လှုပ်ရှားမှု နည်းပါးသူ သန်း ၁၄ဝဝ ကျော် သေဆုံးနိုင်


ကမ္ဘာတဝန်းက အရွယ်ရောက်ပြီးသူ သန်းပေါင်း ၁၄ဝဝ ကျော်ဟာ ကိုယ်လက်လှုပ်ရှားမှု အလုံအလောက် မပြုလုပ်ကြတဲ့အတွက် ကြောက်မက်ဖွယ်ရောဂါတွေနဲ့ သေဆုံးမယ့် အန္တရာယ်ရှိနေပြီလို့ သုတေသန ပညာရှင်တွေရဲ့ တွေ့ရှိချက်ကို ကမ္ဘာ့ကျန်းမာရေးစာစောင် The Lancet Global Health Journal မှာ မနေ့က ဖေါ်ပြလိုက်ပါတယ်။ အဲဒီအစီရင်ခံစာအတွက် ၂ဝ၁၆ ခုနှစ်အတွင်း နိုင်ငံ ၁၆၈ နိုင်ငံက လူ ၂ သန်းနီးပါးကို သုတေသနပြုခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ကမ္ဘာပေါ်က အမျိုးသမီး ၃ ပုံ ၁ ပုံနဲ့ အမျိုးသား ၄ ပုံ ၁ ပုံဟာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးပြီး သက်တောင့်သက်သာ နေထိုင်ကြတဲ့အတွက် နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်နေကြရတယ်လို့ သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း ကမ္ဘာပေါ်ရှိ ကျန်းမာရေးဌာနတွေက အကြိမ်များစွာ ထုတ်ပြန်နှိုးဆော်နေခဲ့ပေမယ့်လည်း လူတွေဟာ ကိုယ်လက်လှုပ်ရှားမှုကို အလေးအနက်ထားပြီး အရင်ကထက် ပိုမိုလုပ်ဆောင်လာခြင်း မရှိကြောင်းနဲ့ ချမ်းသာတဲ့နိုင်ငံမှာ နေထိုင်သူတွေက ပိုပြီးသက်တောင့်သက်သာနေကြကြောင်းလည်း ပညာရှင်တွေက ပြောပါတယ်။

အရွယ်ရောက်ပြီးသူတွေအနေနဲ့ တပတ်မှာ လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီးစတဲ့ အလည်အလတ် လေ့ကျင့်ခဏ်းမျိုးဆိုရင် ၁၅ဝ မိနစ်နဲ့ ပြေးလွှားခြင်း၊ အဖွဲ့လိုက်ကစားခြင်းမျိုးတွေဆိုရင်တော့ ၇၅ မိနစ်ခန့် အနည်းဆုံး ပြုလုပ်သင့်တယ်လို့ မနေ့က ဖေါ်ပြတဲ့ ဆောင်းပါးမှာ ပညာရှင်တွေက အကြံပေးထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
လှုပ်ရှားမှု နည်းပါးသူ သန်း ၁၄ဝဝ ကျော် သေဆုံးနိုင် လှုပ်ရှားမှု နည်းပါးသူ သန်း ၁၄ဝဝ ကျော် သေဆုံးနိုင် Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.