဲသောကြောင့် ကျောက်မိုင်းမှ တနင်္သာရီမြို့ဘက်သို့ ကားလမ်းမကြီးအတိုင်း ထွက်လာခဲ့ရာ အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သဲဖြူကျေးရွာအရောက်တွင်ရဲအုပ် ဝင်းလှိုင်နှင့် အဖွဲ့တို့နှင့်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ဦးခေါင်းနှောက်စေ့ပေါက်ပြဲ ဒဏ်ရာ(၁)ချက်l ဝဲဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည့်မဲကြီး၏အလောင်းအား တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍မဲကြီးအား တူဖြင့်ထုရိုက်သတ်သူ စောလူမင်း(ခ)ကျော်ခိုင်အား မောတောင်နယ်မြေရဲစခန်းမှအမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

Great Well ဖိနပ်စက်ရုံကိစ္စ ၃ ပွင့်ဆိုင်တွေ့ဆုံပွဲ အလုပ်ရှင်ပျက်ကွက်

လုပ်ခလစာနဲ့ နစ်နာကြေးမရဘဲ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂရိတ်ဝဲလ် ဖိနပ်စက်ရုံ အလုပ်သမားတွေကို ၂၀၁၈၊ အောက်တိုဘာ ၂၂ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ တွေ့ရစဉ်
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ Great Well ဖိနပ်စက်ရုံက ဆန္ဒပြနေတဲ့ အလုပ်သမားတွေအရေး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ ချိန်းဆိုထားရာမှာ အလုပ်ရှင်ဘက်ကမလာတဲ့အတွက် ပြေလည်မှုမရခဲ့ဘဲ မနက်ဖြန်မှာ ဆက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Great Well ဖိနပ်စက်ရုံက အလုပ်သမား ၇၆ ဦးကို လုပ်ခလစာနဲ့ နစ်နာကြေး မပေးဘဲ အလုပ်ထုတ်ခံလိုက်ရတဲ့ အတွက် အလုပ်သမားတွေဟာ စက်ရုံရှေ့နဲ့ တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့တာကြောင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုထားတာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာ ချိန်းဆိုထားတဲ့ ဒီနေ့ ဆွေးနွေးပွဲကို အလုပ်ရှင်မလာတဲ့အတွက် ညှိနှိုင်းမှုမှာ ပြေလည်မှုမရဘဲ မနက်ဖြန်မှာ ထပ်မံဆွေးနွေးဖို့ ချိန်းဆိုထားတာလို့ အလုပ်သမားခေါင်းဆောင် ကိုဇော်မင်းသိန်းက ပြောပါတယ်။

အလုပ်ရှင်ကတော့ နိုင်ငံခြားခရီးလွန်နေတဲ့အတွက် ညှိနှိုင်းဆွေးနွေးပွဲကို လာရောက်နိုင်ခြင်း မရှိတာဖြစ်ကြောင်းနဲ့ မနက်ဖြန်မှာ ဖုန်းနဲ့ဆက်သွယ်ပြီး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ရွှေလင်ဗန်းစက်မှုဇုန် တာဝန်ခံကပြော ကြားကြောင်း ကိုဇော်မင်းသိန်းက RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီ စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး ၂၀၀၇ ခုနှစ်လောက်က စက်ရုံစတင်တည်ထောင်ခဲ့ရာမှာ ဥရောပနိုင်ငံတွေကို ဖိနပ်တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ထုတ်ခံရသူတွေဟာ တစ်လကို လစာ တစ်သိန်းခွဲကနေ နှစ်သိန်း အထိ ရရှိသူတွေဖြစ်ပြီး အများစုက ဧရာဝတီတိုင်းအပါအ၀င် တခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ရန်ကုန်မြို့ကို ပြောင်းရွေ့လာရောက် လုပ်ကိုင်နေ သူတွေလို့ သိရပါတယ်။

RFA Burmese
https://www.rfa.org

စစ်တွေမြို့ပေါ်အနှံ့ လုံခြုံရေးကင်မရာတွေ တပ်ဆင်မည်

စစ်တွေမြို့ အဝင်ဝကို တွေ့ရစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ လုံခြုံရေးအတွက် မြန်မာငွေကျပ် သန်းပေါင်း ၁၂၀၀ လောက် အသုံးပြုပြီး စောင့်ကြည့်ကင်မရာတွေကို နေရာအနှံ့မှာ တပ်ဆင်သွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ပြောပါတယ်။

အဲဒီစီမံချက်ကို အကောင်အထည်ဖော်ဖို့ တရုတ် ဟွာဝေးကုမ္ပဏီနဲ့ သဘောတူထားပြီး လုပ်ငန်းတွေကို မကြာခင် ကာလအတွင်းမှာပဲ စတင်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေ နေအိမ်ရှေ့ အပါအဝင် နေရာသုံးခုမှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲခဲ့သလို ပြီးခဲ့တဲ့လကလည်း စရဖ တပ်ကြပ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေနဲ့ အခြားမှုခင်းတွေကို အချိန်မီဖော်ထုတ်နိုင်ခြင်းမရှိခဲ့အတွက် လုံခြုံရေး စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

လုံခြုံရေးစောင့်ကြည့်ကင်မရာတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org

ရေနီစက္ကူစက်ရုံသွားသည့် ကွန်ကရစ်ကားလမ်းဘေး၌ အမျိုးသမီး တစ်ဦးဒဏ်ရာများဖြင့်တွေ့ရှိရပြီး ဆေးရုံ အရောက်တွင်သေဆုံး


ရေတာရှည် အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သရက်ကုန်းကျေးရွာနှင့် ဆပ်သေ(မြောက်)ကျေးရွာ အကြား၊ ရန်ကုန်-မန္တလေးကားလမ်းမှ ရေနီစက္ကူစက်ရုံသို့သွားသည့် ကွန်ကရစ်ကားလမ်းမြောက်ဘက် ဘေး တွင် အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၅ နာရီအချိန် အမျိုးသမီးတစ်ဦး ထိုးသွင်းဓါးဒါဏ်ရာဖြင့် လဲကျနေပြီး မြို့လှမြို့ တိုက်နယ်ဆေးရုံသို့တင်ပို့စဉ် နာရီဝက်အကြာ၌ ရရှိသော ဒဏ်ရာများဖြင့် သေဆုံး သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုဖြစ်စဉ်အား တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းနှင့် မှုခင်းအကူဌာနစိတ်မှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူး မောင်မောင်ဦး ၊ ရေနီနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် ကျော်ဇေယျာမင်း အဖွဲ့ကစစ်ဆေးဆောင်ရွက်ခဲ့ရာ ဓားဒဏ်ရာဖြင့် သေဆုံးသူမှာ သာဂရ မြို့၊ အင်ဒိုင်းကျေးရွာနေ မပိုးပိုး(ခ) မစောသန္တာလွင်(၃၆)နှစ်ဖြစ်ပြီး ဝဲဘက်နံဘေးထိုးသွင်းဒဏ်ရာ၊ တစ်ချက်၊ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာ(၃)ချက်ရရှိကာ ဆေးရုံအရောက်၌သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ သေဆုံးသူ မပိုးပိုး(ခ)မစောသန္တာလွင် နှင့်အခြားသော ရေနီမြို့နေ အမျိုးသမီး အချို့သည် ရန်ကုန်-မန္တလေးကားလမ်းတွင် မောင်းနှင်သည့် ကုန်တင်ယာဉ်ကြီးများအား တားကာ ပြည့်တန်ဆာ ကိစ္စအလိုငှာ လုပ်ကိုင်နေကြသူများဖြစ်ကာ အမှုမှန် ဖော်ထုတ်နိုင်ရေးအတွက် ရေနီနယ်မြေ ရဲစခန်းက (ပ)၆၅/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့်အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ နိုင်ရန် ဆက်လက်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
https://www.facebook.com/MYANMAALINNNEWS/

ဘားအံမြို့တွင် အမျိုးသားနှစ်ဦးထံမှ ပစ္စတိုသေနတ်အစိတ် အပိုင်းများနှင့် ကျည်တစ်တောင့်အပါအဝင် WYစိတ်ကြွ ဆေးပြားများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ဘားအံ အောက်တိုဘာ ၃၁

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးရာ အမျိုးသား နှစ်ဦးထံမှ တစ်စစီဖြုတ်ထားသည့် ပစ္စတိုသေနတ်၏အစိတ် အပိုင်းများနှင့် ဒဿ မ ၃၂ ကျည်တစ်တောင့်၊ ဓါးမြှောင်တစ်ချောင်း၊ အသုံးပြုသည့်ယာဉ်တစ်စီးအပါအဝင်WYစိတ်ကြွဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၀ ရက် ညနေ ၄နာရီ၅မိနစ်အချိန်ခန့် ဘားအံခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ ဘားအံမြို့၊ အမှတ်(၄) ရပ်ကွက်၊ ကမ်းနားလမ်းတွင် ရပ်ထားသော 9A/----နံပါတ်တပ် TOYOTA CORONA အမျိုးအစား ခဲမဲရောင်ယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင် စိုးပိုင်(ခ) ဝင်းပိုင်ကိုတွေ့ရှိရပြီး ၎င်းနှင့်အတူ ယာဉ်အတွင်းမှ ပစ္စတိုသေနတ် အစိတ်အပိုင်းများ ဖြစ်သောအရှည် (၇)လက်ခန့် သေနတ်ပြောင်း ကာတစ်ခု၊ အရှည်(၅)လက်မခန့် သေနတ်ပြောင်းတစ်ခု၊ အရှည်(၆)လက်မခန့် ခလုတ်ကွင်းကာပါ သေနတ်လက်ကိုင် တစ်ခု၊အရိုးအသွား (၁၀)လက်မခွဲခန့်ရှိသော ဓါးဦးချွန်တစ်ချောင်း၊ ယာဉ်သက်သေခံလက်မှတ်တစ်ခု၊ စစ်စိမ်းရောင်အင်္ကျီတစ်ထည်၊ အဖွဲ့အစည်းတစ်ခု၏ ဘက်တံဆိပ်သုံးခု၊ ပျောက်ကြားဦးထုပ် တစ်လုံး၊ဆင်းကတ်ပါ လက်ကိုင်ဖုန်းတစ်လုံး၊WYစိတ်ကြွ ဆေးပြား(၁၂၆)ပြား အလေးချိန် (၁၂.၆)ဂရမ်နှင့်ဆေးရှူရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီးစစ်ဆေးပေါ်ပေါက်ချက်အရ တစ်ဆင့်ရောင်းချပေးခဲ့သူ အောင်စိုးကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သရဖီလမ်းနှင့် သရဖီလမ်းသွယ်ထောင့်တွင် ည ၈နာရီ မိနစ်၂၀အချိန် မူးယစ်ဆေးဝါးလာရောက်ပို့ဆောင်စဉ်က အသုံးပြုခဲ့သော နံပါတ်မပါ KAWASAKI အမျိုးအစား အပြာ/အမဲ/အစိမ်းရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်အား ဆက်လက် ရှာဖွေရာတွင် မူးယစ်ဆေးဝါးတစ်စုံတစ်ရာမတွေ့ရှိကြောင်း သိရသည်။

ထို့ကြောင့် စိုးပိုင်(ခ)ဝင်းပိုင်၊ (၄၈-နှစ်)၊ကမ်းနားလမ်း၊ အမှတ်(၄) ရပ်ကွက်၊ ဘားအံမြို့နေသူနှင့် အောင်စိုး၊ (၄၈-နှစ်)သရဖီလမ်းသွယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့နေသူတို့နှစ်ဦးအား ဘားအံမြို့မ ရဲစခန်းတွင် မယ(ပ) ၄၀/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)
https://www.facebook.com/MYANMAALINNNEWS/

မောင်တောခရိုင်မှ ဘူးသီးတောင်မြို့ လျှပ်စစ်မီး၂၄နာရီရရှိပြီ

ဓာတ်ပုံ - ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

စစ်တွေ၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ်၊ အနောက်ဘက်အစွန်ဆုံး မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီ စတင်ရရှိနေပြီဟု မြို့ခံများက ပြောသည်။

ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်များသို့ အောက်တိုဘာလ ၃ဝ ရက်နေ့၊ ညနေပိုင်းမှစတင်ကာ မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီ စတင်ထုတ်လွှတ်ပေးနေခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမိုးသူရ နိရဉ္စရာသို့ အတည်ပြုပြောသည်။

"မနေ့က ညနေပိုင်းကနေ စပြီး ထုတ်လွှတ်ပေးနေတာပါ။ တစ်မြို့လုံး မီးရနေပါပြီ"ဟု ဦးမိုးသူရက ပြောသည်။

ဓာတ်ပုံ - ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
ဘူးသီးတောင်မြို့ပေါ်ရှိ ရပ်ကွက် (၇)ခုစလုံး လျှပ်စစ်မီးရရှိနေခြင်းဖြစ်ကြောင်းလည်း မြို့ခံများက ပြောသည်။

"မနေ့က ညနေ ၆ နာရီလောက်ကနေ မီးရနေတာဖြစ်ပါတယ်။ မီးသုံးရတာလည်း အဆင်ပြေပါတယ်။ အခုလို မီးရလာတော့ ကျနော်တို့ စိတ်လည်း ချမ်းသာတယ်။ ဒေသလည်း အရင်ကထက် ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်"ဟု ဘူးသီးတောင်မြို့ဒေသခံ ဦးအဖြူမောင်က နိရဉ္စရာသို့ပြောသည်။

မြို့ပေါ်ရပ်ကွက်များအပြင် မြို့နယ်တွင်းရှိ ကျေးရွာများလည်း လျှပ်စစ်မီး ၂၄ နာရီရရှိခြင်း ရှိ/မရှိနှင့် မီတာအလုံးရေ မည်မျှကို လျှပ်စစ်မီးပေးထားသည်ဆိုသည်ကို အသေးစိတ်မေးလိုသော်လည်း ဘူးသီးတောင်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမိုးသူရ အစည်းအဝေးတက်နေရသည်ဟုဆိုကာ မေးမြန်းခွင့်မရခဲ့ပါ။

ရခိုင်ပြည်နယ်တွင် မောင်တောနှင့် မာန်အောင်မြို့များမှအပ ကျန်မြို့များတွင် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara-151742128171206/

ယီမန်နိုင်ငံတွင်း အပစ်ရပ်ကြဖို့ ကန် တိုက်တွန်း


ယီမင်နိုင်ငံမှာ ၃ နှစ်ကျော်ကြာ တိုက်ခိုက်မှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရေရှည် အဖြေရှာနိုင်ရေး ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံတဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ဆွီဒင်နိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အားလုံးက အပစ်အခတ်ရပ်စဲပြီး၊ ပါဝင်တာကို မြင်တွေ့လိုတဲ့အကြောင်းနဲ့ ရက်ပေါင်း ၃၀ အချိန်ရတဲ့ အကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis က ပြောဆိုလိုက်တာပါ။

သက်ဆိုင်သူတွေအားလုံး အပစ်အခတ် ရပ်စဲပြီး၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Martin Griffiths နဲ့ တွေ့ဆုံဖို့ မနေ့တုန်းက ၀ါရှင်တန်မှာ ၀န်ကြီး Mattis က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတွေကို အားပေးဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဦးတည်စေဖို့ အပစ်အခတ်ရပ်စဲကြဖို့လည်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

ယီမင်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ နယ်စပ်ဒေသတွေမှာ စစ်မဲ့ဇုန်တွေ ဖန်တီးဖို့၊ လက်နက်ကြီးတွေကို နိုင်ငံတကာရဲ့ ကြီးကြပ်မှုအောက်မှာ ထားရှိဖို့တွေအတွက် ယုံကြည်မှုတည်ဆောက်နိုင်အောင် ရှေ့လထဲ တတိယနိုင်ငံတခုမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယီမင်အစိုးရ ရုံးစိုက်ရာ မြို့တော်အပါအ၀င် နိုင်ငံရဲ့ နေရာတော်တော်များများကို အီရန်က အားပေးထောက်ခံထားတဲ့ Houthi သူပုန်တွေက သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းကစလို့ယီမင်နိုင်ငံ ပဋိပက္ခမှာ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ သြဇာသက်ရောက်မှုတွေလည်း လွှမ်းမိုးနေတာပါ။ ယီမင်သမ္မတ Abdu Rabu Mansour Hadi ကို အားပေးထောက်ခံတဲ့ အနေနဲ့ Houthi သူပုန်တွေကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ၂၀၁၅ ခုနှစ် မတ်လထဲမှာ လေကြောင်းကနေ ထိုးစစ်ဆင်ခဲ့သလို၊ ထောင်နဲ့ချီတဲ့ တပ်တွေပို့ခဲ့တာ အပါအ၀င် စစ်ရေးအရ ကူညီမှုတွေလည်း ရှိခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

ပျက်ကျသွားတဲ့ အင်ဒိုလေယာဉ်ပျက်ရှိရာနေရာ ရှာတွေ့


အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာကနေ တနလာင်္နေ့ မနက်ပိုင်းမှာ ပျံတက်သွားပြီးနောက် မိနစ်ပိုင်း အကြာမှာ ပင်လယ်ထဲ ပျက်ကျခဲ့တဲ့ လေယာဉ် ရှိရာနေရာကို ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့တွေ တွေ့ရှိထားပြီလို့ ယူဆရပါတယ်။

Bangka – Belitung ကျွန်းကို ပျံသန်းစဉ် ရေဒါကနေ ပျောက်သွားခဲ့တဲ့ Lion Air လေကြောင်းလိုင်းရဲ့ လေယာဉ်အမှတ် JT610 ရှိနေတဲ့ နေရာကို အတိအကျ ရထားပြီလို့ အခိုင်အမာ ယုံကြည်ထားကြောင်း စစ်တပ် အကြီးအကဲ Hadi Tjahjanto က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။ ၂၂ မီတာ ရှည်တဲ့ အရာဝတ္ထု တခုကို အင်္ဂါနေ့ ညက ရှာဖွေ တွေ့ရှိကြောင်း ရေတပ် အရာရှိ Haris Djoko Nugroho က အင်ဒိုနီးရှား ရုပ်သံကို ပြောဆိုထားပါတယ်။

ပင်လယ်ကြမ်းပြင် ဧရိယာ အကျယ်ကြီးရဲ့ ပုံရိပ်ကို ရယူနိုင်တဲ့ Scan Sonar နဲ့ အသေးစိတ် ပုံရိပ်တွေ ရယူပြီးရင်တော့ ဒီအရာဝတ္ထုကို စစ်ဆေးဖို့ အတွက် ရေငုပ်သမားတွေ စေလွှတ်မယ်လို့လည်း ရေတပ် အရာရှိ Nugroho က ပြောဆိုသွားပါတယ်။ လေယာဉ်ပျက်ရှိရာကို ရှာဖွေနိုင်ခဲ့တာဟာဆိုရင် Black Box လို့ ခေါ်တဲ့ လေယာဉ် ပျံသန်းမှု မှတ်တမ်းတွေ၊ လေယာဉ်မှူးရဲ့ အသံဖမ်းစက်တို့ကို ရယူနိုင်ဖို့ ရှာဖွေရေး အဖွဲ့ အတွက် ပိုပြီး နီးစပ်လာစေတာ ဖြစ်ပါတယ်။ လေယာဉ်ပျံတက်ပြီး မကြာခင်မှာဘဲ လေယာဉ်မှူးက လေဆိပ်မှာ ပြန်ပြီး ဆင်းသက်ဖို့ ဘာကြောင့် ပြောခဲ့သလဲ ဆိုတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို Black Box ကနေ ရရှိမှာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှု အတွင်း လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၁၈၉ ဦး စလုံး သေဆုံးခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

ပြင်ဦးလွင်မြို့က သိမ်းဆည်းမြေဧက ၄၈၀၀ နီးပါးကို တောင်သူတွေကို ပြန်ပေး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က သိမ်းဆည်းမြေဧက ၄၈၀၀ နီးပါးကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်သူတွေထံကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့စဉ်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က သိမ်းဆည်းမြေဧက ၄၈၀၀ နီးပါးကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်သူတွေထံကို ဒီကနေ့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောပါတယ်။

အဲဒီလွှဲပြောင်းပေးအပ်ပွဲကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

၁၉၉၅- ၉၆ ခုနှစ်လောက်မှာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအောက် သမ၀ါယမဦးစီးဌာနက ကြက်ဆူ ပင်စိုက်ပျိုးရေးအတွက် မြေဧက ၄၅၀၀ ကျော် သိမ်းယူခဲ့တဲ့ထဲက မြေဧက ၄၅၀၀ ကို ပြန်ပေးတာဖြစ် ပါတယ်။

ဒါ့အပြင် ၁၉၉၆-၉၇ ခုနှစ်လောက်မှာ မီးသတ်ဦးစီးဌာနက မီးသတ်သင်တန်းကျောင်းအတွက် မြေဧက ၈၅၀ ကျော်ကို သိမ်းယူခဲ့ပြီး အဲဒီထဲက စီမံကိန်းအတွက် အသုံးမပြုတော့တဲ့ မြေဧက ၂၉၀ ကျော်ကို ပြန်ပေးခဲ့ရာမှာ ဆည်မြောင်း ၀န်ကြီးဌာနက စွန့်လွှတ်မြေတွေကို ကျေးရွာအုပ်စု ၆ ခုက တောင်သူ ၈၇၀ ကျော်ကို ပြန်ပေးခဲ့ပြီး မီးသတ်ဌာနက သိမ်းထားတဲ့ မြေတွေကို တောင်သူ ၆၁ ယောက်ဆီကို ပြန်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီသိမ်းဆည်းထားတဲ့ မြေတွေထဲမှာ မူလပိုင်ရှင်၊ လက်ရှိလုပ်ကိုင်သူ၊ ကျုးကျော်လုပ်ကိုင်သူတွေ ရှိနေတာကြောင့် မြေယာစိစစ်တာတွေကို ၂ နှစ်လောက်အချိန်ယူ လုပ်ခဲ့ပြီးမှ အခုလိုပြန်ပေးနိုင်တာလို့ ဦးအောင်မင်းက ပြောပါတယ်။

RFA Burmese
https://www.rfa.org

ရခိုင်မှာ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မဒဲကျွန်းဆိပ်ကမ်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မယ့် မြေနေရာနဲ့ သဘာဝဓာတ်ငွေ့စခန်း(OGT)ကို ကြည့်ရှုစစ်ဆေးစဉ်

ရခိုင်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း ၂၇ ခုရှိပြီး စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ စစ်တွေဟိုတယ်မှာပြုလုပ်တဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထူးမင်းသိန်း က ပြောတာဖြစ်ပါတယ်။

ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပေါင်း ၂၁ ခုရှိရာမှာ အများဆုံးက ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ အုန်းသီးကနေ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်မယ့် စက်ရုံတစ်ခုကို ဖွင့်လှစ်ဖို့ ပြည်တွင်းကုမ္ပဏီတစ်ခုကို မကြာသေးခင်က ခွင့်ပြုလိုက်တယ်လို့ ဒေါက်တာထူးမင်းသိန်း က ပြောခဲ့ပါတယ်။

ခွင့်ပြုပေးလိုက်တဲ့လုပ်ငန်းအတွက် လိုအပ်တဲ့ကုန်းကြမ်းတွေအပေါ် အခြေခံပြီး ဒေသခံတွေအတွက် အကျိုးအမြတ်တွေရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာရေးအတွက် နိုင်ငံခြားသံရုံးတွေအပြင် တစ်နိုင်ငံလုံးက လုပ်ငန်းရှင်တွေကိုဖိတ်ခေါ်ပြီး ဆွေးနွေးပွဲတစ်ခုကို လာမယ့်နှစ်ဖေဖော်ဝါရီလမှာ ငပလီမှာပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org

လားရှိုးရောက် စစ်ဘေးရှောင် အရေအတွက် တိုးလာ

လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်မှာ လာရောက်စစ်ဘေးရှောင်နေတဲ့ သားအမိ
လာရှိုးမြို့ကို ထွက်ပြေးခိုလှုံလာနေတဲ့ စစ်ဘေးရှောင် အရေအတွက်က တိုးလာနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ ရှမ်းပြည်နယ် မြောက်ပိုင်း မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA တပ်တွေနဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တပ်ပေါင်းစုတို့ ကြားမှာ တဖက်နဲ့ တဖက် ပစ်ခတ်တာတွေကြောင့် အနီးအနား ပတ်ဝန်းကျင်က ရွာသူ ရွာသားတွေဟာ လားရှိုးမြို့ပေါ်က စစ်ဘေးရှောင်စခန်းနဲ့ ဘုရားကျောင်းတွေမှာ တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

တဖက်နဲ့ တဖက် ပစ်ခတ်မှုတွေ စဖြစ်ခဲ့တဲ့ နမ္မတူမြို့နားကနေ အခုနောက်ပိုင်း လားရှိုးမြို့နဲ့ ၁၃ မိုင်လောက်ဝေးတဲ့ အီနိုင်းရွာ အုပ်စု ပန်ဟုန်း၊ ကုလား၊ မန်ပိန်းနဲ့ နန်းဟာ ရွာတွေနားမှာ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပါတယ်။

ပစ်ခတ်မှုတွေနဲ့ အနီးရွာကတော့အီနိုင်းရွာဖြစ်ပြီး ပန်ဆာ၊ နန်ဆန်နဲ့ အီနှိုင်း ရွာတွေအထိ သေနတ်ပစ်ခတ်သံတွေ လက်နက်ငယ်သံတွေ ကြားရတာကြောင့် အီနှိုင်းရွာကနေ တဆင့် ပလောင် လီဆူး ကချင် တိုင်းရင်းသားတွေဟာ လားရှိုးမြို့ပေါ်ကို ပြောင်းရွှေ့လာရပါတယ်။

အခုလတ်တလော အနေနဲ့ လားရှိုးမြို့ပေါ်မှာ အနီးအနားဝန်းကျင်က ရွာတွေက ရွာသားတွေ ထောင်နဲ့ ချီ ပြောင်းရွှေ့လာပြီး လားရှိုး ရပ်ကွက် (၉) မှာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်းမှာတော့ ဒုက္ခသည် ၂၀၀ ပတ်ဝန်းကျင်လောက် ရှိနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းက သင်းအုပ်ဆရာ ဦးဇောင်ဘောင်း က ဘီဘီစီကို ပြောပါတယ်။

ညတွင်းချင်း ရှောင်ပြေးလာရတဲ့ အတွက် ရွာသားတချို့က ဘာပစ္စည်းမှ မယူနိုင်ဘဲ ထွက်ပြေးလာရကြောင်းနဲ့ ဒီလို ထွက်ပြေးလာတုန်းမှာ ကျွဲနွား ဝက်တွေ ရွာထဲ ထားခဲ့ရပြီး ငြိမ်သက်ချိန်မှာတော့ ရွာကို အမျိုးသမီးတချို့နဲ့ ရွာသားတချို့ သွားလာပြီးတော့ ပစ္စည်းတွေ ပြန်ကြည့်နေရတယ်လို့ တိုက်ပွဲရှောင် စခန်းက လူတွေက ပြောပါတယ်။

စစ်ဘေးကို ရှောင်တိမ်းနေရတဲ့ အရပ်သား မိသားစု
ဒီလို ထွက်ပြေးလာသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အများဆုံးပါဝင်ပြီးတော့ အရင်တုန်းက ဒီနေရာတွေမှာ တခါမှ မဖြစ်ဘူးတဲ့အတွက် ရွာသူရွာသားတွေအနေနဲ့ အချိန်ကြာကြာ ဒီလို တိုက်ပွဲတွေ ဖြစ်နေမှာကို စိုးရိမ်နေတယ်လို့ ရွာသူ ရွာသားတွေက ဆိုပါတယ်။

အမြောက်ဆန်ဗုံးဆန် အကျဆုံးရွာဖြစ်တဲ့ မန်ပြိန်းရွာက ဦးဒင်းဘောင်ကတော့ ကျနော်တို့အနေနဲ့ မြို့မှာတော့ အဆင်ပြေပေမယ့် ရွာသားတွေကတော့ ကိုယ့်ရွာကိုပဲ ပြန်ချင်တာဖြစ်တယ်လို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com

လူနာ အယောက် ၁ဝဝ ကို သတ်ခဲ့ကြောင်း ဂျာမန်သူနာပြု ဝန်ခံ

တရားခွင် အစမှာပဲ အယောက် ၁ဝဝ သတ်ခဲ့တာလို့ ဝန်ခံ
ဂျာမနီ နိုင်ငံမှာ အမျိုးသား သူနာပြုဟောင်း တစ်ယောက်ကို လူသတ်မှုနဲ့ စွက်ချက်တင်ထားပြီး တရားရုံးမှာ စတင် ကြားနာ စစ်ဆေးနေပြီ ဖြစ်ပါတယ်။

နီးလ်စ် ဟိုဂယ်ဆိုသူဟာ တရားရုံး ကြားနာမှု အစမှာပဲ သူ သတ်ခဲ့တာ လူ အယောက် ၁ဝဝ ရှိတယ်လို့ ဝန်ခံ ခဲ့တဲ့အတွက် ကမ္ဘာပေါ် လူအများဆုံး သတ်ဖြတ်ခဲ့တဲ့ စိတ္တဇ လူသတ်သမားတွေထဲက တစ်ယောက်အဖြစ် စာရင်းဝင် သွားပါတယ်။

အသက် ၄၁ နှစ် အရွယ် အဲဒီသူဟာ သူနာပြု တစ်ယောက် အနေနဲ့ သူ အလုပ်လုပ်ခဲ့တဲ့ ဂျာမနီ နိုင်ငံ မြောက်ပိုင်းက ဆေးရုံ နှစ်ရုံမှာ လူသတ်မှုတွေ ကျူးလွန် ခဲ့တာ ဖြစ်ပါတယ်။

ဆေးရုံကို ရောက်လာတဲ့ လူနာတွေကို ဆေးတွေ အလွန်အကျွံ ပမာဏမျိုး ထိုးပြီး သတ်ခဲ့တာ ဖြစ်တယ်လို့ ရဲစုံထောက်တွေက ထွက်ဆို ထားပါတယ်။

အဲဒီလို ကျူးလွန်ရတဲ့ အကြောင်းခံကတော့ လူနာတွေကို သေလုမျောပါး ဖြစ်အောင် ဆေးထိုး၊ ပြီးမှ ပြန်လည် အသက်ကယ်ပြတာမျိုးနဲ့ သူ့ လုပ်ဖော်ကိုင်ဘက်တွေက သူ့ကို အထင်ကြီးအောင် ပြုမူခဲ့တာ ဖြစ်တယ်ဆိုပြီး အစိုးရ ရှေ့နေတွေက ပြောပါတယ်။

လက်ရှိမှာလည်း ဟိုဂယ်ဟာ လူ ၆ ယောက် သေဆုံးမှုမှာ တာဝန်ရှိလို့ ဆိုပြီး ထောင်တစ်သတ် ချမှတ် ခံထားရနှင့်ပြီး ဖြစ်ပါတယ်။

 မြောက်ပိုင်းက ဆေးရုံ နှစ်ခုမှာ လူသတ်မှုတွေ ကျုးလွန်ခဲ့
အခု တရားခွင်မှာတော့ သူဟာ အိုဒင်ဘာ့ဂ်မှာ လူ နာ ၃၆ ယောက်၊ ဒါမင်ဟော့စ်မှာ ၆၄ ယောက် သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံ လာပါတယ်။

အဲဒီလို သတ်ဖြတ်မှုတွေဟာ ၁၉၉၉ ကနေ ၂ဝဝ၅ ခုနှစ်ကြား ပေါ်ပေါက်ခဲ့တာပါ။

သူ သတ်ဖြတ်တာ ခံခဲ့ရတဲ့ လူနာတွေရဲ့ ရုပ်အလောင်းပေါင်း ၁၃ဝ ကို နောက်ပိုင်း နှစ်တွေကြမှ ပြန်တူးဖော်ပြီး စစ်ဆေးကြည့်တာမျိုး နှစ် အတန်ကြာ အချိန်ယူပြီးကာမှ အခု အမှုကို အသေအချာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

နှစ်ကာလ အကြာကြီး လူသတ်သမားတစ်ယောက် ဆေးရုံပေါ်မှာ လူနာတွေကို သတ်ဖြတ်နေ နိုင်ခဲ့တဲ့အတွက် ဂျာမနီ ကျန်းမာရေး အာဏာပိုင်တွေလည်း အကြီးအကျယ် အဝေဖန် ခံနေရပါတယ်။

အလောင်းပြန်ဖော်ပြီး စစ်ဆေးတဲ့ အထဲ မပါဝင်ပဲ မီး သင်္ဂြိုဟ်ခဲ့တဲ့ သူမျိုးတွေလည်း ရှိနိုင်တာကြောင့် ဟိုဂယ်ရဲ့လက်ချက် မိခဲ့သူတွေ ၁ဝဝ မကလည်း ရှိနေနိုင်တယ်လို့ တချို့ကတော့ ယူဆ နေကြပါတယ်။

ဟိုဂယ်ကို စဖမ်းမိခဲ့တာ ၂ဝဝ၅ ခုနှစ်မှာ ဖြစ်ပြီး ဒါမင်ဟော့စ် ဆေးရုံမှာ လူနာကို ဆရာဝန်က ညွှန်ကြားထားတာ မဟုတ်တဲ့ ဆေး ထိုးပေးတာကို မိခဲ့တာ ဖြစ်ပါတယ်။

၂ဝဝ၈ မှာတော့ လူသတ်ရန် ကြံစည် အားထုတ်မှုနဲ့ သူ့ကို ထောင် ၇ နှစ် ချခဲ့ပါတယ်။

၂ဝဝ၅ မှာ စဖမ်းမိ

သတ်ခဲ့တာ အယောက် ၁ဝဝ မှ ကရဲ့လား
၂ဝ၁၄ နဲ့ ၂ဝ၁၅ မှာလည်း လူသတ်မှု ၂ ခု၊ သတ်ရန် အားထုတ်မှု ၂ ခုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်တစ်သက် အထိ ချခဲ့ပါတယ်။

အဲဒီ အချိန်တုန်းကတည်းက ဟိုဂယ်ကတော့ သူ ကျူးလွန်ခဲ့တာတွေ အတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ကျန်ရစ်သူ မိသားစုတွေလည်း စိတ် အေးချမ်းသက်သာစေဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ သတ်ဖြတ်ခဲ့တာတွေဟာ များသော အားဖြင့်တော့ ကြိုတင် ကြံစည်တာမျိုး မဟုတ်ပဲ ရုတ်တရက် ချက်ခြင်းဆိုသလို ဆုံးဖြတ်ခဲ့တာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်ရောဂါကု ဆရာဝန်ကိုလည်း သူ သတ်ခဲ့တာ အယောက် ၃ဝ ဆိုပြီး အဲဒီအချိန်က ပြောခဲ့ပါတယ်။

ဟိုဂယ် သတ်ဖြတ်ခဲ့တာ ဒီထက်ပို များနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ အဲဒီ အချိန်မှာ ဖြစ်လာပြီး နောက်ပိုင်း အလောင်း ၁၃ဝ ပြန် ဖော်ပြီး စစ်ကြည့်တာမျိုးတွေ ပြုလုပ် လာခဲ့တာ ဖြစ်ပါတယ်။

အဓိက ဆန်းစစ်တာကတော့ နှလုံးရပ်တာမျိုး ဖြစ်စေတဲ့ ဓာတုဆေးဝါး သဲလွန်စတွေကို အလောင်းတွေမှာ ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

ဟိုဂယ် အလုပ်လုပ်ခဲ့တဲ့ အိုဒင်ဘာဂ် ဆေးရုံမှာ ဆိုရင် လူနာတွေ နှလုံးရပ်သွားလို့ ပြန်လည် အသက်ကယ် ပေးရတဲ့ ဖြစ်ရပ်မျိုးတွေ၊ လူနာတွေ သေသွားခဲ့တာတွေဟာ ဟိုဂယ် တာဝန်ကျချိန်မှာ ဆိုရင် နှစ်ဆမက ပိုများကြောင်း ဆေးရုံမှတ်တမ်းတွေက ပြသနေတယ်လို့ ဂျာမနီ မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

BBC Burmese
https://www.bbc.com

ပုဇွန်တောင်တွင် ဆိုင်ကယ်ဖြင့်ရွှေဆွဲကြိုးလုပြေးသူကိုဖမ်းမိ။ လုယက်မှုပေါင်း(၁၅)မှုကိုကျူးလွန်ထားသူဖြစ်နေ


ပုဇွန်တောင်မြို့နယ်အတွင်း ဆိုင်ကယ်နဲ့ရွှေဆွဲကြိုးလုယူသူကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။ အောက်တိုဘာ(၁၀)ရက် မနက်(၈)နာရီခွဲက ပုဇွန်တောင် မြို့နယ်၊(၁)ရပ်ကွက်၊ အနော်ရထားလမ်းနေ အမျိုးသမီးတစ်ဦးဟာ ရေကျော်ဈေးကိုသွားဖိုအ့တွက် သမီးဖြစ်သူနဲ့အတူ (၄၉)လမ်းအတိုင်း လမ်းလျှောက်လာစဉ် မျက်နှာချင်းဆိုင်မှ အနက်ရောင်ဆိုင်ကယ်ကို မောင်းနှင်လာတဲ့ အမည်မသိအမျိုးသားတစ်ဦးက အဲဒီအမျိုးသမီး ၀တ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို လုယူပြီးဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့ ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေပူးပေါင်းစုံးစမ်းခဲ့ရာမှာအောက်တိုဘာ(၂၆)ရက်မွန်းလွဲပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၁၆၈)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနေ ကိုကိုဦး(ခ)ကိုဦးကို မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ထားသူဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒါ့အပြင် ပုဇွန်တောင်မြို့နယ်၊ တာမွေမြို့နယ်၊ ဗိုလ်တထောင်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့မှာ ၄င်းထပ်မံကျူးလွန်းထားတဲ့ လုယက်မှုပေါင်း(၁၅)မှုကိုလည်း ထပ်မံဖော်ထုတ်နို်င်ခဲ့ပြီး ထိရောက် ပြစ်ဒဏ်ရရှိရေးအတွက် ဥပဒေနဲ့အညီ ဆက်လက် အရေးယူ ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

One News Myanmar
https://www.facebook.com/pg/onenewsmyan

ကျပ်သိန်း(၆၀၀၀)ကျော်တန်ဘိုးရှိ ကျောက်မျက်ရတနာရွှေထည်ပစ္စည်းများ ခိုးယူသွားသူအား ဖမ်းဆီးရမိ


ကားပေါ်မှာ ပျောက်ဆုံးသွားတဲ့ ကျပ်သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိ ကျောက်မျက်ရတနာရွှေထည်ပစ္စည်းတွေ ခိုးယူသူကို အောက်တိုဘာ(၂၈)ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ အောက်တိုဘာ(၂၆)ရက်က ကမာရွတ်မြို့နယ်အတွင်းမှာ ကားခဏရပ်ထားခဲ့စဉ် ကားပေါ်မှာ ထားရှိတဲ့ ကျောက်မျက်ရတနာ ပစ္စည်းတွေကို ယာဉ်မောင်းဖြစ်သူ ကျော်သူရ က ခိုးယူထွက်ပြေးသွားတဲ့အတွက် ကမာရွတ်မြို့မရဲစခန်း ကို လာရောက် တိုင်ကြားခဲ့ပါတယ်။

အခုလို တိုင်ကြားခဲ့တဲ့အတွက် ရဲစခန်းက (ပ) ၇၄၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ နဲ့ အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒီအခါ အောက်တိုဘာ(၂၈)ရက် ည(၈)နာရီမှာ ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်မှာ ကျူးလွန်သူ ယာဉ်မောင်းကို အနက်ရောင် ကျောပိုးအိတ်အတွင်းမှာ သက်သေခံပစ္စည်းတစ်ချို့နဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ယာဉ်မောင်းကို စစ်ဆေးမေးမြန်းရာ ခိုးယူသွားတဲ့ ကျောက်မျက်ရတနာ တချို့ကို အထည်ဖျက် ပြုလုပ်ပေးတဲ့ ကြည့်မြင့်တိုင်မြို့နယ်မှာနေထိုင်သူ အောင်နေမျိုးရဲ့ နေအိမ်မှာ အပ်နှံ၊ ၀ယ်ယူရောင်းချထားတဲ့ သက်သေခံပစ္စည်းတွေကိုပါ ဆက်လက်သိမ်းဆည်း ရမိခဲ့ပါတယ်။
အဲဒီအတွက် ခိုးယူသူ ယာဉ်မောင်း ကျော်သူရနဲ့ ပစ္စည်းလက်ခံ ရောင်းဝယ်သူ အောင်နေမျိုးတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ် လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

One News Myanmar
https://www.facebook.com/pg/onenewsmyan

ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် လူ ၆ ဦး သေဆုံး

Photo: MANMAN DEJETO / AFP

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် မိုးကြီးပြီး မြေပြိုခဲ့တာတွေဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး၊ ကျေးရွာအများအပြားက ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီကျေးရွာတွေဟာ ပြီးခဲ့တဲ့လကလည်း မုန်တိုင်းဒဏ်ခံစားခဲ့ရပြီး လူအသေအပျောက်ရှိခဲ့တဲ့ရွာတွေ ဖြစ်ပါတယ်။

မိုးကြီးတဲ့အတွက် ဆောက်လုပ်ဆဲ အစိုးရအဆောက်အဦတခုပြိုကျခဲ့ရာမှာ လူ ၂၀ ကျော် ပိတ်မိနေတယ်ဆိုတဲ့သတင်းကိုလည်း အစိုးရက စုံစမ်းနေပါတယ်။

မြေပြိုတာတွေကြောင့် လမ်းတွေပိတ်ဆို့နေပြီး၊ လျှပ်စစ်ဓါတ်အားလည်း ပြတ်တောက်နေတဲ့အတွက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက အဲဒီဒေသမှာ ကျရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် သေဆုံးပျောက်ဆုံးသူ တရာကျော် ရှိခဲ့ပါတယ်။

အခုအခါ နိုင်ငံမြောက်ပိုင်း ပြည်နယ်အများအပြားက အရေးပေါ်ခိုလှုံရေးစခန်းတွေမှာ ရွာသူရွာသား တသောင်းကျော် ခိုလှုံနေကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

သမ္မတဟောင်း ထောက်ခံသူတွေ ကိုလံဘိုမှာ ဆန္ဒပြ

Photo: ISHARA S. KODIKARA / AFP
သီရိလင်္ကာနိုင်ငံမှာ မကြာခင်က ရာထူးက ဖြုတ်ပယ်ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်းအပေါ် ရာနဲ့ချီတဲ့ ထောက်ခံသူတွေ မနေ့က ကိုလံဘိုမြို့တော်က လမ်းတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သမ္မတ သီရိသေန က ၀န်ကြီးချုပ် ၀စ်ကရီ မဆင်ဂီ ကို ရာထူးက ဖြုတ်ပယ်လိုက်ပြီး၊ သမ္မတဟောင်း မဟင်ဒါ ရာဇာပက်ကဆီ ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ သမ္မတဟောင်း မဟင်ဒါ ဟာ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်သူ၊ အကျင့်ပျက်ခြစားသူအဖြစ် စွပ်စွဲခံနေရသူဖြစ်ပါတယ်။

ဒီအတွက် မနေ့က ကိုလံဘိုမြို့မှာ ဆန္ဒပြခဲ့ကြတာပါ။ ၀န်ကြီးချုပ်ဟောင်း ၀စ်ကရီ မဆင်ဂီ ရဲ့ ပါတီက ဆန္ဒပြသူ တသိန်းလောက်ရှိတယ်လို့ ပြောဆိုပြီး၊ ရဲတပ်ဖွဲ့ကတော့ နှစ်သောင်းခွဲလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

ရာထူးက ထုတ်ပယ်ခံရသူ ၀န်ကြီးချုပ်ဟောင်း ၀စ်ကရီ ကလည်း သမ္မတရဲ့လုပ်ရပ်ကို ခုခံသွားမှာဖြစ်ကြောင်း ထောက်ခံသူတွေကို ပြောဆိုခဲ့ပါတယ်။

သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌကလည်း လွှတ်တော်အနေနဲ့ ဒီကိစ္စ မဲခွဲမဆုံးဖြတ်ဘူးဆိုရင် သွေးထွက်သံယိုတွေ ဖြစ်သွားနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

ဒါပေမဲ့ ဆန္ဒပြပွဲကတော့ လုံခြုံရေးအင်အား အားကောင်းနေတဲ့ အခြေအနေမှာ ငြိမ်ငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

နိုင်ငံသားခံယူခွင့် မွေးရာပါအခွင့်အရေး ပယ်ဖျက်ဖို့ Trump ကြိုးပမ်း


အမေရိကန်ပြည်ထောင်စုကို တရားမ၀င်ရောက်ရှိလာကြသူတွေနဲ့ နိုင်ငံသား မဟုတ်သူတွေက ဒီနိုင်ငံမှာ မွေးဖွားတဲ့ ကလေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားအဖြစ် ခံယူခွင့် ပြုထားတာကို သမ္မတ Donald Trump က နိုင်ငံသားဖြစ်ခွင့်မပေးဖို့ သမ္မတအမိန့်အရ တားမြစ်မယ် လို့ပြောလိုက်တဲ့အတွက် နိုင်ငံရေးနဲ့ ဥပဒေရေးလောကမှာ အခြေအတင် အငြင်းပွားဖွယ်ပေါ်ပေါက်ခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။

နိုဝင်ဘာ၆ ရက်နေ့ကျင်းပမယ့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွေမတိုင်မီ လူဝင်မှုကြီးကြပ်ရေးကို ရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှုအဖြစ် သမ္မတ Donald Trump က ဦးစားပေးနေတာ တစိတ်တပိုင်းအဖြစ် အမေရိကန်နိုင်ငံသားမဟုတ်ကြသူတွေ မွေးဖွားတဲ့ကလေးတွေကို နိုင်ငံသားခံယူခွင့်ပြုတာကို ပယ်ဖျက်ဖို့ အခုလိုအရေးယူဆောင်ရွက်ဖို့ကြိုးစားနေတယ်လို့ သုံးသပ်ကြပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ ထုတ်လွှင့်မယ့် Axios on HBO ရုပ်သံလွှင့်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တရားမ၀င်နေသူတွေက မွေးတဲ့ကလေးတွေကို နိုင်ငံသားရပိုင်ခွင့်ပေးတဲ့အခွင့်အရေးကို အဆုံးသတ်ဖို့ လိုတယ်လို့ သမ္မတ Donald Trumpပြောခဲ့ပါတယ်။

" အဲလောက်အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်လဲ၊ အမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့သူတွေအနေနဲ့ ကလေးမွေးမယ် အဲဒီကလေးကလည်း အလိုအလျောက် နိုင်ငံသားတဦးအဖြစ်ခံစားချက်တွေကို ၈၅ နှစ်ပြည့်အောင်ခံစားခွင့်ရမယ်။ ကမ္ဘာပေါ်မှာ အဲလို နိုင်ငံသားခံယူခွင့်ရတာ အမေရိကန်ပြည်ထောင်စုတနိုင်ငံတည်းဖြစ်တယ်။ ဒါဟာ အဓိပ္ပါယ်မရှိဘူး အဆုံးသတ်ဖို့လိုပါတယ်။"

တကယ်တော့ နိုင်ငံမှာ မွေးဖွားတဲ့ကလေးတွေကို နိုင်ငံသားခံယူခွင့်ရတာ အမေရိကန်တနိုင်ငံတည်းမဟုတ်ပါဘူး။ ကနေဒါနဲ့ မက္ကစီကိုအပါအ၀င် နိုင်ငံပေါင်း ၃၀ ကျော်တို့မှာ အလားတူပေါ်လစီတွေရှိပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်းမှာတော့ သြစတေးလျ၊ ဗြိတိန်၊ ပြင်သစ် ၊ အိန္ဒိယနဲ့ အိုင်ယာလန်နိုင်ငံတို့က ဒီအခွင့်အရေးကို ဖျက်သိမ်းခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံသားမဟုတ်ကြသူတွေ မွေးဖွားတဲ့ကလေးတွေကို နိုင်ငံသားခံယူခွင့်ပယ်ဖျက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို ဖျက်သိမ်းဖို့မလိုကြောင်း သူ့ဥပဒေအကြံပေးအရာရှိတွေက ပြောခဲ့တယ်လို့လည်း သမ္မတ Donald Trump ကထောက်ပြခဲ့ပါတယ်။ ဒါပေမယ့် Republican ပါတီဝင်ခေါင်းဆောင်တချို့က ဒီအရေးယူဆောင်ရွက်မှုကို သဘောမကျတာ တွေ့ရပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan သမ္မတအမိန့်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို ပယ်ဖျက်ဖို့သဘောမတူကြောင်း Kantaki အသံလွှင့်ဌာနကို အခုလိုပြောခဲ့ပါတယ်။

"ဒီနိုင်ငံမှာမွေးရင် နိုင်ငံသားအဖြစ်အသိအမှတ်ပြုတဲ့ မွေးရာပါအခွင့်အရေးကို သမ္မတအမိန့်နဲ့ ပယ်ဖျက်လို့မရပါဘူး။ သူ့အရင် သမ္မတ အိုဘားမားလက်ထက်ကလည်း လူဝင်မှုကြီးကြပ်ရေးမူဝါဒကို သမ္မတအမိန့်နဲ့ ပြောင်းဖို့ ကြိုးစားခဲ့တုန်းက ကျနော်တို့ ရှေးရိုးစွဲ Republican တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားတော့ ပြောင်းဖို့လေးစားတာကို မနှစ်သက်ပါဘူး။ ရှေးရိုးစွဲဝါဒီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစား လိုက်နာယုံကြည်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၄ အရလည်း ဒီရပိုင်ခွင့်ပေးထားတာ ရှင်းပါတယ်။ ပြောင်းဖို့ကြိုးစားရင်တော့ ဖွဲ့စည်းပုံအရ အချိန်ကြာမှာဖြစ်ပါတယ်။"

အမေရိကန်နိုင်ငံသား မဟုတ်သူတွေကို နိုင်ငံသားခံယူခွင့်ပြုတဲ့ မွေးရာပါအခွင့်အရေးကို ပယ်ဖျက်ဖို့ ကြိုးစားမယ်ဆိုရင် တရားရုံးတော်မှာ ဥပဒေအရ အကဲစမ်းမှုတွေရင်ဆိုင်ရဖွယ်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၄ အရ အမေရိကန်မှာမွေးဖွားသူ ဒါမှမဟုတ် အခြေချနေထိုင်ပြီး နိုင်ငံသားခံယူခွင့်ရှိသူအားလုံးအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ သူတို့နေထိုင်တဲ့ပြည်နယ်တွေမှာ နိုင်ငံသားအခွင့်အရေးတွေကို ရရှိတယ်လို့ အာမခံချက်ပေးထားတာဖြစ်ပါတယ်။ တချို့ ရှေးရိုးစွဲဝါဒီတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ဟာ အမေရိကန်မှာ တရားဝင်နေထိုင်ခွင့်ရရှိထားသူတွေက မွေးတဲ့ကလေးတွေကိုသာ နိုင်ငံသားခံယူခွင့်ပြုဖို့ ရည်ရွယ်တယ်လို့ ထောက်ပြကြပါတယ်။

ဒီပြင်ဆင်ချက်ကို ၁၈၆၈ ခုနှစ်က အတည်ပြုခဲ့စဉ် ထိုစဉ် ပြည်တွင်းစစ်အတွင်း လူမည်းကျေးကျွန်တွေဖြစ်ခဲ့ကြသူတွေကို တောင်ပိုင်းပြည်နယ်တွေရဲ့ ခွဲခြားဆက်ဆံမှုကနေ အကာအကွယ်ပေးတဲ့အနေနဲ့ နိုင်ငံသားဖြစ်ခွင့် အခြေခံအခွင့်အရေးခံစားခွင့်ကို ဒီပြင်ဆင်ချက်အရ အာမခံချက်ပေးနိုင်ဖို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

ကန်ကြားဖြတ်ရွေးကောက်ပွဲ Indiana အခြေချ မြန်မာတွေဘယ်လို မဲပေးကြမလဲ


အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၈ခုနှစ်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲကို အခုလာမယ့်နိုဝင်ဘာလ ၆ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီမိုကရက်နဲ့ရီပါဘလစ်ကန်ပါတီ၂ရပ်လုံးက အကြိတ်အနယ်လည်းယှဉ်ပြိုင်ကြဖို့နိုင်ငံတ၀ှမ်းပြင် ဆင်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်ဟာ မြန်မာနိုင်ငံကပြောင်း ရွှေ့အခြေချသူတွေ သောင်းနဲ့ချီနေ ထိုင်ကြပြီးသူတို့တွေထဲက မဲပေးခွင့်ရသူအများစုဟာ ရီပါဘလစ်ကန်ပါတီကို မဲပေးကြမယ့်သဘောရှိ တယ်လို့ မြန်မာအမေရိကန်လူမှုရေး အသင်းဥက္ကဌက ပြောပါတယ်။ ဘာကြောင့်အခုလို ရီပါဘလစ်ကန်ကိုထောက်ခံနေ ကြသလဲဆိုတာ ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

နိုဝင်ဘာလ၆ရက်နေ့ကျရင်ကျင်းပမယ့်လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရက်ရော၊ ရီပါဘလစ်ကန်ပါတီ ဘက်ကပါအကြိတ်အနယ်ယှဉ်ပြိုင်ကြဖို့ အကြီးအကျယ်ပြင်ဆင်နေကြပါတယ်။ သမ္မတ ဒေါ်နလ်ထရမ့်ရဲ့ ပထမအစိုးရ သက်တမ်းတ၀က်မှာပြုလုပ် မယ့်ကြားဖြတ်ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ အမတ်နေရာစုစု ပေါင်း ၄၃၅နေရာရှိပြီးသူတို့အားလုံးရဲ့လွှတ်တော်တာဝန်သက်တမ်း၂နှစ်ပြည့်ပြီဖြစ်လို့ အောက်လွှတ်တော် အမတ်နေရာအားလုံးကို ၀င်ပြိုင်ရမှာဖြစ်ပါတယ်။ အထက် လွှတ်တော်မှာတော့ အမတ်နေရာ စုစုပေါင်း တရာရှိတဲ့အထဲက ၃၉ နေရာကို ၀င်ပြိုင်ရပါလိမ့်မယ်။ သမ္မတထရမ့်အစိုးရတက် လာပြီးနောက်ပိုင်း အထက်လွှတ်တော်နဲ့အောက် လွှတ်တော် ၂ရပ်လုံးကို ရီပါဘလစ် ကန်ပါတီကပဲ ထိမ်းချုပ်ထားတာပါ။ သမ္မတထရမ့်ဟာ သူတောက်လျှောက်ကြွေးကြော်နေတဲ့အတိုင်း အမေရိကန်သာပထမဦးစားပေးဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုတွေအတွင်း ဝေဖန်မှုတွေအများအပြားရှိနေပြီး နိုင်ငံရေးအရလည်း ဒီမိုကရက်နဲ့ရီပါဘလစ်ကန်ပါတီအကြား ကွဲပြားမှုတွေ သိသိသာသာကြီးမားလာနေပါတယ်။ ရီပါဘလစ်ကန်ပါတီက တိုင်းပြည်အာဏာအများစုကိုထိမ်းချုပ်ထား နိုင်တဲ့အပေါ် ဒီမိုကရက်တွေဘက်ကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ယူပြီး လွှတ်တော်အာဏာကိုရအောင် အပြင်းအထန်ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု အနောက်အလည်ပိုင်း အင်ဒီယားနားပြည်နယ်ကလူအများစုဟာ ရီပါဘလစ်ကန်ပါတီကို ထောက်ခံကြတာပါ။ အဲဒီဒေသမှာ မြန်မာနိုင်ငံကရောက်လာကြသူတွေလည်း သောင်းနဲ့ချီပြီးရှိပါတယ်။ သမ္မတထရမ့် လက်ထက်မှာ ဒုက္ခသည်လက်ခံမှုလျှော့ချတာ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတင်းကျပ်မှုတွေလုပ်ခဲ့တာကြောင့် အမေရိ ကန်မှာအခြေချနေထိုင်ဖို့ကြိုးစားနေတဲ့ မြန်မာအပါအ၀င်တခြားဒုက္ခသည်တွေလည်း လာဖို့ခက်နေပါတယ်။ အဲဒါကြောင့် အခုကြားဖြတ်ရွေးကောက်ပွဲမှာ အင်ဒီယားနားပြည်နယ်ရောက်မြန်မာမိသားစုတွေ ဘယ်ဘာတီကိုမဲပေးကြမလဲသိနိုင် အောင် မြန်မာအမေရိကန်လူမှုရေးအသင်း BACIရဲ့ဥက္ကဌ ဒေါက်တာရိုဒင်းဂါကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး ။ ။ အခုလာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီကို ဒေါက်တာရိုဒင်းဂါ အနိုင်ရစေချင်လဲခင်ဗျ။

ဒေါက်တာရိုဒင်းဂါ။ ။ ကျနော့်အနေနဲ့ကတော့ ဒီမိုကရက်ကို အနိုင်ရစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးကို ထိထိရောက်ရောက်အကူအညီပေးနိုင်မယ့် ပါတီဖြစ်လို့ ဒီမိုကရက်ကို ပိုပြီးတော့ အနိုင်ရစေချင်ပါတယ်။ Republican ကတော့ သမ္မတ ကိုယ်တိုင်က နိုင်ငံတကာရေးတွေကို လျော့ချပြီးတော့ တခြားတိုင်းပြည်တွေ ဒီမိုကရေစီအရေးကိုထောက်ပံ့ကူညီမှုမရှိပဲ အမေရိကန်ပြည်တွင်းရေးကိုပဲ အာရုံစိုက်တဲ့အတွက် ကျနော်ကတော့ ဒီမိုကရက်ကို ပိုပြီးတော့ အနိုင်ရစေချင်ပါတယ်။

မေး။ ။ အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီမှာရှိတဲ့ မြန်မာမိသားစုတွေအနေနဲ့ နိုင်ငံရေးတက်ကြွမှုတွေ ထူးထူးခြားခြားတွေ့ရပါသလား။

ဒေါက်တာရိုဒင်းဂါ။ ။ ကျနော်တို့ အင်ဒီယားနားပြည်နယ်တခုလုံးမှာ မြန်မာနိုင်ငံသားအနေနဲ့ပြောရရင် ၂ သောင်း ၅ထောင်လောက်ရှိပါတယ်။ ဖော့ဝင်းမှာ ၇ ထောင်လောက်ပေါ့။ ဖော့ဝင်းမှာ ဗမာတွေပိုများတယ်။ ကရင်တို့ တခြားလူမျိုးစုတွေ ။ ကျနော်တို့ ပြည်နယ်မြို့တော်ဖြစ်တဲ့ Indianapolis မှာတော့ ကရင် ၂ ထောင်လောက် ရှိပြီး ကျနော်တို့ ချင်းလူမျိုးကတော့ ၁ သောင်း၉ ထောင်လောက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ချင်းလူမျိုးအများဆုံးနေတဲ့ မြို့တမြို့။ ပြီးခဲ့တဲ့ ၃ -၄ နှစ်ကထက်စာရင် ချင်းလူမျိုးတွေ မြန်မာပြည်သားတော်တော်များများက အမေရိကန် Citizen ဖြစ်တဲ့လူတွေပိုများလာတယ်။ မဲပေးနိုင်သူပိုများလာတယ်၊ အမေရိကန်နိုင်ငံရေးမှာလည်း စိတ်ဝင်စားမှု ပိုများလာတာတွေ့ရပါတယ်။ ကျနော်သုံးသပ်သလောက်တော့ ချင်းလူမျိုးတွေတော်တော်များများ ခရစ်ယာန် Church Member တွေဖြစ်တယ်။ ခရစ်ယာန်မှာ Evangelical တွေဖြစ်ပါတယ်။ Evangelical Church တွေက သမ္မတ Trump ကိုတော်တော်လေး ထောက်ခံကြတယ် အဲဒါရောင်ပြန်ထင်ဟပ်ပြီး ကျနော်တို့ ချင်းတွေတော်တော်များများကလည်း သမ္မတ Trump ကိုတော်တော်လေး ထောက်ခံကြတယ်ဆိုတာ တွေ့ရပါတယ်။

အခု Mid-term Election မှာလည်း Indiana မှာရှိတဲ့ ချင်းတွေတော်တော်များများကလည်း မဲပေးနိုင်တဲ့လူ အမေရိကန် Citizen ဖြစ်တဲ့လူတွေကတော့ သမ္မတ Trumpရဲ့ Republican ဘက်ကို မဲပိုပေးကြမယ်လို့ ကျနော်ထင်တယ်။

မေး။ ။ ဘာသာရေးအပေါ်မှာအခြေခံပြီးတော့ သမ္မတ Trumpကို မဲပေးမယ်ဆိုတဲ့သဘောပေါ့လေ။ ဒါပေမယ့်လည်း တဖက်မှာက မြန်မာပြည်ကထွက်လာပြီးတော့ အမေရိကန်မှာ အခြေချဖို့ ကြိုးစားနေတဲ့ ချင်းလူမျိုးတွေ အမေရိကန်ပြည်ထောင်စုကို ရောက်မလာနိုင်တဲ့ ပြဿနာတွေရှိနေတော့ ဒီအပေါ်မှာ သူတို့ စိတ်မ၀င်စားဘူးလား၊ အာရုံမရှိကြားဘူးလား။

ဒေါက်တာရိုဒင်းဂါ။ ။စိတ်ဝင်စားမှုကတော့ရှိပါတယ် ဒီ Immigration ၊ နောက်ပြီး Refugee Resettlement ကို သမ္မတ Trump အများကြီးလျော့ချတာကိုချင်းလူမျိုးခရစ်ယာန်တွေ တော်တော်များများ စိတ်ဝင်စားမှု ရှိပါတယ်။ ဒီဘာသာရေးမှာတော့ ချင်းလူမျိုး ၁၀၀ ရာခိုင်နှုန်းက Evangelical ခရစ်ယာန်တွေဆိုတော့ Evangelical ခရစ်ယာန် value အနေနဲ့ ကြည့်ပြီးတော့ သမ္မတ Trump ကို ၉၀ ရာခိုင်နှုန်း ထောက်ခံအားပေးမယ်လို့ ကျနော်သုံးသပ်ပါတယ်။”

မြန်မာအမေရိကန်လူမှုရေးအသင်း BACIရဲ့ဥက္ကဌ ဒေါက်တာရိုဒင်းဂါကိုကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

ကျော်အောင်လွင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

အင်ဒိုလေယာဉ်ပျက် သတင်းအမှားတွေ မဖြန့်ဝေဖို့ အစိုးရသတိပေး

Photo: ADEK BERRY / AFP
အင်ဒိုနီးရှားနိုင်ငံမှာ ခရီးသည်တင် ဂျက်လေယာဉ်တစီး ပျက်ကျသွားခဲ့ပြီးတဲ့နောက် လူမှုကွန်ရက် အသုံးပြုသူတွေကို သတင်းမှားတွေ မဖြန့်ဝေကြဖို့ အစိုးရက သတိပေးလိုက်ပါတယ်။

တနင်္လာနေ့က ခရီးသည် ၁၈၉ ဦးပါ Lion Air လေကြောင်းက ဂျက်လေယာဉ်တစီး ဂျာကာတာ က အတက် ပင်လယ်ထဲ ပျက်ကျသွားခဲ့ပါတယ်။ မကြာခင်မှာပဲ လူမှုကွန်ရက် မီဒီယာတွေမှာ လေယာဉ်နဲ့ ပတ်သက်တဲ့ လုပ်ကြံ သတင်းမှားတွေ အများအပြားတက်လာခဲ့ပါတယ်။

လေယာဉ်ပေါ်ပါသွားသူတွေရဲ့ ဓါတ်ပုံတွေနဲ့ သတင်းအမှားတွေ၊ ဗီဒီယိုတွေ မဖြန့်ဝေကြဖို့၊ ဥာဏ်ပညာရှိကြဖို့ ဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီ ပြောခွင့်ရသူက တွစ်တာ လူမှုကွန်ရက်ကတဆင့် တိုက်တွန်းလိုက်ပါတယ်။

ပို့စ်တခုမှာဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လှေမှောက်ရာက ကယ်ဆယ်နိုင်ခဲ့တဲ့ ကလေးငယ်တဦးရဲ့ ဓါတ်ပုံကို၊ Lion Air လေယာဉ်ပျက်ကနေ အသက်မသေ ကယ်တင်နိုင်ခဲ့တဲ့ ကလေးငယ်အဖြစ် ဖေါ်ပြထားရာမှာ ထပ်ဆင့်ဖြန့်ဝေသူပေါင်းထောင်ဂဏန်းရှိခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဘေးအန္တရာယ်တရပ်ပေါ်ပေါက်လာတိုင်း အင်တာနက် လုပ်ကြံဖန်တီးမှုတွေ၊ လုပ်ကြံသတင်းမှားတွေဟာ ကာလကြာရှည်ရှိနေတဲ့ ပြဿနာဖြစ်နေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်း ရောင်းဝယ်မှု တရုတ်အစိုးရ လျော့ပေါ့ပေး

Photo: Simona JIRICKOVA / Dvur Kralove Zoo / AFP

တရုတ်ပြည်မှာ သဘာဝတောတိရစ္ဆာန်တွေရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ကူးသန်းရောင်းဝယ်မှု တားဆီးပိတ်ပင်ထားတာကို လျှော့ပေါ့ပေးလိုက်တာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ကာကွယ်ပြောဆိုခဲ့ပါတယ်။

အရင်က ဥပဒေနဲ့ ပိတ်ပင်ထားခဲ့တဲ့ ကျားရိုးနဲ့ ကြံ့ချိုလို ပစ္စည်းတွေကို အထူးအခြေအနေတွေနဲ့ ပတ်သက်လာရင် ရောင်းဝယ်ခွင့်ပြုမယ်လို့ နိုင်ငံတော်ကောင်စီက တနင်္လာနေ့ ရုတ်တရက် ကြေညာခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ အံ့သြထိတ်လန့်သွားခဲ့ကြပါတယ်။

တရုတ်အစိုးရကပြောတဲ့ အထူးအခြေအနေဆိုတာမှာ သိပ္ပံဆိုင်ရာ သုတေသန၊ ဆေးဝါး သုတေသန၊ ရောဂါကုသရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ်ဆိုရင် ရောင်းဝယ်ခွင့်ပြုမယ်လို့ ဖေါ်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ ဒါဟာ မျိုးပြုန်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်မျိုးစိတ်တွေအတွက် သေမိန့်ချလိုက်တာဖြစ်တယ်လို့ ဝေဖန်ပြောဆိုကြပါတယ်။

တရုတ်ပြည်မှာ ၁၉၉၃ ခုနှစ်ကစလို့ ကျားရိုးနဲ့ ကြံ့ချိုတွေ ရောင်းဝယ်ခွင့် ပိတ်ပင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး သဘာဝတောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း မှောင်ခိုဈေးကွက် ကြီးထွားလာခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

ဖုယွင်စက်ရုံ အလုပ်ထုတ်ခံ ၃၀ နဲ့ အလုပ်ရှင်ကြားသဘောတူ လက်မှတ်ရေးထိုးမည်


ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း စက်မှုဇုံက ဖုယွင် အထည်ချုပ် စက်ရုံမှာ အလုပ် ထုတ်ခံထားရတဲ့ အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်ဖို့ စက်ရုံဘက်က သဘောတူ လိုက်တာကြောင့် သီတင်းပတ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၃၀နဲ့ အလုပ်ရှင် ကြားမှာအလုပ်ရှင် အလုပ်သမား ဥပဒေပါပြဌာန်းထားတဲ့ လိုက်နာရမယ့် သဘောတူညီချက်တွေကို ပြန်လည် လက်မှတ်ထိုးဖို့ရှိပါတယ်။ ဒီလိုတွေ ပြေလည် သွားပေမယ့်အလုပ်ရှင် အလုပ်သမားပြဿနာတွေ ဖြစ်နေရတာ မကြာခဏ ဆိုသလိုဖြစ်နေ တာ က တည်ဆဲ ဥပဒေတွေ အားနည်လို့လို့ ထောက်ပြနေ သူတွေ ရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မေခ က ပေးပို့ထားပါတယ်။

မနေ့က မနက်ပိုင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖုယွင်အထည်ချုပ် လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေကို ရန်ကုန်တိုင်းရုံးမှာခေါ်တွေ့ကာ ညှိုနှိုင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီညှိနှိုင်းမှု အပြီး စက်ရုံကိုလဲ သွားရောက်ကာ လက်ရှိ အလုပ်ဆင်းနေတဲ့ အလုပ်သမားတွေနဲ့ပါသွားရောက်တွေ့ဆုံကာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေနဲ့ပတ်သတ်ပြီးညှိုနှိုင်းမှုတွေ လုပ်ပေးခဲ့တာပါ။ ဒီလို လုပ်ပေး တာကြောင့် နောက်ဆုံးမှာ ပြေလည်မှုရခဲ့ပါတယ်။

အလုပ်ထုတ်ခံ လုပ်သားတွေက တောင်းဆိုချက် ၉ ချက်တောင်းဆိုထားပြီး လက်ရှိမှာ ဘယ်နှစ်ချက် သဘောတူညီခဲ့တာကြောင့် အခုလိုပြေလည်ခဲ့သလဲဆိုတာနဲ့ပတ်သတ်လို့ ဗွီအိုအေ သတင်းဌာနက မေးတဲ့ အခါ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက

"သူတို့အယောက်၃၀ကိုပြန်လက်ခံမယ်။ ကျန်တဲ့သဘောတူညီချက်ကို ဆက်ညှိမယ်။ သဘောတူညီချက်မှာတောင်းဆို ထားတာ၉ချက်ရှိခဲ့တယ်။ မူလထဲက ၆ချက် သဘောတူတယ်။ ဒီနေ့ သူတို့ကိုလက်ခံဖို့တောင်းဆိုချက် သဘောတူခဲ့ပါတယ်။ ကျန်တာတွေကတော့ လစာအကျိုးခံစားခွင့်တွေက သူတို့တခုထဲဖြစ်နေတာ မဟုတ်ဘူးအဲအတွက်ကျနော်တို့အထည်ချုပ်တွေနဲ့ ပတ်သတ်တဲ့ လစာပေးမှုကိုညှိနှိုင်းမှု လေ့လာဆန်းစစ်မှုတွေ ဆက်လုပ်နေတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ညပိုင်းက ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဘက်က ၀င်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြ အလုပ်သမားတွေက ရန်ကုန် အစိုးရရုံးရှေ့မှာ သပိတ်စခန်းဖွင့်ခဲ့တာမှာညတွင်းချင်းမှာဘဲ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရ အဖွဲ့က သပိတ်မှောက် အလုပ်သမားတွေနဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး အခုလို ဆက်လက်ညှိနှိုင်းဖို့ ဝန်ကြီးချုပ်က ကတိပေးခဲ့တာဖြစ်ပါတယ်။

ဒီလိုသဘောတူညီခဲ့တာ နဲ့ပတ်သတ်လို့ အလုပ်သမားခေါင်းဆောင်တဦးဖြစ်တဲ့ မသက်ထားဆွေက

"အခြေအနေ အရပ်ရပ်အားလုံး ကတော့ အဆင်ပြေမှုရခဲ့ပါတယ်။ အခုအဆင်ပြေတာ ကတော့ လုပ်သမားတွေ လုပ်ငန်းခွင်ထဲကို အားလုံးပြေပြေ လည်လည် အဆင်ပြေပြေ ဝင်ရောက်ခွင့်ရခဲ့ပါတယ် "

ဒီလို အလုပ်ရှင် အလုပ်သမားပြဿနာတွေ ဖြစ်နေရတာ မကြာခဏ ဆိုသလိုဖြစ်နေတာက တည်ဆဲ ဥပဒေတွေ အားနည်လို့ ထောက်ပြနေသူတွေရှိပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမဂ္ဂများ အဖွဲ့ချုပ် က ကိုကျော်မျိုးက လက်ရှိဖြစ်နေရတဲ့ အလုပ်သမားအလုပ်ရှင် ပြဿနာတွေနဲ့ ပတ်သတ်လို့

"ဥပဒေအားနည်းတာရယ် လုပ်ငန်းရှင်တွေက ဥပဒေအားနည်းနေတာတွေကို အခွင့်ကောင်းယူတာပေါ့။ အလုပ်သမား ဖွဲ့စည်းတာကို လက်မခံတာက ဥပဒေကြောင်း အရ အရေးယူလို့ရတယ်ဆိုပေမယ့် အဲနေရာမှာ ကြောက်လောက်တဲ့ငွေဒဏ်၊ နောက် အရေးယူမယ့် ပြစ်ဒဏ်တွေ မရှိတော့ ဥပဒေကိုဗြောင်ချိုးဖောက်နေတယ်။ နောက်လုပ်ငန်းရှင် ကတော့ ဥပဒေကို မသိတာရယ်ပေါ့"

ဖုယွင် အထည်ချုပ် စက်ရုံက အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် အလုပ်သမား ၃၀ အလုပ် ထုတ်ခံရပြီးနောက် အလုပ်သမားတွေရဲ့ မကျေမနပ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

မြန်မာလယ်ယာထွက်ကုန် တရုတ်နယ်စပ်မှာ တင်ပို့မှုအခက်ကြုံ

မြန်မာ-တရုတ်နယ်စပ်

တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ မြန်မာနိုင်ငံဖက်က လယ်ယာထွက်ကုန်တချို့ကို တရုတ်နိုင်ငံက တရားဝင်တင်သွင်းခွင့်မပြုတာကြောင့် လယ်ယာထွက်ကုန်တင်ပို့ရောင်းချသူတွေ အခက်တွေ့နေပြီး ဒီကုန်ပစ္စည်း တင်ပို့တာတွေ ရပ်တန့်သလောက်ဖြစ်နေပါတယ်။ အခက်အခဲတွေ့နေတဲ့ မူဆယ်မြို့က ကုန်သည်တွေက ဒီလယ်ယာထွက်ကုန်တွေကို တရားဝင်တင်ပို့ခွင့်ရရှိအောင် မြန်မာအစိုးရဘက်က ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ကို လိုလားနေကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တရုတ်နိုင်ငံဘက်ကို အဓိက တင်သွင်းခွင့်မရတဲ့ လယ်ယာထွက်ကုန်တွေကတော့ ဆန်၊ ပြောင်းနဲ့ သကြား စတာတွေ ဖြစ်ပြီး ဒီလိုတင်ပို့ခွင့်မရတာဟာ လနဲ့ချီကြာမြင့်နေပြီး လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့တာတွေဟာ ရပ်တန့်သလောက်ဖြစ်နေတာပါ။

လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကို မူဆယ်မြို့က ဆန်ကုန်သည်တဦးက အခုလို ပြောပါတယ်။

“ အရောင်းအ၀ယ်က အေးတာမဟုတ်ဘူး။ အရောင်းအ၀ယ် ဖြစ်ကို မဖြစ်တာ။ ဟိုဘက်ကိုလည်း သွားလို့ မရဘူး။ ဘာမှ သွားမရဘူး။ ၂လလောက်ရှိပြီဗျ။ အဲဒါကို ၃ရက်လောက်ဖွင့်လိုက်၊ ၅ရက်လောက်ဖွင့်လိုက် အဲလို ဖြစ်နေတာ။ သူ့ရဲ့ အဓိက ကန့်သတ်ကုန်တွေက သွားမရတာ။ လိုင်စင်ရှိတဲ့ဟာက သွားလို့ ရတာပေါ့။ လိုင်စင်မရှိတဲ့ဟာက သွားလို့ မရဘူး။ အရင်တုံးက နားလည်မှုနဲ့သွားနေတာပဲလေ။ အဲလိုမျိုး။ သူတို့ဘက်က အဖမ်းအဆီးတွေ များတယ်။ အဖမ်းအဆီးများတော့ သွားလို့ မရတော့ဘူး။ သွားမရတော့ ငွေကျပ်တယ်ပေါ့။ ထားဖို့ ဂိုဒေါင်တွေ၊ သိုလှောင်ရုံတွေ ကျပ်သွားတယ်ပေါ့။ ဂိုဒေါင်တွေက အကုန်ပြည့်သွားပြီးပေါ့။ ပြည့်သွားပြီးတော့ အောက်က ကုန်တက်ကို မရှိတော့ဘူးလေ။ ကုန်တက် တော်တော်နည်းသွားတာပေါ့။”

ကန့်သတ်ကုန်တွေတင်သွင်းတာကို တရုတ်အစိုးရဘက်က တင်းတင်းကျပ်ကျပ် စစ်ဆေးဆောင်ရွက် လာတာကြောင့် အခုရက်ပိုင်းတွေအတွင်းမှာ အရောင်းအ၀ယ်တွေ ကျဆင်းလာတာဖြစ်ကြောင်း အခြား မူဆယ်မြို့ခံ ကုန်သည်တဦးက ပြောပါတယ်။

“ တရုတ်ဘက်ကတော့ ဆန်တို့၊ သကြားတို့၊ ပြောင်းတို့ကတော့ နည်းနည်းလေး အ၀ယ်အေးနေတယ်ပေါ့ဗျာ။ အဲဒါတွေကလည်း ကျနော်တို့ဘက်က တရားဝင် လိုင်စင်နဲ့သွားတာပေါ့ဗျာ။ သူတို့ဘက်က ကျတော့လည်း တရားမ၀င် ပုံစံမျိုးဖြစ်နေတာကိုး။ သူတို့ဘက်ကမှာလည်း စီမံချက်ကာလတွေ ဘာတွေ ရှိတဲ့အခါကျတော့ နည်းနည်း ကုန်သည်တွေ ဘာတွေ မ၀ယ်ရဲကြဘူး။ မပြုရဲကြဘူးပေါ့ဗျာ။ အဲလိုမျိုးလေးတွေပါ။ အခု သူတို့ ဗဟိုအဖွဲ့ဆိုပြီး တစ်ဖွဲ့ရောက်နေတယ် ပြောတယ်။ အဲဒီအဖွဲ့က နည်းနည်းကြပ်မတ်နေတယ်ပေါ့နော်။ အဲလို ဖြစ်နေတာ။ ”

လယ်ယာထွက်ကုန်ပစ္စည်းတွေတင်ပို့လို့ မရတာကြောင့် ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုပါ ထိခိုက်လာကြောင်းလည်း ဒေသခံကုန်သည်တွေက ပြောပါတယ်။

ဒီအခက်အခဲတွေ ပြေလည်စေဖို့အတွက် အစိုးရချင်း ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းလည်း မူဆယ်မြို့ခံ ကုန်သည်က သုံးသပ်ပြောဆိုပါတယ်။

“ ဒါတွေကတော့ နိုင်ငံတော် အဆင့်ကို ဟိုဘက်နိုင်ငံက အကြီးအကဲတွေနဲ့ ဒီဘက်နိုင်ငံက အကြီးအကဲတွေ တွေ့ဆုံဆွေးနွေးပြီးတော့မှဘဲ ဖြေရှင်းမှဘဲ ပြေလည်မယ့် အနေအထားတွေပေါ့ဗျာ။ အဲလိုမျိုးလေးတွေပေါ့။ ”

ဒီနှစ် မတ်လလောက်ကလည်း ရာနဲ့ ချီတဲ့ မြန်မာနိုင်ငံကုန်သည်ကြီးတွေရဲ့ တရုတ်ဘဏ်စာရင်းတွေကို တရုတ်အာဏာပိုင်တွေက ပိတ်ပင်တာတွေ ရှိခဲ့ပါတယ်။ ဒီလိုပိတ်ပင်တာကို မူဆယ်ကုန်သည်ကြီးများအသင်းက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို အသိပေး အကြောင်းကြားခဲ့တဲ့နောက် နှစ်ဘက်အစိုးရအကြား ညှိနှိုင်းပြီး ပြေလည်အောင် ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ဘူးပါတယ်။

မြန်မာအစိုးရက တရုတ်နိုင်ငံဘက်ကို လယ်ယာ ထွက်ကုန်တွေကို တရားဝင်တင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုနိုင်ဖို့နဲ့ စီးပွားရေးဇုံတခုကို တည်ထောင်ဖို့အတွက် ဒီနှစ်လည်ပိုင်းလောက်တည်းက ဆောင်ရွက်တာတွေ ရှိခဲ့ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

ဘိုကလေးမြို့မ ရဲစခန်းအချုပ်အတွင်း၌ နောက်ပြောင်ရာကနေ လုံခြုံရေးရဲတပ်ဖွဲ့တပ်သား တစ်ဦးကိုင်ဆောင်ထားသည့်သေနတ်မှကျည်ထွက်ပြီး အချူပ်သားတစ်ဦး ကျည် ထိမှန်သေဆုံး


ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့ ၊ မြို့မရဲစခန်းအချုပ်၌ အောက်တိုဘာလ(၂၈)ရက်၊ ညနေပိုင်းကအလှည့်ကျကင်းရဲတပ်သားတစ်ဦး ကိုင်ဆောင်ထားသောသေနတ်မှမောင်းခလုတ်နှိပ်မိရာကနေအချုပ်သားတစ်ဦး ကျည်ဆံထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာအောက်တိုဘာလ{၂၈ရက်}၊ ညနေ{၄}နာရီ {၁၅}မိနစ်အချိန်ခန့်က ဘိုကလေးမြို့မရဲစခန်းအချုပ်တွင် အချူပ်သားနှစ်ဦးမှ သတင်းဂျာနယ်တစ်ခုပါသတင်းနှင့် ပတ်သက်၍စကားအပြန် အလှန်ပြောဆိုနေကြစဉ် အလှည့်ကျကင်းရဲတပ်သားအောင်သူ မှသေနတ်ကိုင်ဆောင်ချိန်ရွယ်လျက် ၎င်းတို့နှစ်ဦးစကားပြောနေသည့် အချုပ်ခန်းဘေးသို့ ရောက်ရှိသွားခဲ့ပြီး ၊"မင်းတို့ ရုတ်ရုတ်မလုပ်နဲ့၊ ငါစမ်းသပ်ရမလား"ဟု စနောက်ပြောင်ပြောဆိုရင်းသေနတ်မောင်းခလုတ်အား ဆွဲမိရာကနေ ကျည်တစ်ထောင့်ထွက်သွားကာ အချုပ်ခန်းအတွင်းရေချိုးသည့်နေရာမှထွက်လာသော အချုပ်သားထွန်းမင်း(ခ)ကလေးငယ်အသက်{၁၉}နှစ်(၁၃လမ်း ၊၁၀ရပ်ကွက်၊ဘိုကလေးမြို့နေ) ၏ ပါးစပ်တွင်းသို့ကျည်ဖောက်ဝင်ထိမှန်သွားခဲ့၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍သေနတ်အားပေါ့ဆစွာ ကိုင်ဆောင်သူရဲတပ်သားအောင်သူအား{ပ}၄၁၅/၂၀၁၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၀၄/{က}ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိပြီး၊ အချူပ်ခန်းအတွင်းကျည်ဆံထိမှန်သေဆုံးသူ ထွန်းမင်း(ခ)ကလေးငယ်အားအောက်တိုဘာလ {၂၉}ရက် ညနေ{၅}နာရီအချိန်တွင် ဘိုကလေးမြို့၊ သုသာန်တွင် ဘာသာတရားနှင့်အညီသဂြိင်္ုဟ်ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။

မအူပင်သတင်းပုံရိပ်
https://www.facebook.com/pg/maubinnewimage

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း အမျိုးသမီး(၁)ဦးကို မီးရှို့သတ်ခဲ့သည့် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့


နေပြည်တော်၊ အောက်တိုဘာ ၃၀

၂၈-၁၀-၂၀၁၈ရက်နေ့ ည၇ နာရီ ၁၅ မိနစ်အချိန် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ ကျွန်းချောင်း(၂)လမ်း၊ အိမ်အမှတ်(၂၀၄၂)တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်၍ ဓာတ်လိုက်သေဆုံးကြောင်း သတင်းအရ ဘုရားကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူး တင်ဌေးနှင့်တပ်ဖွဲ့ဝင်များသည် သက်သေဥတ္တရသီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးပါ(၃)ဦးတို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဥတ္တရသီရိရပ်ကွက်၊ ကျွန်းချောင်း(၂)လမ်း၊ အိမ်အမှတ်(၂၀၄၂)ရှိ အိပ်ခန်းအတွင်း ရေချိုးခန်းအတွင်း၌ We & We ဆောက်လုပ်ရေးကုမ္ပဏီဒါရိုက်တာ ဒေါ်ခင်ထွေးဝင်းသန်း (ခ)မမီးငယ်(၄၇)နှစ်သည် နေအိမ်အိပ်ခန်းအတွင်း ရေချိုးခန်းထဲတွင် မီးလောင်သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဒေါ်ခင်ထွေးဝင်းသန်း(ခ)မမီးငယ်အား မီးရှို့သတ်ခဲ့သူ တရားခံအား စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် ဘုရားကုန်းမြို့မရဲစခန်း(ပ)၆၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ အခင်းဖြစ်ရပ်နှင့်ပတ်ဝန်းကျင်အား ကြည့်ရှု့စစ်ဆေးခြင်း၊ အခင်း ဖြစ်ရပ်မှကျန်ရှိသည့်သက်သေခံပစ္စည်းများနှင့် DNAဆိုင်ရာအချက်အလက်များအားရယူ ခြင်းများ ဆောင်ရွက်ပြီး သေဆုံးသူ၏ နေအိမ်မှ လက်တော့(၁)လုံး၊ ဟန်းဖုန်း(၃)လုံးနှင့် YGN/7C-9401 Caldina အဖြူရောင် ယာဉ်အားယူဆောင်သွားသဖြင့် စစ်ဆေးရေး ဂိတ်များအား ဖြတ်သန်းမောင်းနှင် ခြင်းရှိ/မရှိ သတင်းစုံစမ်းခဲ့ရာ ၂၉-၁၀-၂၀၁၈ရက်နေ့ဝ၁၃၀အချိန်ခန့် တပ်ကုန်းမြို့၊ ကင်းသာစစ်ဆေးရေးဂိတ်တွင် YGN/7C-9401 Caldina အမျိုးအစား အဖြူရောင်ယာဉ်အား လူငယ်တစ်ဦး မောင်းနှင်၍ စစ်ဆေးမှုမခံဘဲမောင်းပြေး သွားကြောင်း သတင်းရရှိသဖြင့် မသင်္ကာဖွယ်ရှိသူများ၏ ဓာတ်ပုံအား ပြသအတည်ပြုခဲ့ရာ ယာဉ်မောင်းသူမှာ မျိုးကျော်သက်(၂၅)နှစ်(ယခင် ဒေါ်ခင်ထွေးဝင်းသန်း(ခ)မမီးငယ်၏ လုပ်ငန်းသုံး ကားအား မောင်းနှင်ခဲ့ပြီး အလုပ်မှ ထုတ်ပယ်ခံထားရသူ) ဖြစ်ကြောင်း အတည်ပြုရရှိခဲ့ပြီး ဆက်လက်စုံစမ်းရှာဖွေစဉ် ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် (၂၇၃/၄) အနီး ပုဏ္ဏမကျေးရွာ အဝင်မြေသားလမ်းပေါ်တွင် ယာဉ်မောင်းနှင်သူမရှိဘဲ YGN/7C-9401 Caldina အမျိုးအစား အဖြူရောင်ယာဉ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

 ပြစ်မှုကျူးလွန်သူ မျိုးကျော်သက် နေထိုင်သည့် ပျဉ်းမနားမြို့နယ်၊ သနပ္ပင်အုပ်စု၊ သနပ္ပင်ဆိပ် (အနောက်)ရွာရှိ နေအိမ်အားစောင့်ကြပ် ကြည့်ရှုခြင်း၊ ၎င်း၏မိဘနှင့် ဆွေမျိုးများအား ပြစ်မှုကျူးလွန်သူ မျိုးကျော်သက်အနေဖြင့် ဥပဒေဘောင်အတွင်းမှ ရင်ဆိုင်ဖြေရှင်း နိုင်ရေးအတွက် စည်းရုံးပြောဆိုခြင်းတို့ဆောင်ရွက်ခဲ့ရာ မျိုးကျော်သက်မှ ၎င်း၏ဖခင်ဖြစ်သူထံ ဖုန်းဖြင့်(viber) ဆက်သွယ်ရာတွင် ဖခင်ဖြစ်သူ၏စည်းရုံးပြောဆိုမှုကြောင့် ၃၀-၁၀-၂၀၁၈ရက်နေ့ နံနက်ဝ၇၁၅အချိန်၌ ၎င်း၏နေအိမ်သို့ပြန်လည် လာရောက်၍ အမှုဖြင့်ဖမ်းဆီးမှုခံယူခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ မျိုးကျော်သက်အား စစ်ဆေးရာ ၎င်းမှာ ၂၈-၁၀-၂၀၁၈ရက်နေ့ နံနက်(၁၀) နာရီ အချိန်ခန့်တွင် ယခင်အလုပ်လုပ်ခဲ့ဖူးသည့် We&We ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ထွေးဝင်းသန်း(ခ)မမီးငယ်နေအိမ်သို့ သွားရောက်၍ တွေ့ဆုံ၍ အလုပ်ပြန်ခန့်ရန် ညှိနှိုင်းပြောဆိုစဉ် စကားများပြီး ဒေါ်ခင်ထွေးဝင်းသန်း(ခ)မမီးငယ်မှာ အိမ်သာအတွင်းသို့ ပြေးဝင် တံခါးဂျတ်ထိုးရန်ပြုလုပ်စဉ် စိတ်မထိန်းနိုင်ဖြစ်ကာ အိမ်သာတံခါးအား ဆောင့်ကန်ခဲ့ပြီး ဒေါ်ခင်ထွေးဝင်းသန်း(ခ)မမီးငယ်မှာ လှဲကျသွားစဉ် အနီးရှိသစ်သားတုံးဖြင့် ဦးခေါင်းအား ထုနှက်ခြင်း၊ ဘောင်းဘီအိတ်ကပ်ထဲတွင် အသင့်ပါလာသည့် ဓါးမြှောင်ဖြင့် ရင်အုံနှင့် နောက်ကျောတို့အား ထိုးခဲ့ကြောင်း၊ ဆက်လက်၍ ကြံရာမရဖြစ်ပြီး ခန္ဓာကိုယ်ပေါ်သို့ စာရွက်စာတမ်းနှင့်အဝတ်များတင်ကာ သောက်လက်စလက်ကျန်အရက်အား လောင်းချပြီး မီးရှို့ခဲ့ကြောင်း၊ ထို့နောက် ၎င်းလည်း အခန်းအတွင်းရှိ ငွေကျပ်(၄) သိန်းကျော်ခန့်၊ လက်တော့ (၁)လုံး၊ ဟန်းဖုန်း(၃)လုံးတို့အား ယူပြီး ခြံဝန်းအတွင်းရှိ YGN/7C-9401 Caldina အဖြူရောင် ယာဉ်အား စီးနင်းမောင်းနှင်ထွက်ပြေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်
https://www.facebook.com/pg/yezarnimedia

နေအိမ်အတွင်းအဲယားကွန်း(Safe Guard) အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


ပဲခူး အောက်တိုဘာ ၃ဝ
=================
ပဲခူးမြို့ စိန်ထွန်းရပ်ကွက် လက်ဝဲသုန္ဒရလမ်းသွယ်ရှိ ''ထိပ် တန်း''ရေခဲမုန့်လုပ်ငန်းလုပ်ကိုင် သည့်နေအိမ်အနောက်ဘက် ယမန် နေ့ မွန်းလွဲ ၁နာရီ ၁၅ မိနစ်ခန့်က မှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေအိမ် အနောက်ဘက်ရှိ အဲယားကွန်း(sa-feguard)အပူလွန်ကဲရာမှ အခန်း နံရံသို့မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် ပေ (၄ဝx၃ဝ) ပတ်လည် အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ် နေအိမ်ဆောင် လောင်ကျွမ်းကာ ဆုံးရှုံးမှုတန်ဖိုးငွေကျပ်ငါးသိန်းငါး သောင်းခန့်ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသောနေရာသို့ ပဲခူးနယ်မြေမီးသတ်စခန်း(၁)နှင့်(၃) မှ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ မီး သတ်ရေယာဉ်နှစ်စီးနှင့် တာဝန်သိ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ပေး ကြသည်။
အဆိုပါ မီးလောင်မှုကြောင့် မီးပေါ့ဆသူ နေအိမ်ပိုင်ရှင် ဦးသန်း ဇော်ထူးအား ပဲခူးမြို့မ အမှတ်(၁) ရဲစခန်းမှ (ပ)၂၁၈၉/၂ဝ၁၈၊ ပြစ်မှု ဆိုင်ရာပုဒ်မ(၂၈၅) ဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းအဆိုပါ စခန်းမှ သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Union Daily
https://www.facebook.com/pg/uniondaily.net

ရေဖြူတွင် မြေမြှုပ်မိုင်းပေါက်ကွဲ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦးနှင့်ဒေသခံတစ်ဦးဒဏ်ရာရ


ရေဖြူ အောက်တိုဘာ ၃ဝ
=================
တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်း ကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်း မိပေါက်ကွဲသောကြောင့် မွန်ပြည် သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦးနှင့်ဒေသခံ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးတို့ ထိခိုက် ဒဏ်ရာရရှိသည်ဟု မွန်ပြည်သစ် ပါတီနှင့် ဒေသခံတို့ထံမှ သိရ သည်။

ယမန်နေ့ နံနက် ၁၁ နာရီက ရေးမြို့နယ် ဟံဂံကျေးရွာခံ မင်း ချမ်းမွန်(ခ)အဗလိုင်း (၃ဝနှစ်) သည် ရေဖြူမြို့နယ် အလယ် စခန်းကျေးရွာအနီးရှိ ကွမ်းသီး ခြံသို့အဝင်လမ်းမဘေးတွင်မြေမြှုပ် မိုင်းနင်းမိသဖြင့်ခြေထောက်ထိခိုက် ဒဏ်ရာရရှိကာ မော်လမြိုင်ဆေးရုံ ကြီးတွင်တက်ရောက်ဆေးကုသခံ နေရသည်ဟု မြေမြှုပ်မိုင်းနင်းမိ သူ၏ အစ်ကိုဖြစ်သူနိုင်ရိန်းကပြော သည်။

''ထိတာကခြေနှစ်ဖက်စလုံး ထိတယ်။ လက်တွေမှာတော့ ခြစ်မိတာရှိတယ်။ ယာခြေတစ်ဖက် ကတော့ ဖြတ်ပစ်ရမယ်လို့တော့ ဆရာဝန်ကပြောတယ်။ ဝဲခြေက တော့အထိနည်းတယ်။ဆရာဝန် တွေ သေချာစိစစ်ပြီးမှ သေချာ သိရမှာ။ ဖြစ်တာက ယခုလ ၂၈ရက် က နံနက် ၁၁ နာရီလောက်မှာဖြစ် သွားတယ်။ သူက (မိုင်းနင်းမိသူ) ခြံမှာကျန်ခဲ့တဲ့ ထမင်းအိုးသွား ယူတာ။ ခြံနှစ်ခြံ ကြားမှာလမ်းရှိ တယ်။ ကားလမ်းပေါ့။ အဲလမ်းမှာ ပဲနင်းမိတယ်'' ဟု ၄င်းကပြော သည်။
အဆိုပါဒေသတွင် ခြံသွား ရောက် လုပ်ကိုင်နေသည်မှာ ၁ဝ နှစ်ကျော်ကြာရှိခဲ့ပြီး မြေမြုပ်မိုင်း နင်းမိသည့်ဖြစ်စဉ်မျိုးနှင့် မကြုံဖူး သလို ကြားလည်းမကြားဖူး ကြောင်း နိုင်ရိန်းကဆက်ပြော သည်။

ယခုလ ၁၅ ရက်ကလည်း လုံခြုံရေးလှည့်ကင်းလှုပ်ရှားနေ သည့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင် တစ်ဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ဝဲခြေထောက် ထိခိုက်ဒဏ်ရာ ရှိခဲ့ကာ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဆေးရုံတွင် တက်ရောက်ဆေးကုသ ခံနေရပြီး ဝဲခြေတစ်ဖက် ဖြတ် တောက်ခံထားရသည်ဟု မွန်ပြည် သစ်ပါတီထံမှ သိရသည်။

အဆိုပါ မြေမြှုပ်မိုင်းပေါက် ကွဲမှုဖြစ်ပွားသည့်ဒေသတွင် မွန် ပြည်သစ်ပါတီ(NMSP)နှင့်ကရင် အမျိုးသားအစည်းအရုံး(KNU) တပ်ဖွဲ့တို့ လှုပ်ရှားရာနယ် မြေ ဒေသဖြစ်ပြီး မြန်မာ့တပ်မတော် တပ်ရင်း တပ်ဖွဲ့တို့မှလည်း တစ်ခါ တစ်ရံလှုပ်ရှားသွားလာလေ့ရှိ သည့်နယ်မြေဒေသဖြစ်သည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ပစ်ခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် မြေမြှုပ်မိုင်းအသုံး ပြုမှုမရှိခဲ့ကြောင်း၊ ယခုဖြစ်ပွား ခဲ့သည့်မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ် စဉ်သည်လည်း ၄င်းတို့တပ်ဖွဲ့မှ မြေမြုပ်မိုင်းများ မဟုတ်ကြောင်း ပြောသည်။

''မွန်ပြည်သစ်ပါတီအနေနဲ့ မြေမြှုပ်မိုင်းအသုံးမပြုဘူးဆိုတာ လက်မှတ်ထိုးထားတာမရှိပေမယ့် ၉၅ နောက်ပိုင်းမှာ မြေမြှုပ်မိုင်းအ သုံးပြုတာမရှိခဲ့ဘူး။ လိုအပ်ချက် အရ အသုံးပြုဖို့ရှိလာရင်လည်း ဒေသခံပြည်သူတွေကိုအသိပေးရ မယ်။ အချိန်ကာလသတ်မှတ်ချက် နဲ့ ၁ဝ ရက်လား နှစ်ပတ်လားပြီး တာနဲ့ ပြန်ဖြုတ်ရတယ်'' ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မ တီဝင် နိုင်ဟံသာဗွန်ခိုင်းကပြော သည်။

မွန်ပြည်သစ်ပါတီထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့်KNU တပ်မဟာ (၄) လက်အောက်ခံတပ်ရင်း ၁ဝ တို့ လှုပ်ရှားရာ တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ်အတွင်း တွင် နယ်မြေအငြင်းပွားမှုကြောင့် ၂ဝ၁၆/၂ဝ၁၇ ခုနှစ်တွင် ခြောက် ကြိမ်ထက်မနည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

The Union Daily
https://www.facebook.com/pg/uniondaily.net

နေပြည်တော်တွင် အမျိုးသမီးတစ်ဦး အသတ်ခံရ


နေပြည်တော်၊ အောက်တိုဘာ ၂၉၊ ၂၀၁၈။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကျွန်းချောင်း ၂ လမ်းရှိ AUNG MYIN CHAN THAR CONSTRUCTION , WE & WE INTERIOR DESIGN DECORATION Co.,Ltd ကုမ္ပဏီပိုင်ရှင်အမျိုးသမီးသည် နေအိမ်ရေချိုးခန်းအတွင်း ဒူးအထက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံး မီးကျွမ်းကာ သေဆုံးနေမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့သေဆုံးမှုအား အောက်တိုဘာလ ၂၈ ရက်နေ့က ကုမ္ပဏီဝန်ထမ်း ကိုအောင်ကျော်ဦးနှင့် ဇနီး မသန္တာစိုးတို့ သည် မီးပူတိုက်ပြီးသော အ၀တ်အထည်များ ပြန်လာပို့စဉ် ခြံတံခါးပွင့်နေခြင်းနှင့် အိပ်ခန်းအတွင်းမှ မီးခိုများထွက်နေသည်ကို တွေ့ရှိရ၍ ၎င်းတို့ ၂ ဦးက ရေမီးတာဝန်ခံကို သွားရောက်ခေါ်ယူခဲ့ကြောင်း ရဲစစ်ချက်၌ ထွက်ဆိုထားသည်။

ရေမီးတာဝန်ခံမှလည်း မီးမိန်းခလုတ်များ ပိတ်ပြီး နေအိမ်အတွင်း လိုက်လံစစ်ဆေးခဲ့ရာ ကုပ္ပဏီပိုင်ရှင် အမျိုးသမီးသည် ရေချိုးခန်း/အိမ်သာအတွင်း မီးလောင်ကျွမ်းသေဆုံးနေသည်ကို မြင် တွေ့ရှိခဲ့ရကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒုရဲမှူးတင်ဌေးမှ တရားလိုပြုလုပ်ပြီး မမစ (ဘုရားကုန်း) အမှုကြီးအမှတ်စဉ် ၂/၂၀၁၈ ၊ (ပ) ၆၆/၂၀၁၈ ၊ ရာဇာသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူဆောင်ရွက်နေကြောင်း သိရှိရသည်။

ကြယ်စင်ခ (နေပြည်တော်)
CentralNewsMyanmar
NaypyitawNews
https://www.facebook.com/CNMyanmar/

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း Yutu ဝင်ရောက်တိုက်ခတ်

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းတွင် သင်္ဘောများ ဆိုက်ကပ်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
မနီလာ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအဓိကကျွန်းဖြစ်သော လူဇုံကျွန်းရှိ Isabela ပြည်နယ်အတွင်း အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း Yutu ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကမ္ဘာ့လေထု၊ ဘူမိရူပဗေဒဆိုင်ရာနှင့် နက္ခတ်ဗေဒဆိုင်ရာလုပ်ငန်း အုပ်ချုပ်ရေး (PAGASA) က ပြောကြားလိုက်သည်။

Yutu တိုင်ဖွန်းသည် Isabela ပြည်နယ်သို့ ဒေသစံတော်ချိန် နံနက် ၄း၀၀ နာရီအချိန်၌ ဝင်ရောက်ခဲ့ပြီး တစ်နာရီလျှင် အများဆုံးလေတိုက်နှုန်းမှာ ၁၅၀ ကီလိုမီတာရှိပြီး လေပြင်းတိုက်ခတ်မှုမှာ ၂၁၀ ကီလိုမီတာအထိ ရှိကြောင်း၊ ယင်းမုန်တိုင်းသည် တစ်နာရီလျှင် ၂၀ ကီလိုမီတာနှုန်းဖြင့် အနောက်ဘက်သို့ ရွေ့လျားသွားနေကြောင်း သိရသည်။ လူဇုံကျွန်း မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများအတွင်း မိုးအသင့်အတင့်မှာ သည်းထန်စွာရွာသွန်းနိုင်မည်ဟု ခန့်မှန်းထားသည်။

PAGASA အရ လူဇွန်ကျွန်း မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်နိုင်ကြောင်း၊ Isabela , Cagayan, Aurora, Ilocos Sur, Ilocos Norte, La  Union နှင့် Pangasinan စသည့် ကမ်းရိုးတန်းဒေသများအတွင်း လှိုင်းလုံးအမြင့် သုံးမီတာခန့်ရှိနိုင်ကြောင်း သိရသည်။

လေပြင်းမုန်တိုင်း သတိပေးချက်နှင့်အတူ ယင်းဒေသများ၌ ငါးဖမ်းသမားများနှင့် လှေငယ်များအား ပင်လယ်ပြင်သို့မထွက်ကြရန်နှင့် သင်္ဘောကြီးများအနေဖြင့်လည်း လှိုင်းကြီးမှုအား သတိထားစောင့်ကြည့်သင့်ကြောင်း အကြံပြုထားသည်။

ပြည်နယ်အများအပြားတွင်လည်း စာသင်ကျောင်းများအား ပိတ်ထားခဲ့သည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် အောက်တိုဘာလ ၃၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံအတွင်းမှ ထွက်ခွာသွားမည်ဟု ခန့်မှန်းထားသည်။

Yutu တိုင်ဖွန်းမုန်တိုင်းသည် ၂၀၁၈ ခုနှစ်အတွက် ၁၈ လုံးမြောက် အပူပိုင်းဆိုက်ကလုန်းမုန်တိုင်း ဖြစ်ပြီး ဖိလစ်နိုင်ငံတွင် နှစ်စဉ် ပျမ်းမျှ ဆိုက်ကလုန်းမုန်တိုင်း ၂၀ ခန့် ဝင်ရောက်လေ့ရှိသည်။

(Xinhua)
http://www.xinhuamyanmar.com

ရွှေ့ပြောင်း ဒုက္ခသည်ကုန်တင်ကားများ အား တားဆီးရန် တောင်ပိုင်းနယ်စပ်တွင် အမေရိကန်တပ်သား ၅,၂၀၀ ဖြန့်ကျက်မည်

အမေရိကန်တပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
 ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းသွားလာသူများအုပ်စုလိုက်များပြားစွာ တရားမဝင် ဝင်ရောက်လာမှုကို တားဆီးရန်အတွက် ယခုရက်သတ္တပတ်တွင် အမေရိကန်-မက္ကဆီကို နယ်စပ်သို့ တပ်ဖွဲ့ဝင် ၅,၂၀၀ ကို ပင်တဂွန်စစ်ဌာနချုပ်မှ ဖြန့်ကျက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၉ ရက်က ကြေညာခဲ့သည်။

ယခုရက်သတ္တပတ် မကုန်မီ အနောက်တောင်ဘက်ရှိ နယ်စပ်သို့ စစ်သား ၅,၂၀၀ ကျော် ဖြန့်ကျက်ချသွားမည်ဖြစ်ကြောင်း မြောက်ပိုင်း အမေရိကန်လေကြောင်းအာကာသကာကွယ်ရေးစစ်တိုင်း တပ်မှူး လေတပ်ဗိုလ်ချုပ် Terrence O’Shaughnessy က အောက်တိုဘာ ၂၉ ရက် နေ့လည်ပိုင်း သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ဗိုလ်ချုပ်က အမေရိကန်တပ်သား ၈၀၀ ခန့်သည် နယ်စပ်ကာကွယ်ရေးပိုမိုတောင့်တင်းစေရန် တက္ကဆက်ပြည်နယ်သို့ သွားရောက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးတာဝန်ရှိသူများက နယ်စပ်သို့ တပ်သား ၁,၀၀၀ အထိစေလွှတ်မည့် အစီအစဉ်တစ်ခုကို စဉ်းစားနေကြောင်း ပြောကြားနေစဉ် ယင်းဖြန့်ကျက်မှုသည် ယခင်ရက်သတ္တပတ်က ခန့်မှန်းမှုများထက် အနည်းငယ်ပိုများနေကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com

နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲကို အပစ်ရပ်အဖွဲ့ ၅ဖွဲ့လုံး တက်ရောက်မှာမဟုတ်

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ၂၀၁၇ အောက်တိုဘာလ ၃ဝ ရက်နေ့ကကျင်းပတဲ့ UPDJC အစည်းအဝေးကို တွေ့ရစဉ်
ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာကျင်းပမယ့် UPDJC ရဲ့ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကို ဖိတ်ကြားထားပေမဲ့ အားလုံးတက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ မိုင်းလားအဖွဲ့ NDAA တို့ကတော့ တက်ရောက်မယ်လို့ အကြောင်းပြန် ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ အမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော် NDAA ၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIA / KIO ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ကို အစိုးရက ဖိတ်ကြားထားတာဖြစ်ပါတယ်။

UWSA "ဝ" အဖွဲ့နဲ့ KIA အဖွဲ့တို့က တရုတ်နိုင်ငံကူမင်းမြို့မှာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တွေဖြစ်တဲ့ AA, MNDAA နဲ့ TNLA တို့ တွေ့ဆုံပွဲကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖို့ အစိုးရဘက်က ဖိတ်ကြားထားပါတယ်။

UWSA "ဝ" အဖွဲ့က ရန်ကုန်မှာကျင်းပမယ့် အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက မီဒီယာတချို့ကို ဖြေကြားထားတာတွေရှိပေမဲ့ RFA က ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။

အဲဒီအစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org

လားရှိုးကို စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် ရောက်ရှိ


ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့အကြား တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် လားရှိုးမြို့နယ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တစ်ထောင်ကျော်နေပြီလို့ သိရပါတယ်။

နမ္မတူမြို့နယ်အတွင်း အောက်တိုဘာလ ၂၂ရက်လောက်ကစပြီး RCSS နဲ့ SSPP တို့အကြား ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ထွက်ပြေးလာသူတွေနဲ့ မနေ့ကအထိ လားရှိုးမြို့နဲ့ ၁၀ မိုင်လောက်အကွာက အီနိုင်းရွာအနီး ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးလာသူတွေဟာ လားရှိုးမြို့ပေါ်နဲ့ အီနိုင်းကျေးရွာတို့က ဘုန်းကြီးကျောင်းတွေကို ရောက်ရှိနေတာဖြစ်ပါတယ်။

နှစ်ဖက်တပ်တွေ နီးနီးကပ်ကပ်ရှိနေတဲ့အတွက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲထပ်ဖြစ်နိုင်ခြေရှိတယ်လို့လည်း ဒုက္ခသည်တွေက ပြောကြပါတယ်။

RFA Burmese
https://www.rfa.org

နိုင်ငံမှာဒေါသကြီးမှု မီဒီယာကို Trump ပြစ်တင်


Pennsylvania က ဂျူုးဘုရားကျောင်းမှာ လူပေါင်း ၁၁ ဦး အသတ်ခံရတာနဲ့ သမ္မတ Trump ကို ထောက်ခံသူက သမ္မတကို ဝေဖန်သူတွေဆီ ဖေါက်ခွဲရေးပစ္စည်းတွေပါတဲ့ ပါဆယ်ဗုံးတွေ ပေးပို့တယ်လို့ စွပ်စွဲထားမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတွင်းမှာ အမျက်ဒေါသတွေ ပိုထွက် လာအောင် သတင်းမီဒီယာတွေက လုပ်နေတယ်လို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ အပြစ်တင်ဝေဖန်လိုက်ပါတယ်။

သမ္မတဟာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီဝင်တွေ၊ တရားမဝင် ပြောင်းရွှေ့ ဝင်ရောက်လာသူ တွေနဲ့ တခြားသူ့ရဲ့မူဝါဒတွေကို လက်မခံသူတွေကို ဦးတည်ပြီး မကြာခဏ ပြင်းပြင်းထန်ထန် ပြောကြားမှုတွေ လုပ်နေတာမို့ ရလဒ်အနေနဲ့ အမေရိကန် လူမှုအသိုင်းအဝိုင်းအတွင်း နက်နက်ရှိုင်းရှိုင်း ပြိုကွဲမှုတွေ ဖြစ်လာစေတယ်လို့ နိုင်ငံရေးအတိုက်အခံတွေက သမ္မတ Trump ကို ဝေဖန် အပြစ်တင်နေကြတာပါ။

ဒါပေမယ့် သမ္မတ Trump ကတော့ အခုလို နိုင်ငံတွင်း ဒေါသတွေ အကြီးအကျယ်ဖြစ်ပွါးနေကြတာ ရဲ့ အကြောင်းရင်းက မှန်ကန်မှုမရှိတဲ့ သတင်းမှားတွေကို သတင်းမီဒီယာတွေက ရေးသား နေတာက အစိတ်တပိုင်း တခုအနေနဲ့ ပါဝင်တယ်လို့ ပြောပါတယ်။

သတင်းတုတွေ ထုတ်လွှင့်တဲ့ မီဒီယာတွေဟာ လူထုရဲ့ ရန်သူ အစစ်ဖြစ်ပြီး ပွင့်ပွင်းလင်းလင်း ထင်သာမြင်သာ ရန်လိုနေတာတွေကို ရပ်ရမှာ ဖြစ်ကြောင်းနဲ့ မှန်ကန်ပြီး မျှတတဲ့ သတင်းတွေကို ရေးရမှာဖြစ်ကြောင်း သမ္မတ Trump က သူ့တွစ်တာမှာ ရေးပါတယ်။

ဆိုးဝါးတဲ့ လုပ်ရပ်တွေနဲ့ အမြက်ဒေါသမီးတွေ ငြိမ်းအောင် လုပ်မှ အချင်းချင်း သဟဇာမျှမျှနဲ့ ငြိမ်းချမ်းစွာ အားလုံး အတူယှဉ်တွဲ နေနိုင်မှာ ဖြစ်ကြောင်းလည်း ရေးသားထားသလို သတင်းအတုအယောင်တွေ အဆုံးသတ်ဖို့လည်း တောင်းဆိုထားပါတယ်။

သမ္မတ Trump ရဲ့ ပြောကြားချက်တွေကြောင့် ဂျူးဘုရားကျောင်း ပစ်ခတ်မှုတွေ ပါဆယ်ဗုံးပို့မှုတွေ ဖြစ်လာတယ်ဆိုတဲ့ သတင်းမီဒီယာ တွေရဲ့ ပြောဆို ရေးသားမှုတွေဟာ တာဝန်မဲ့ရာ ကျတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က သတင်းထောက်တွေကို ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ