UK နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီး လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖွယ်ရှိ

UK နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt
မြန်မာနိုင်ငံကို ဒီကနေ့ သွားရောက်မယ့် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ ၂ ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့လည်း မျှော်လင့်ရပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိစဉ် လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို၊ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားရောက်ဖို့လည်း စီစဉ်ထားတာပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် ကျုးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အချက်အလက် အထောက်အထား ရှာဖွေစုဆောင်းမှုတွေကို ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်းလည်း ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးက ခရီးစဉ်မတိုင်ခင်မှာပဲ ပြောဆိုထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူတွေအတွက် လုံခြုံရေး၊ လူ့ဂုဏ်သိက္ခာနဲ့ တရားမျှတမှု ရရှိရေး နိုင်ငံတကာအသိုင်းအ၀န်းက မိတ်ဆွေတွေနဲ့ လက်တွဲကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ကြေညာချက်ထုတ်ပြန် ပြောဆိုထားတာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက စွပ်စွဲထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင်ငံတကာ အသိုင်းအ၀န်းက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကိုလည်း ဖော်ထုတ်အရေးယူမှုတွေ ရှိခဲ့ကြောင်းလည်း တုံ့ပြန်ပြောဆိုထားတာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနက်ဖြန်မှာ တွေ့ဆုံဖို့စီစဉ်ထားတဲ့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးကတော့ ရခိုင်ပြည်နယ်က အခြေအနေတွေကို သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရပြီး မကြာသေးခင်ကပဲ တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးခံလိုက်ရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းထောက် ၂ ယောက် အရေးနဲ့ ပတ်သက်လို့လည်း ခရီးစဉ်အတွင်း ပြောဆိုမယ့်အကြောင်း အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
UK နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီး လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖွယ်ရှိ UK နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီး လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖွယ်ရှိ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.