ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့သားပိုင် အင်းလေးကန်က မြေဧက ၉၀ ကို ဘေးမဲ့တော သတ်မှတ်သင့်ကြောင်း တင်ပြ

အင်းလေးကန်ထဲက မိုင်းသောက်ကျေးရွာအနီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ လုပ်ပိုင်ခွင့်ရရှိထားတဲ့ မြေကို တွေ့ရစဉ်/ Photo: Thant Zin Oo/RFA
ရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲက မိုင်းသောက်ကျေးရွာအနီးမှာ လုပ်ပိုင်ခွင့် ရရှိထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ ပိုင်တဲ့ (Myanmar Naing Group Co, Ltd) ရဲ့ မြေဧက ၉၀ ကို ဘေးမဲ့တောဧရိယာအဖြစ် ပြန်လည်သတ်မှတ်သင့်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးက အမျိုးသားလွှတ်တော်ရုံးကို အစီရင်ခံစာပေးပို့ထားတယ်လို့ သိရပါတယ်။

ဝန်ကြီးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကို ဆက်သွယ်မေးမြန်းရာမှာ RFA အခုလို ပြောပါတယ်။

"ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာလုပ်လည်း ကျနော် ကန့်ကွက်မှာပဲ၊ လောလောဆယ် ဆိုးကျိုးဖြစ်သွားတာကတော့ ကျနော်တို့ ဒေသခံတွေအချင်းချင်း နည်းနည်းသွေးကွဲသွားတယ်ဗျ၊ ပြည်သူတွေ ကန့်ကွက်တဲ့စာအရရယ်၊ နောက် ပြည်သူတွေ တိုင်ကြားစာအရရယ်၊ ကျနော်တို့ အမျိုးသားလွှတ်တော် သယံဇာတကော်မတီကို စာရောက်တယ်၊ သယံဇာတကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ၀န်ကြီးဌာနကိုပို့တယ်၊ ဒါဟာ သဘာဝဘေးမဲ့တောပဲ ဖြစ်သင့်တယ်ဆိုပြီးတော့ အကြံဥာဏ်ပြုတယ်၊ ၀န်ကြီးဌာနကနေ ရှမ်းပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်နဲ့ ဒီမြေလွတ်မြေရိုင်းကနေ သဘာဝဘေးမဲ့တောအဖြစ် အသိအမှတ်ပြုသင့်ပါသည်ဆိုတဲ့ သဘောထားပေါ့ဗျာ"

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

အဲဒီ ဧက ၉၀ နေရာဟာ သစ်တောရေးရာဝန်ကြီးဌာနက ၂၀၁၁ ခုနှစ် ၃ လပိုင်းက ဘဘာဝ ဘေးမဲ့တော ဧရိယာထဲကနေ မြေလွတ်မြေရိုင်းအဖြစ် ပယ်ဖျက်ပေးခဲ့တာဖြစ်ပေမယ့် သဘာဝကျွန်းမျောနေရာဖြစ်လို့ အင်းလေးကန်ရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားမှာ စိုးရိမ်တဲ့အတွက် ဒေသခံတွေက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီဘက်ကလည်း ကျေးရွာတွေမှာ လိုအပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ပေးမယ်ဆိုပြီး စည်းရုံးမှုတွေ ရှိတာကြောင့် ထောက်ခံတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းမဖြစ်ရင် ဒေသဖွံ့ဖြိုးရေးတွေ မရတော့ဘူး ဆိုပြီး ထောက်ခံတဲ့သူတွေနဲ့ ကန့်ကွက်တဲ့သူတွေအကြား စိတ်သဘောထားတွေ ကွဲလွဲတာတွေရှိပေမယ့် ဒေသဖွံ့ဖြိုးရေးကို အစိုးရက တာဝန်ယူလုပ်ဆောင်ပေးမှာဖြစ် တယ်လို့ ဦးနေမျိုးက ပြောပါတယ်။

အင်းလေးကန်ရဲ့ ၁၀ မိုင်ပတ်လည်မှာ ဟိုတယ်တွေ ထပ်ပြီးဆောက်ခွင့် မပြုတော့ဘူးလို့ အရင် အစိုးရလက်ထက် က အမိန့်ထုတ်ပြန်ခဲ့သလို ဟိုတယ်ဇုံအဖြစ် သတ်မှတ်ထားတဲ့ ဧက ၆၀၀ ကျော်နေရာမှာလည်း ဟိုတယ် ၂ လုံးပဲ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။

အင်းလေးကန်ဟာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ဇီဝ ၀န်းကျင်အမွေအနှစ်လည်းဖြစ်သလို အာဆီယံ အမွေအနှစ်ဥယျာဉ်နဲ့ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအဖြစ် ၂၀၁၄ ခုနှစ်စပြီး သတ်မှတ်ထားတဲ့နေရာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့သားပိုင် အင်းလေးကန်က မြေဧက ၉၀ ကို ဘေးမဲ့တော သတ်မှတ်သင့်ကြောင်း တင်ပြ ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့သားပိုင် အင်းလေးကန်က မြေဧက ၉၀ ကို ဘေးမဲ့တော သတ်မှတ်သင့်ကြောင်း တင်ပြ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.