ကမန်တွေကို နိုင်ငံသားကတ်ပြား ထုတ်ပေးခဲ့တဲ့အပေါ် လ၀က၀န်ကြီး ပြောကြား

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ်/ Photo: Win Ko Ko Latt/RFA
ရခိုင်ပြည်နယ် ကျောက်နီမော်ရွာမှာ ရိုဟင်ဂျာ မွတ်စလင် သုံးထောင်ကျော်ကို နိုင်ငံသား မှတ်ပုံတင်ကတ် ထုတ်ပေးခဲ့တာနဲ့ ပတ်သက်လို့ မကျေနပ်မှုတွေဖြစ်ပေါ်နေတဲ့အပေါ်မှာ ပြန်လည်စိစစ်ပြီး ရှင်းလင်းတင်ပြသွားမယ်လို့ လ၀က ၀န်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ အလုပ်သမားဈေးကွက် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲမှာ သတင်းထောက်တွေက ကမန်ကိစ္စအပေါ် မေးမြန်းရာ ၀န်ကြီး ဦးသိန်းဆွေ က အခုလို ပြောပါတယ်။

"မှတ်ပုံတင်ပေးတဲ့လုပ်ငန်းဟာ လဝကရဲ့ လုပ်ငန်းပါပဲ၊ အဲဒီ ကမန်တွေဟာ တိုင်းရင်းသားတွေပြောတယ်၊ သူတို့ကို မှတ်ပုံတင်ပေးတဲ့လုပ်ငန်းကလည်း ၁၉၈၂ ဥပဒေနဲ့အညီ စိစစ်ပြီးတော့ပေးခဲ့တာဖြစ်ပါတယ်၊ ကမန်တိုင်းရင်းသားအများစုကတော့ ရခိုင်ပြည်နယ်မှာနေပါတယ်၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ စစ်တွေ တို့မှာရှိပါတယ်၊ အဲဒီတိုင်းရင်းသားတွေကို စနစ်တကျစီစစ်ပြီးတော့မှ ပေးခဲ့တာဖြစ်ပါတယ်"

ကမန်တိုင်းရင်းသားပါတီက အဲဒီလို နိုင်ငံသားကတ်ထုတ်ပေးခဲ့သူတွေဟာ ကမန်လူမျိုးမဟုတ်ဘူးဆိုပြီး ကန့်ကွက် ထားတာရှိနေတဲ့အပေါ် ပြန်လည်စိစစ်သွားမှာဖြစ်သလို ဥပဒေနဲ့အညီ စနစ်တကျထုတ်ပေးခဲ့တာဖြစ်ကြောင်း ရှင်းလင်းတင်ပြမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက နေပြည်တော်က လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက အထူးအဖွဲ့ တစ်ခုဟာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုက မွတ်စလင်တွေကို နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တယ်ဆိုပြီး ရခိုင်ပြည်နယ်အတွင်းမှာ ကန့်ကွက်တာတွေ ရှိနေပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာမှာကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ရထားတဲ့ မဲပေးခွင့်ရသူ ကမန် တိုင်းရင်းသား ၂၉၀ ကျော်ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးထားတာ လူဦးရေပေါင်း ၃၃၀၀ ကျော်အထိရှိတဲ့အတွက် မွတ်စလင်တွေကို ထုတ်ပေးတာဆိုပြီး ကန့်ကွက်ကြတာလည်း ရှိပါတယ်။

အဲဒီကိစ္စအပေါ် ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးက ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်ထားတာကို မကြာခင်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကမန်တွေကို နိုင်ငံသားကတ်ပြား ထုတ်ပေးခဲ့တဲ့အပေါ် လ၀က၀န်ကြီး ပြောကြား ကမန်တွေကို နိုင်ငံသားကတ်ပြား ထုတ်ပေးခဲ့တဲ့အပေါ် လ၀က၀န်ကြီး ပြောကြား Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.