မန်ခွတ်တိုင်ဖွန်း မြန်မာအပေါ် ဘယ်လိုသက်ရောက် နိုင်သလဲ

ဖိလစ်ပိုင်မှာ တိုင်ဖွန်း မုန်တိုင်း ၀င်မွှေနေ
ဖိလစ်ပိုင်ကိုဝင်နေတဲ့ မန်ခွတ် တိုင်ဖွန်းမုန်တိုင်းဟာ လာမယ့် ၃ ရက်အတွင်း မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိလာနိုင်တာကြောင့် ဆည်မြောင်းတာတမံတွေကို သတိပြု စောင့်ကြည့်ဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြိုတင် သတိပေးထားပါတယ်။

တိုင်ဖွန်း မုန်တိုင်း မန်ခွတ်ဟာ ကုန်တွင်းမုန်တိုင်းအဖြစ်ပြောင်းလဲပြီးနောက် မြန်မာနိုင်ငံကို နောက် ၃ ရက်အတွင်း အရှေ့လေပွေလှိုင်းအဖြစ် ဝင်ရောက်လာဖို့ရှိနေပါတယ်။

နောက်ဆက်တွဲအနေနဲ့ ဒေသ အလိုက် မိုးကြီးတာတွေ လည်းဖြစ်ပေါ်နိုင်တဲ့အတွက် ရေကြီးရေလျှံတာတွေမဖြစ်ပေါ်စေဖို့ ဆည်မြောင်း တာတမံ တွေကို သတိထား စောင့်ကြည့်ဖို့လိုမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒသညွှန်ကြားမှုဦးစီးဌာနက ကြိုတင်သတိပေးထားပါတယ်။

အင်အားအလွန်ပြင်းထန်တဲ့ တိုင်ဖွန်း မုန်တိုင်း မန်ခွတ်ဟာ တနာရီကို ၁၁၅မိုင်နှုန်းနဲ့ ဖိလစ်ပိုင် နိုင်ငံကို အပြင်းအထန်ဝင်ရောက်တိုက်ခိုက်နေပြီး တရုတ်၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဝင်ရောက်မှာဖြစ်ပါ တယ်။ အဲဒီနောက်စက်တင်ဘာ ၁၈ရက်နေ့မှာ မြန်မာနိုင်ငံကို မုန်တိုင်း အကြွင်းအကျန် လေပွေလှိုင်းတွေ အဖြစ် ဝင်ရောက်လာနိုင်ခြေရှိနေတာဖြစ်ပါတယ်။


အရင်ကာလတွေက ဖြစ်ခဲ့တဲ့မုန်တိုင်းတွေကို ပြန်ကြည့်ရင် တောင်တရုတ် ပင်လယ်မှာ ဖြစ်တဲ့ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာကာ မြစ်ချောင်းတွေ ရေပြည့်ပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်နိုင်ကြောင်း ၊ ဆည်တွေမှာလည်း မိုးကုန်ခါနီး ရေပြည့်နေချိန် ဖြစ်လို့ ကြိုတင် သတိပေးထားရကြောင်းနဲ့ လက်ရှိ ခန့်မှန်းချက် အရတော့ ရှမ်းပြည်နယ်မှာ မုန်တိုင်း တိမ်တိုက် အကြွင်းအကျန် တွေဖြစ်မယ် ၊ မြန်မာနိုင်ငံ အလယ်ပိုင်း မှာလည်း သတိထားရမယ့် အနေအထား နဲ့ အဲဒီထက် အားကောင်းလာရင် မြန်မာ နိုင်ငံ မြောက်ပိုင်း နဲ့ ချင်းပြည်နယ်တို့မှာ ထပ်ပြီး ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး က ပြောပါတယ်။

လေပွေလှိုင်းအရှိန်ကြောင့် ရုတ်တရက်မိုးကြီးနိုင်တဲ့ဒေသတွေထဲမှာ စစ်ကိုင်း၊ မန္တလေးစတဲ့မြို့တွေ လည်း ပါဝင်ပြီး လတ်တလောကာလမှာပဲ စစ်ကိုင်းတိုင်းအတွင်းက ရာဇဂြိုဟ် မြောက်ယမား စတဲ့ ရေလှောင် တမံတွေမှာ လည်း ရေပိုလွှဲကနေ ရေအနည်းငယ်ကျော်နေတဲ့ အနေအထားရှိနေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း မိုးကြီးတာကြောင့် ဆွာချောင်း ရေလှောင်တမံရဲ့ ရေပိုလွှဲ နံရံ ဟာ ရေအားဒဏ်ကိုမခံနိုင်ဘဲ ပဲ့ကျပျက်စီးခဲ့တဲ့အတွက် ဆည်ထဲကရေတွေ စီးထွက်ကုန်ပြီး လူတွေ ရွာလုံးကျွတ် ရုတ်တရက် ထွက်ပြေးခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

လူပေါင်းသောင်းနဲ့ချီရေဘေးသင့်စေခဲ့တာကြောင့်နောင်အလားတူဖြစ်ရပ်တွေမဖြစ်စေဖို့ ဆည်မြောင်း တာတမံတွေရဲ့ ကြံ့ခိုင်ရေးအခြေအနေတွေကို စောင့်ကြည့်စစ်ဆေးပြီး ကြိုတင်ကာကွယ်တာတွေကို လုပ်တော့မယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ သတင်းထုတ်ပြန် ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကွင်းဆင်းစစ်ဆေးဖို့ အဖွဲ့ ၄ဖွဲ့ ကို စက်တင်ဘာ ၁၃ရက်နေ့ကတည်းက ဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြောပါတယ်။

BBC Burmese
https://www.bbc.com
မန်ခွတ်တိုင်ဖွန်း မြန်မာအပေါ် ဘယ်လိုသက်ရောက် နိုင်သလဲ မန်ခွတ်တိုင်ဖွန်း မြန်မာအပေါ် ဘယ်လိုသက်ရောက် နိုင်သလဲ Reviewed by THITHTOOLWIN on 07:44 Rating: 5
Powered by Blogger.