တရုတ်က မြန်မာဘက်အခြမ်းမှာ မြေလာတူးတဲ့ ကိစ္စ ကန့်ကွက်စာ ပို့မည်

မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ဖိုင်းကောင်းရွာနဲ့ တရုတ်နိုင်ငံနယ်စပ် မြန်မာဘက်အခြမ်းမှာ တရုတ်နိုင်ငံ လုံခြုံရေးဝတ်စုံ ၀တ်ဆင်ထားသူတွေ ၂၀၁၈၊ စက်တင်ဘာ ၁၉ မနက်က မြေကုတ်ယာဉ်နဲ့ မြောင်းတွေ လာတူးနေတာကို တွေ့ရစဉ်။ Photo: Nammye Hpauyam
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်က ဖိုင်းကောင်းရွာနဲ့ တရုတ်နိုင်ငံနယ်စပ် မြန်မာဘက်အခြမ်းမှာ တရုတ်နိုင်ငံ လုံခြုံရေးဝတ်စုံ ၀တ်ဆင်ထားသူတွေဟာ ဒီနေ့ မနက် အစောပိုင်းက မြေကုတ်ယာဉ်နဲ့ မြောင်းတွေ လာတူးနေကြောင်း သတင်းရတဲ့အတွက် သွားရောက်ဟန့်တားခဲ့ပြီး တရုတ်ပြည်ပ ရေးရာဌာနကို ကန့်ကွက်ကြောင်း စာပေးပို့သွားမယ်လို့ မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

တရုတ်နိုင်ငံဘက်က ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှအကြောင်းကြားထားတာ မရှိတဲ့အတွက် ဆက်မလုပ်ဖို့ကို တားမြစ်ခဲ့ရာမှာ လုပ်ငန်းတွေ ရပ်သွားတယ်လို့ သွားရောက်ဟန့်တားရာမှာ ပါဝင်တဲ့ မူဆယ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး က RFA ကို ဒီနေ့ ပြောပါတယ်။

အခုလို တရုတ်ဘက်က လာရောက်မြေတူးဖော်မှုဟာ ဘာလုပ်ဖို့ဆိုတာကိုတော့ အတိအကျမသိရသေးဘူးလို့  မူဆယ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက RFA ကို ပြောပါတယ်။

ဖိုင်းကောင်းကျေးရွာဟာ ပန်ဆိုင်း (ကြူကုတ်) နဲ့ မုံးကိုး လမ်းပေါ်မှာရှိတာဖြစ်ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ မြန်မာဘက်အခြမ်းက ဒေသခံတွေနဲ့ တရုတ်နိုင်ငံအကြား အခုလို နယ်စပ်ပြဿနာအငြင်းပွားမှုရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖိုင်းကောင်းကျေးရွာနဲ့  နယ်စပ်တစ်လျှောက်မှာ တရုတ်ဘက်က ငါးကန်တွေ တူးထားပြီး ငါးမွေးတာ ရှိသလို မြန်မာဘက်က တောင်သူတွေကတော့ စပါး နဲ့ ပြောင်းကို အဓိက စိုက်ကြပြီး တစ်ခါတစ်ရံမှာ နယ်စပ်မျဉ်းပေါ် ကျနေတဲ့ စိုက်မြေကိစ္စမှာလည်း နှစ်နိုင်ငံ နယ်စပ်ကြားမှာ နေသူတွေအချင်းချင်း အငြင်းပွားကြတာလည်း ရှိ တယ်လို့ ဆိုပါတယ်။

နယ်စပ်မျဉ်းတစ်လျှောက်မှာ ဒီလို ပိုင်နက် အငြင်းပွားနေရတဲ့ နေရာတွေများစွာရှိနေပြီး မကြာခဏဆိုသလို ပြဿနာဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
တရုတ်က မြန်မာဘက်အခြမ်းမှာ မြေလာတူးတဲ့ ကိစ္စ ကန့်ကွက်စာ ပို့မည် တရုတ်က မြန်မာဘက်အခြမ်းမှာ မြေလာတူးတဲ့ ကိစ္စ ကန့်ကွက်စာ ပို့မည် Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.