မူဆယ်-ပန်ဆိုင်း လမ်းပေါ်က ကျေးရွာမှာ မိုင်းနှစ်လုံး ပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်တောင်းကျေးရွာမှာ ၂၀၁၈၊ စက်တင်ဘာ ၁၉ ရက်နေ့က မိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတစ်ဦးကို မူဆယ်ဆေးရုံတွင် တွေ့ရစဉ် ။ ဓါတ်ပုံ - ဦးသောင်းထွန်း
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ပန်ဆိုင်း (ကြူကုတ်) လမ်းပေါ်က နမ့်တောင်းကျေးရွာမှာ ဒီကနေ့ ညနေပိုင်း သုံးနာရီကျော်က မိုင်းနှစ်လုံး ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နမ့်တောင်းကျေးရွာက MY Tel တာဝါတိုင်းအနီးမှာ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် ပေါက်ကွဲရာမှာ လူတွေထိခိုက်တာလို့  မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက RFA ကို ဒီနေ့ ပြောပါတယ်။

မိုင်းပေါက်ကွဲတာ မှန်ကန်ကြောင်း မူဆယ်မြို့မ ရဲစခန်း တာဝန်ရှိသူက RFA ကို အတည်ပြုပြောဆိုပါတယ်။ ကနဦး မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ပန်ဆိုင် (ကြူကုတ်) အပိုင်း နောင်တောင်းရွာမှာဖြစ်ပြီး မိုင်းထိတဲ့အတွက် ဆိုင်ကယ် စီးလာတဲ့ အမျိုးသမီး နှစ်ဦးထဲက တစ်ဦးသေဆုံးတယ်လို့ သတင်းရကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မိုင်းထိမှန်မှုကြောင့် အမျိုးသမီး သုံးဦး ထဲက တစ်ဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့ပြီး ဆေးရုံပို့ချိန် သေဆုံးခဲ့သလို ကျန်နှစ်ဦးကိုလည်း နီးစပ်ရာ ကားနဲ့ မူဆယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့ အခြေအနေတွေ့ ရတယ်လို့ ဦးသောင်းထွန်း က ပြောပါတယ်။

အဲဒီဒေသမှာ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့တွေ၊ NCA လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း အတော်များများ ရှိပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

RFA Burmese
https://www.rfa.org/burmese
မူဆယ်-ပန်ဆိုင်း လမ်းပေါ်က ကျေးရွာမှာ မိုင်းနှစ်လုံး ပေါက်ကွဲ မူဆယ်-ပန်ဆိုင်း လမ်းပေါ်က ကျေးရွာမှာ မိုင်းနှစ်လုံး ပေါက်ကွဲ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.