ဖြိုဖျက်ခံ သင်္ဘောကွေ့ရွာသားများအတွက် ရွာတည်ရန်မြေနေရာမရသေး၍ သက်ဆိုင်ရာကို ဆက်လက် တင်ပြရန်စီစဉ်

(ဓာတ်ပုံ- မူလ ပိုင်ရှင်)

နိရဉ္စရာ၊စက်တင်ဘာ ၁၅

ဖြိုဖျက်ခံသင်္ဘောကွေ့ရွာသားများမှာ ကျောက်ပန်းတူ ကျေးရွာတွင် တဲထိုးနေထိုင်နေရသည်မှာ နှစ်လခန့် ကြာနေပြီ ဖြစ်သော်လည်း ကျေးရွာတည်ရန် မြေနေရာအတည်တကျမရရှိ သေးသည့်အတွက် ရခိုင်ပြည်နယ်အစိုးရနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာရေးတင်ပြသွားမည်ဟု တာဝန်ရှိသူ ရွာခေါင်းဆောင် ဦးစိန်အောင်က နိရဉ္စရာသတင်းဌာန သို့ပြောသည်။

“ကျွန်တော်တို့ သင်္ဘောကွေ့ရွာကို ဖြိုဖျက်လိုက်တာက ၉ ရက် ၇ လပိုင်းက ဖြိုဖျက်လိုက်တာ။ အဲဒီတော့ အခုဆိုရင် ကျွန်တော်တို့က နှစ်လကြာပြီလေ။ ကျွန်တော်တို့ အိမ်ထောင်စု ၃၅ စု အနေနဲ့ ဒီမောင်တောတောင်ပိုင်းမှာသင့်တော်တဲ့ ရွာသစ်တစ်နေရာ ရဖို့အတွက် ဒုက္ခခံပြီးတော့ စောင့်နေကြပါတယ်။ ဒီနေ့ဒီအချိန်ထိ ရခိုင်ပြည်နယ်အစိုးရဆီက ကျွန်တော်တို့ကို ဘာတစ်ခုမှ အကြောင်းကြားတာမရှိသေးဘူး”ဟု ကျောက်ပန်းတူဒုက္ခသည်စခန်းမှ ဦးစိန်အောင်က ပြောသည်။

ယခုလက်ရှိ ကျောက်ပန်းတူဒုက္ခသည်စခန်းတွင် မှီခိုနေထိုင်နေရသူမှာ အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၁၂၇ ဦးရှိသည်ဟု သိရသည်။

“ရခိုင်ပြည်နယ်အစိုးရဆီက ကျွန်တော်တို့ အကြောင်းကြားတာမရှိဘူး။အဲသလို မရှိသေးတဲ့ အခါကျတော့ ကျွန်တော်တိုမှာကလည်း စားဝတ်နေရေးကတစ်မျိုး၊ မိုးတွင်းကျတဲ့အခါဆိုတော့ ကျန်းမာရေး ကလည်း တစ်မျိုးဆိုတော့ ဒုက္ခတွေ အများကြီး ရောက်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ အစိုးရရဲ့ အကြောင်းပြန်ကြားချက်တစ်ခုကိုတော့ လိုချင်တယ်။ အွန်လိုင်း ကနေပြီးတော့ ၀န်ကြီးချုပ် ဦးညီပု ကိုခေါင်းစဉ်တပ်ပြီး ရေးတင်ထားတာတွေလည်း ရှိပါတယ်။ မထူးတဲ့ အတွက် အခုတော့ အခုစာရေးနေပါတယ်။ မကြာခင်မှာ ဘဲ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် မင်းအောင်လိုင်ဆီကိုလည်း ဒီစာကို ပေးပို့သွားပါမယ်” ဟု ဦးစိန်အောင်က ပြောသည်။

သင်္ဘောကွေ့ကျေးရွာကို တည်ခဲ့သည်မှာ အမျိုးသားရေးခံယူချက် သုံးခုဖြင့် စတင် တည်ထောင် ခဲ့ခြင်း ဖြစ်ပြီး အနောက်တံခါးမကျဆုံးစေရေးအတွက် အမျိုးသားရေး အသိဖြင့်ကာကွယ်ရန် တည်ထောင်ခဲ့ ခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

“ကျွန်တော်တို့က သင်္ဘောကွေ့ရွာတည်တယ် ဆိုတာက ဒေသလုံခြုံရေးအတွက်ပါ။ကျွန်တော်တို့က ငတ်ပြတ်ပြီးလာတဲ့အဖွဲ့တွေလည်းမဟုတ်ပါဘူး။အမျိုးသားရေးစိတ်ဓါတ်နဲ့ ဒီမှာကာကွယ်ဖို့အတွက် ရောက်လာတဲ့ ရွာတစ်ရွာဖြစ်တယ်။ အဲ့လိုဆိုတဲ့အခါကျတော့ ကျွန်တော်တို့ကို သင်္ဘောကွေ့ရွာ ကနေ နှင်ထုတ်လိုက်တယ်။အိမ်တွေကို ဖြိုဖျက်ပြီးတော့မှ၊အဲ့ဒီတော့ သင်္ဘောကွေ့ရွာမြေနေရာကို ပေးရင်လည်းပေး။ မပေးရင်လည်း အနီးအနားက သင့်တင့်လျောက်ပတ်တဲ့ မြေနေရာတစ်ခုပေးရင် ကျွန်တော်တို့ ကျေနပ်တယ်” ဟု၎င်းက ပြောသည်။

သင်္ဘောကွေ့ကျေးရွာကို အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲတည်ထောင်ခဲ့သည်ဟုဆိုကာ ရခိုင်ပြည်နယ်အစိုးရက ဖြိုဖျက်ပြောင်းရွေ့ရန် အမိန့်ပေးခဲ့သော်လည်း လိုက်နာမှု မရှိခဲ့သဖြင့် မောင်တောမြို့နယ်တရားရုံး က လူသုံးဦးကို သမ္မာန်စာဆင့်ခေါ်ပြီး ရွာဦးဆောင် တည်သူ နှစ်ဦးဖြစ်သည့် ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့မှာ ဖမ်းဆီးခံကာ ဇူလိုင်လ ၉ ရက်နေ့က အိမ်ခြေ ၅၀ခန့်ကို သင်္ဘောကွေ့ ရွာကို ဖြိုဖျက်ပြီး ရွာတွင်နေထိုင်သူများကိုလည်း မောင်းထုတ် ခဲ့သည်။

စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/pg/Narinjara
ဖြိုဖျက်ခံ သင်္ဘောကွေ့ရွာသားများအတွက် ရွာတည်ရန်မြေနေရာမရသေး၍ သက်ဆိုင်ရာကို ဆက်လက် တင်ပြရန်စီစဉ် ဖြိုဖျက်ခံ သင်္ဘောကွေ့ရွာသားများအတွက် ရွာတည်ရန်မြေနေရာမရသေး၍ သက်ဆိုင်ရာကို ဆက်လက် တင်ပြရန်စီစဉ် Reviewed by THITHTOOLWIN on 10:48 Rating: 5
Powered by Blogger.