SAM Ratulangi ကုန်တင်သင်္ဘော မြန်မာ့ရေပိုင်နက်ထဲ ဘယ်လိုရောက်နေသလဲ

လူတဦးမှမရှိတဲ့ SAM Ratulangi ကုန်တင်သင်္ဘောကိုတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်နဲ့ ရေမိုင် ၇ မိုင် ခန့်အကွာ စစ်တောင်းမြစ်ဝအနီးမှာ သြဂုတ်လ ၂၉ ရက် ကတွေ့ရှိခဲ့တဲ့ SAM Ratulangi အမည်ရှိ နိုင်ငံခြား ကုန်တင်သင်္ဘောဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ သင်္ဘော ဖျက် စက်ရုံကိုပို့ဆောင်ဖို့ အင်ဒိုနီးရှားနိုင်ငံကနေ တွဲဆွဲရေယာဉ်နဲ့ တွဲဆွဲမောင်းနှင်လာပြီး ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ တပ်မတော် ( ရေ ) ကနေ သြဂုတ် ၃၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စတင်တွေ့ရှိချိန်မှာ အင်ဒိုနီးရှား အလံလွှင့်တင်ထားတဲ့ တန်ချိန် ၂၆၅၁၀ ခန့်ရှိတဲ့ အဲဒီ သင်္ဘောကြီးမှာ လူတွေလည်း တယောက်မှ မရှိသလို၊ ကုန်တွေလည်း တခုမှ မပါပါဘူး။

ဒီကုန်တင်သင်္ဘောကြီးကို တွဲဆွဲမောင်းနှင်လာတဲ့ မလေးရှားနိုင်ငံသားပိုင် Independence အမည်ရှိ ပင်လယ်သွား တွဲဆွဲရေယာဉ်မှာတော့ အင်ဒိုနီးရှားနိုင်ငံသား အမှုထမ်း ၁၃ ဦးပါဝင်ပါတယ်။

တွဲဆွဲရေယာဉ်ကို သြဂုတ် ၃၁ရက် မနက် ၁၀ နာရီ ဝန်းကျင်က မြန်မာ့ကမ်းရိုးတန်းနဲ့ မိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်အတွင်း တစ်ဖက်နိုင်ငံရေပြင်သို့ ဦးတည်ခုတ်မောင်းနေတာကို တွေ့ရှိခဲ့တဲ့အတွက် ကုန်တင်သင်္ဘော နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စစ်ဆေးမေးမြန်းနေတယ်လို့ တပ်မတော် ( ရေ ) က ထုတ်ပြန်ထားပါတယ်။

ကနဦး စစ်ဆေးမေးမြန်းချက်တွေအရ မြန်မာ့ရေပိုင်နက်ထဲ လူမပါဘဲရောက်ရှိနေတဲ့ SAM Ratulangi ကုန်တင်သင်္ဘောဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ သင်္ဘောဖျက်စက်ရုံကိုပို့ဆောင်ဖို့ သြဂုတ် ၁၃ ရက်မှာ အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာမြို့ကနေ စတင်ထွက်ခွာခဲ့တယ်လို့ဆိုပါတယ်။
၂၀၀၁ ခုနှစ်က တည်ဆောက်ထားပြီး Palau နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘောဖြစ်
သြဂုတ် ၂၆ ရက်နေ့မှာ ရန်ကုန်မြစ်ဝ တောင်ဘက်ကိုရောက်ရှိစဉ် ရာသီဥတုဆိုးရွားတာကြောင့် တွဲဆွဲကြိုးအချို့ ပြတ်တောက်ကာ ရေယာဉ်မှာ ရေစီးကြောင်းနှင့်အတူမျောပါသွားပြီး ဆက်သွားဖို့ အခက်အခဲရှိတဲ့ အတွက် ယခုတွေ့ရှိရာ နေရာအနီးမှာထားခဲ့တာဖြစ်တယ်လို့တွဲဆွဲရေယာဉ်မှာ လိုက်ပါလာသူတွေကို မေးမြန်းချက်တွေအရ သိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒေသခံတွေရဲ့ သတင်းပေးမှုကြောင့် သြဂုတ်လ ၃၀ ရက်နေ့ မနက်အစောပိုင်းမှာ မြန်မာ့ ရေတပ်နဲ့ ရဲတပ်ဖွဲ့က အရာရှိတွေ အပါအဝင် အစိုး ပိုင်းက သွားရောက် စုံစမ်းခဲ့ကာ သင်္ဘောကြီး ရှိနေတာကို အတည်ပြုခဲ့ကြတာပါ။

သောင်တင်နေတဲ့ သင်္ဘောကြီးဟာ ခါးကျိုးနေတာကိုလည်း သွားရောက် ကြည့်ရှုတဲ့သူတွေက သတိထား မိကြပါတယ်။

ဒေသခံတွေရဲ့ သတင်းပေးမှုကြောင့် မြန်မာ့ရေပိုင်နက်ထဲရောက်နေတာကို သိခဲ့ရတဲ့ ဒီကုန်တင်သင်္ဘောရဲ့ မူလပိုင်ရှင် ဘယ်သူဘယ်ဝါဆိုတာကို သိရှိနိုင်ဖို့ကိုတော့ ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ Palau ship registry ကို သြဂုတ် ၃၁ရက်နေ့က အီးမေးပို့ပြီး မေးမြန်းထားခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာ့ရေပိုင်နက်ထဲ နိုင်ငံခြား ကုန်တင်သင်္ဘောတစီး ရောက်နေတာကို ဒေသခံတွေ သတင်းပေးမှ အာဏာပိုင်တွေဘက်က သိရှိခဲ့တာကြောင့်လည်း လုံခြုံရေးနဲ့ပတ်သက်ပြီး အများပြည်သူအကြားမှာ ဝေဖန်ပြောဆိုမှုတွေ ကလည်းရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese
SAM Ratulangi ကုန်တင်သင်္ဘော မြန်မာ့ရေပိုင်နက်ထဲ ဘယ်လိုရောက်နေသလဲ SAM Ratulangi ကုန်တင်သင်္ဘော မြန်မာ့ရေပိုင်နက်ထဲ ဘယ်လိုရောက်နေသလဲ Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.