စတော်ဘယ်ရီထဲ အပ် တွေ့လို့ ဩစတြေးလျမှာ ထိတ်လန့်နေ

ဆစ်ဒနီ မြို့က စတော်ဘယ်ရီ ခြင်းတွေ နဲ့ ငှက်ပျောသီးခြင်းတွေကို သီးသန့် ခွဲထား
ဩစတြေးလျ နိုင်ငံ က ပန်းသီး၊ ငှက်ပျောသီး နဲ့ စတော်ဘယ်ရီ သီးတွေ ထဲမှာ ချုပ်အပ်တွေ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ရဲ က ထုတ်ဖော် ပြောကြား ခဲ့ပြီး နောက်မှာ လူထု ကြားထဲ စိုးရိမ် ထိတ်လန့်မှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်ထဲက ဩစတြေးလျ နိုင်ငံက ဒေသ အသီးသီး မှာ စတော် ဘယ်ရီခြင်းတွေ ထဲမှာ အပ်တွေ ဖွက်ထား တာ ကို တွေ့ ရှိခဲ့ကြတယ် ဆိုတာ ကို ထုတ်ဖော် ပြောဆို ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို စားစရာတွေ ထဲမှာ အပ်တွေ ရှာတွေ့တဲ့ ကိစ္စ က အင်မတန်မှ ကြောက် စရာ ကောင်းတဲ့ ပြစ်မှု ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဂျရတ် ဟန့် က ထုတ်ဖော် ပြောကြား ပါတယ်။ ပြီးတော့ ဒီကိစ္စ ကို ရဲတပ်ဖွဲ့ အနေနဲ့ အမြန်ဆုံး ဖြေရှင်း ပေးဖို့ ကိုလည်း သူက တောင်းဆို လိုက်ပါတယ်။

အခု လက်ရှိ အချိန်မှာတော့ ဆစ်ဒနီ မြို့က စတော်ဘယ်ရီ ခြင်းတွေ နဲ့ ငှက်ပျောသီးခြင်းတွေကို သီးသန့် ခွဲထား လိုက်ပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ပြောပါတယ်။ ဒါပေမယ့် စတော်ဘယ်ရီတွေ ထဲမှာ အပ်တွေ ပါလာတဲ့ ကိစ္စ က နယူး ဆောက်ဝေး ပြည်နယ် တခုထဲမှာ တင် အမှု ၂၀ လောက် ရှိကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဒန်နီရယ် ဒိုဟာတီ က ပြောပါတယ်။

စတော်ဘယ်ရီ ထဲမှာ အပ်ပါတဲ့ ကိစ္စ က ကွင်းစလန်း ပြည်နယ် မှာ စတင် ဖြစ်ပွား ခဲ့ပြီး တနိုင်ငံလုံး နီးပါး အုတ်အော်သောင်းသဲ ဖြစ်သွားခဲ့ရပါတယ်။ ဒီအမှု ကို စုံစမ်း စစ်ဆေး နေပြီ၊ တဦးတယောက်တည်း က ကျူးလွန်တဲ့ ပြစ်မှုလား၊ အဖွဲ့လိုက် ကျူးလွန်တဲ့ ပြစ်မှုလား ဆိုတာ ကိုလည်း ရဲတပ်ဖွဲ့ က စုံစမ်း နေပါတယ်။
စတော်ဘယ်ရီ ထုတ်လုပ်တဲ့ အမှတ်တံဆိပ် တချို့လည်း သူတို့ ရဲ့ ထုတ်ကုန် တွေကို ပြန်လည် သိမ်းဆည်း ခဲ့
ပြီးခဲ့တဲ့ တပတ်တုန်း ကလည်း ချုပ် အပ် ပါတဲ့ စတော်ဘယ်ရီ သီးကို စားမိ တဲ့ လူ တယောက်ကို ဆေးရုံ တင်ပို့ ခဲ့ရတဲ့ အထိ အသည်းအသန် ဖြစ်ခဲ့တယ်လို့ ရဲ တပ်ဖွဲ့ က ဆိုပါတယ်။ ဒီလိုမျိုး စတော်ဘယ်ရီ ထဲမှာ အပ်ပါတဲ့ အမှု ကို လိုက်ပြီး တုပ မလုပ်ဆောင် ကြဖို့ နဲ့ သတင်းမှား ပေးပို့ သူတွေကိုလည်း ဆယ်နှစ် အထိ ထောင်ချ အရေး ယူ မယ်ဆိုပြီး ထုတ်ပြန် ထားပါတယ်။

အဲဒီနောက်မှာတော့ အသီးအနှံတွေထဲမှာ အပ် ပါတဲ့ အမှု က ဝိတိုရိယ ပြည်နယ်၊ မြို့တော် ကင်ဘာရာ ဒေသ တဝိုက်၊ နိုင်ငံ တောင်ပိုင်း နဲ့ မြောက်ပိုင်း ဒေသ တွေ အထိ ကို ပျံ့နှံ့သွားခဲ့ရပါတယ်။ စတော်ဘယ်ရီ ထုတ်လုပ်တဲ့ အမှတ်တံဆိပ် တချို့လည်း သူတို့ ရဲ့ ထုတ်ကုန် တွေကို ပြန်လည် သိမ်းဆည်း ခဲ့ရပါတယ်။

နယူးဇီလန် နိုင်ငံက အကြီးဆုံး စားသောက်ကုန် ရောင်းချရေး လုပ်ငန်း ကြီးဟာ ဆိုရင် ကြိုတင် ကာကွယ်မှု အနေနဲ့ ဩစတြေးလျ က တင်ပို့တဲ့ စတော်ဘယ်ရီ တွေကို ရောင်းချမှု ရပ်နား ခဲ့ပါတယ်။ ဩစတြေးလျ နိုင်ငံမှာတော့ လူထု အနေနဲ့ စတော်ဘယ်ရီသီး စားမယ် ဆိုရင် ခွဲစိတ် လှီးဖြတ်ပြီးမှ စားကြဖို့ ရဲတပ်ဖွဲ့က သတိပေး ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese
စတော်ဘယ်ရီထဲ အပ် တွေ့လို့ ဩစတြေးလျမှာ ထိတ်လန့်နေ စတော်ဘယ်ရီထဲ အပ် တွေ့လို့ ဩစတြေးလျမှာ ထိတ်လန့်နေ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.