သင်္ချိုင်းအတွင်း လူ(၂) ဦးအား မျက်နှာရုပ်ပျက် သေဆုံးသည့်တိုင်အောင် ရိုက်နှက်ခဲ့သည့် တရားခံများအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ


မန္တလေး၊ စက်တင်ဘာ ၁၀

၈-၉-၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ရွှေလွန်းကျေးရွာရှိ သင်္ချိုင်းအတွင်း လူ(၂)ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရ သွားရောက်စစ်ဆေးရာ သင်္ချိုင်းအ၀င်ဝ အုတ်ဂူပေါ်တွင် မျက်နှာဖူးယောင်ညိုမဲစုတ်ပြတ်ဒဏ်ရာများဖြင့် သေဆုံးအမျိုးသားအလောင်း(၁)လောင်း၊ အုတ်ဂူဘေးတွင် သေဆုံးအလောင်း (၁)လောင်း စုစုပေါင်း အလောင်း (၂)လောင်းအားတွေ့ရှိရသဖြင့် အမရပူရမြို့မ ရဲစခန်း (ပ)၄၃၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။


အမှုမှပြစ်မှုကျူးလွန်သွားသူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့များအားဖွဲ့စည်းပြီး အခင်းဖြစ်ရပ်အားအသေးစိတ်စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်သက်သေများအား စစ်ဆေးဆောင်ရွက်ခြင်းများအား ဆောင်ရွက်စေခဲ့ရာ သေဆုံးသူများမှာ မြင့်စိုး၊ ၅၉ နှစ်၊ ကံသာရပ်၊ ဟင်္သာကျေးရွာ အုပ်စု၊ အမရပူရမြို့နယ်နေသူနှင့် ရဲမြင့်(ခ)ရဲဝင်း၊ ၄၉ နှစ်၊ ပန်းဘဲမြောက်၊ ဟင်္သာကျေးရွာအုပ်စု၊ အမရပူရမြို့နယ် နေသူများဖြစ်ကြောင်းသိရှိခဲ့ရသည်။

ဆက်လက်စစ်ဆေးရာ ၄င်းတို့နှင့် အရက်သေစာအမြဲသောက်စားလေ့ရှိသူ စိုင်းဝေကျော်(ခ)ရှမ်းလေးတွင် အပေါ်နှုတ်ခမ်းဝဲဘက်တွင် ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်လက်ဖျံတွင် ဖူးယောင်ဒဏ်ရာ၊ ခြေဖ၀ါးတွင် သွေးများ ပေနေသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် သက်သေများရှေ့စစ်မေးရာ ၄င်းတို့အဖွဲ့နှင့် မြင့်စိုးနှင့် ရဲမြင့် (ခ) ရဲဝင်းတို့ သင်္ချိုင်းအတွင်း အရက်အတူသောက်နေစဉ် အရက်မူးလာပြီး တစ်ဖက်နှင့် တစ်ဖက်စကားများရန်ဖြစ်ရာမှ ခိုက်ရန်ဖြစ်ပွားပြီး တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ရာမှ သေဆုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပါဝင်ကျူးလွန်သူ စိုင်းဝေကျော်(ခ) ရှမ်းလေး၊ အောင်နိုင်ဦး၊ ကျော်ဇောဦးနှင့် ညီညီအောင်တို့အား ၁၀.၉.၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီ၁၀ အချိန်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice
သင်္ချိုင်းအတွင်း လူ(၂) ဦးအား မျက်နှာရုပ်ပျက် သေဆုံးသည့်တိုင်အောင် ရိုက်နှက်ခဲ့သည့် တရားခံများအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ သင်္ချိုင်းအတွင်း လူ(၂) ဦးအား မျက်နှာရုပ်ပျက် သေဆုံးသည့်တိုင်အောင် ရိုက်နှက်ခဲ့သည့် တရားခံများအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:20 Rating: 5
Powered by Blogger.