ကျောက်မီးသွေးတွင်း၌ ပေါက်ကွဲမှုဖြစ်ရာ သုံးဦးသေဆုံး ငါးဦးပိတ်မိနေ


ဆော ၆ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်မြောင်းကျေးရွာနှင့် (၂)မိုင်ခန့်အကွာ ထွန်းရာဇ သတ္တုတွင်း တူးဖော်ရေးကုမ္ပဏီလီမီတက်မှ ကျောက်မီးသွေးတွင်း စက်တင်ဘာလ ၆ ရက်နေ့နံနက်က ပေါက်ကွဲမှုဖြစ်ရာ သုံးဦးသေဆုံးပြီး ငါးဦးပိတ်မိနေကြောင်း သိရသည်။

အလုပ်သမားခေါင်းဆောင် ကိုနိုင်ဦး ဦးဆောင်သည့်(၁၃)ဦးအဖွဲ့သည် ယနေ့နံနက်က အလုပ်စတင်ဝင်ရောက်ရန် ကျောက်မီးသွေးတွင်းအတွင်း ဝင်ရောက်ရာ ပေ ၃၀၀ ကျော်အရောက် ၈ နာရီခွဲခန့် အချိန်ကျောက်မီးသွေးတွင်း၌ ပေါက်ကွဲမှုဖြစ်ရာ ဝင်ရောက်သူ (၁၃)ဦးအနက် (၇)ဦး ပြင်ပသို့ ထွက်ခဲ့နိုင်ခဲ့ပြီး(၆)ဦး ပိတ်မိနေသေးကြောင်း အလုပ်သမားခေါင်းဆောင် ကိုနိုင်ဦးပြောပြချက်အရ သိရသည်။


အဆိုပါပြင်ပသို့ထွက်ရှိလာသူ(၇)ဦးတွင် တစ်ကိုယ်လုံး စုတ်ပြတ်ဒဏ်ရာရရှိသူ(၂)ဦးနှင့် ဦးခေါင်းမီးလောင်ဒဏ်ရာရှိသူ(၁)ဦးအား ဆောမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ရာ တစ်ကိုယ်လုံးစုတ်ပြတ်ဒဏ်ရာ ရရှိသူ(၂)ဦးသည် လမ်းတွင်သေဆုံးပြီး ဦးခေါင်းမီးလောင်ဒဏ်ရာရှိသူတစ်ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်လင်းထံမှ သိရသည်။

ကျန်ရှိပိတ်မိနေသူ(၆)ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်လင်းဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အဆိုပါကျောက်မီးသွေးတွင်းမှ အလုပ်သမားများသည် ပြင်ပသို့ ကယ်ထုတ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် ပိတ်မိနေသူ(၆)ဦးအနက်မှ အသက် ၁၇ နှစ်ရှိ မောင်အောင်ဇင်ထွန်းအလောင်းအား တစ်ကိုယ်လုံးစုတ်ပြတ်ဒဏ်ရာဖြင့် ပြင်ပသို့ထုတ်ယူနိုင်ခဲ့သည်။

ပိတ်မိနေသူကျန်ရှိ(၅)ဦးအား ပြင်ပသို့ကယ်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ကျောက်မီးသွေးတွင်း၌ ပေါက်ကွဲမှုဖြစ်ရာ သုံးဦးသေဆုံး ငါးဦးပိတ်မိနေ ကျောက်မီးသွေးတွင်း၌ ပေါက်ကွဲမှုဖြစ်ရာ သုံးဦးသေဆုံး ငါးဦးပိတ်မိနေ Reviewed by THITHTOOLWIN on 08:07 Rating: 5
Powered by Blogger.