နိုင်ငံတကာ ရာဇဝတ်ခုံရုံး ဆုံးဖြတ်ချက် မြန်မာ ပယ်ချ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေကို တွေ့ရစဉ် / Photo: UNHCR
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေကို မောင်းထုတ်ခဲ့မှုကို အရေးယူစစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီ ဆုံးဖြတ်ချက်ဟာ လုပ်ထုံးလုပ်နည်း ပြည့်စုံမှုမရှိတဲ့အပြင် ဘက်လိုက်မှု သံသယဖြစ်ဖွယ်ရာ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ပယ်ချလိုက်တယ်လို့ မြန်မာအစိုးရက သောကြာနေ့ မနေ့က ကြေညာလိုက်ပါတယ်။

နိုင်ငံတော် သမ္မတရုံးရဲ့ စက်တင်ဘာလ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံဟာ ICC  သဘောတူညီချက် Rome Statute ရုမ်းစတက်ကျု ကို ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်ခု မဟုတ်တဲ့အတွက် ICC ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ မလိုကြောင်း ထပ်မံပြောကြားလိုက်ပြီး ဒီဆုံးဖြတ်ချက်ဟာ ရိုးသားမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ မရှိတဲ့အပြင် လုပ်ထုံးလုပ်နည်းတွေအရလည်း မှားယွင်းနေကြောင်း ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာဒေသတွေကနေ မည်သူတစုံတစ်ဦးကိုမျှ မောင်းထုတ်ခဲ့ခြင်းမရှိဘဲ အဲဒီလို နေရပ်စွန့်ခွာထွက်ပြေးသွားသူတွေ သူတို့နေရပ်ပြန်လာရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ၂ ပြည်ထောင်အကြား နားလည်မှုစာချုပ်တွေ အများအပြားချုပ်ဆိုကာ ပြင်းပြင်းထန်ထန် ဝါယမစိုက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ရေးသားထားပါတယ်။

ဒါအပြင် နိုင်ငံတော်သမ္မတရုံးရဲ့ကြေညာချက်မှာ မိမိတို့အစိုးရအနေနဲ့ ၂ဝ၁၆ ခုနှစ် နိုင်ငံ့တာဝန်ယူပြီးတာနဲ့ ချက်ချင်း ဆိုသလို ရခိုင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ် ဖွံ့ဖြိုးရေးအတွက် ကော်မတီတရပ် ထူထောင်ဆောင်ရွက်ခဲ့သလို တဆက် တည်းမှာပဲ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်တစ်ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း ပါရှိပါတယ်။

ကြေညာချက် နောက်ပိုင်းမှာတော့ မြန်မာအစိုးရအနေနဲ့ မိမိနိုင်ငံပိုင်နက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပြစ်မှုကျူးလွန်မှု မှန်သမျှကို စုံစမ်းဖော်ထုတ်လိုကြောင်းနဲ့ အဲဒီလို စုံစမ်းစစ်ဆေးနိုင်စွမ်းလည်းရှိကြောင်း ရေးသား ထားပြီး ICC ရဲ့ အခုဆုံးဖြတ်ချက်ဟာ တရားဝင်စီရင်ပိုင်ခွင့်ကို ကျော်လွန်နေပြီး နိုင်ငံတကာ ဥပဒေနဲ့လည်း ကိုက်ညီမှုမရှိကြောင်း၊ အန္တရာယ်ရှိတဲ့ နမူနာတစ်ခုဖြစ်စေသလို ICC ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေကြောင်း စသဖြင့် သမ္မတရုံးရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
နိုင်ငံတကာ ရာဇဝတ်ခုံရုံး ဆုံးဖြတ်ချက် မြန်မာ ပယ်ချ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ဆုံးဖြတ်ချက် မြန်မာ ပယ်ချ Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.