ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးပွဲ PNLO ဦးဆောင်ပြုလုပ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကရဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဆွေးနွေးပွဲရလဒ်တွေကို ပြန်လည်သုံးသပ်ပွဲ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က တောင်ကြီးမြို့မှာ ကျင်းပစဉ်။ ။ ဓာတ်ပုံ - မြတ်မိုးသူ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ဦးဆောင်ပြီး ၂၁ ရာစု ပင်လုံညီလာခံ ဆွေးနွေးပွဲရလဒ်တွေကို ပြန်လည်သုံးသပ်ပွဲကို တောင်ကြီးမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တက်ရောက်လာသူတွေနဲ့ အမေးအဖြေပုံစံမျိုး ပြုလုပ်ခဲ့တယ်လို့ ပွဲကျင်းပရေးကော် မတီ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ PNLO အဖွဲ့က ခွန်မင်းသိန်းက ပြောပါတယ်။

"ဒီနေ့တော့ မနက်ပိုင်းကျတော့ ဖွင့်ပွဲနဲ့ပဲပြီးသွားတယ်၊ ဒီနေ့လယ်ပိုင်းအခြေအနေတော့ အမေးအဖြေကဏ္ဍ အခြေအနေတော့ရှိတာပေါ့၊ အဓိကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်းကို ရှင်းပြတဲ့ပုံစံတွေပါပဲ၊ လူထုတွေက နည်းနည်းလေးသိပ်အားမရတဲ့ အပိုင်းတွေရှိတယ်၊ အဲဒီအခါ ထမေးကြတဲ့ပုံစံပါပဲ၊ အဓိကကတော့ Resource Prerson တွေကတော့ ၃ ယောက် ၄ ယောက်လောက်တော့ ရှိတယ်၊ ရှေ့ဆောင်နာယကကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာရယ်၊ ဦးခွန်မြင့်ထွန်းတို့၊ JMC နဲ့ပတ်သက်တဲ့အကြောင်းအရာ ပေါ်လာတယ်ဆိုရင် ဒုတိယဗိုလ်မှူးကြီး ခွန်အောင်မန်းတို့ ရှင်းပြပေးတာတော့ရှိပါတယ်"

ဒီပွဲကို တောင်ကြီးမြို့က Royal Taunggyi Hotel မှာ ဒီနေ့ကစပြီး လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

နောက်ရက်တွေမှာ ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးရလဒ်တွေနဲ့ ပတ်သက်ပြီး သုံးသပ်သွားဖို့ရှိတယ်လို့လည်း ခွန်မင်းသိန်းက ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို ပအိုဝ့်နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပအိုဝ့်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေ၊ ပအိုဝ့် အရပ်ဖက်အဖွဲ့အစည်းတွေ စုစုပေါင်းအင်အား ၁၅၀ လောက် တက်ရောက်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ NCA လက်မှတ်ထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေဟာ ၂၁ ပင်လုံညီလာခံက ရလဒ်တွေအပေါ် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေး ကျင်းပခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးပွဲ PNLO ဦးဆောင်ပြုလုပ် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးပွဲ PNLO ဦးဆောင်ပြုလုပ် Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.