ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကောင့် VK က ပိတ်လိုက်

followers ၅၀၀၀ ခန့်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ Senior General Min Aung Hlaing ဆိုတဲ့အကောင့်မှာ မြင်ရတဲ့ VK ရဲ့ ကြေညာချက်ကိုတွေ့ရစဉ်
ရှရှား လူမှုကွန်ယက် VK မှာဖွင့်လှစ်ထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ Senior General Min Aung Hlaing ဆိုတဲ့အကောင့်ကို စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တယ်ဆိုပြီး အခုလ ၁၅ ရက်နေ့က VK က အကောင့်ကို ပိတ်လိုက်ပါတယ်။

အဲဒီနောက်မှာတော့ Senior General Min Aung Hlaing ဆိုတဲ့ အမည်နဲ့ပဲ နောက်ထပ် အကောင့်တစ်ခု ထပ်မံပေါ်ထွက်လာပါတယ်။ အခု နောက်ဆုံးဖွင့်လှစ်ထားတဲ့ အကောင့်ဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကောင့် အမှန်ဖြစ်ကြောင်းနဲ့ အရင်အကောင့်ကို ပြန်လည်ပြင်ဆင်တာလို့ သိထားကြောင်း အမည်မဖော်လိုတဲ့ တပ်မတော် အရာရှိတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ပြန်ကြားရေးကနေ ယူရေးနေတာရှိတာပဲ။ ပြန်ကြားရေးကနေ အဲ့အကောင့်ကနေ ယူရေးနေတာပဲ။ တရားဝင်ဖွင့်ထားတာ အဲဒါတွေပဲ ရှိမှာ။ ကျနော်ထင်တာ update လုပ်ထားတာပဲထင်တာ။ ဟိုကောင် ဖျက်လိုက်တာမဟုတ်ဘူး update လုပ်တာထင်တယ်"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အရင်အကောင့်မှာ followers ၃၇၀၀၀ ကျော်ရှိပြီး အဲဒီအကောင့်ကို ဖွင့်လှစ်ပြီး ၁ လမပြည့်ခင်မှာ VK ကုမ္ပဏီက ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံးဖွင့်ထားတဲ့ အကောင့်မှာတော့ followers ၅၀၀၀ ခန့်ရှိနေပြီး ဒီနေ့ ညနေပိုင်းမှာပဲ အဲဒီအကောင့်သစ် ကိုလည်း VK ကုမ္ပဏီက ထပ်မံ ပိတ်ပင်လိုက်ပါတယ်။

အလားတူ Facebook ကနေ ပိတ်ပင်ခံထားရတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူရဲ့ အကောင့်ကိုလည်း VK က ပိတ်ထားပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ မြဝတီရုပ်သံ စာမျက်နှာတွေကိုတော့ ပိတ်ပင်ထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်က ဖေ့စ်ဘွတ်ကုမ္ပဏီက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာအပါအဝင် မြန်မာနိုင်ငံက ဖေ့စ်ဘွတ်အကောင့် ၁၈ ခု၊ ဖေ့စ်ဘွတ်စာမျက်နှာ  ၅၂ ခုနဲ့ အင်စတာဂရမ် အကောင့် ၁ ခုကို ဖယ်ရှားပိတ်ပင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်အသိုင်းအဝိုင်းထဲက ပုဂ္ဂိုလ်တော်တော်များများ ဟာ ရှရှား လူမှုကွန်ယက် VK ကို ပြောင်းလဲသုံးစွဲခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကောင့် VK က ပိတ်လိုက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကောင့် VK က ပိတ်လိုက် Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.