ရခိုင်က ကျူးလွန်သူတွေကို အရေးယူဖို့ အထွေထွေညီလာခံမှာ ဗြိတိန်တင်ပြမယ်

ရခိုင်ထိ အခြေအနေတွေလာကြည့်တဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီ
ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျယ်ရမီဟန့် က ရခိုင်ပြည်နယ် လူ့အခွင့်အရေးချိုးဖောက်မှုမှာ အဓိကတာဝန်ရှိသူတွေကို အရေးယူဖို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို နောက်တပတ်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆွေးနွေး အဖြေရှာမယ် လို့သိရပါတယ်။

ရခိုင်အရေး ဖြေရှင်းရာမှာ တာဝန်ခံမှု တရားမျှတမှု မရှိဘူး ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဒီကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်ဖို့ အပါအဝင် နည်းလမ်း အားလုံးကို သုံးသပ်သင့်တယ်လို့ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အပြီးမှာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဂျယ်ရမီ ဟန့် က ပြောပါတယ်။

ICC တင်ဖို့ ကိစ္စ ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြု ထောက်ခံနိုင်မယ့် ပုံ မရှိတဲ့အတွက် တခြား လမ်းကြောင်းကနေ သွားဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်လူ့အခွင့်အရေးချိုးမှု အခြေအနေဟာ အတော်ဆိုးရွားနေတဲ့အတွက် ပြစ်မှုကျူးလွန်သူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ မစ္စတာဟန့် က မြန်မာနိုင်ငံ အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ လာမယ့်အပတ် တနင်္လာ နေ့ နယူးယောက်မြို့မှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာမှာ ဆွေးနွေးမယ်လို့လည်း ရန်ကုန်အခြေစိုက် ဗြိတိန်သံအမတ် က ဘီဘီစီ ကိုပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့လည်း သံအမတ် မစ္စတာ ဒန်းချတ် က ပြောပါတယ်။
ထိခိုက်နစ်နာမှုတွေအတွက် ဆန္ဒပြတောင်းဆိုတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေ
အဲဒီအစည်းအဝေးမှာ မြန်မာအကြောင်းကို ဆွေးနွေးကြမယ်။ ဘယ်လိုနည်းလမ်းတွေ ရွေးချယ်နိုင်မလဲဆိုတာ တခြား နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ သူဆွေးနွေးချင်တယ်။ လူတွေအားလုံးက နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်ဖို့ ပြောနေကြတယ်။ ဒါပေမယ့် ဒါကလည်း အခက်အခဲတွေ ရှိနေတယ် ဆိုတာ အားလုံးကသိထားကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအစီအစဉ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တဆင့်သွားရမယ်။ တနင်္လာနေ့မှာလုပ်မယ့် အစည်းအဝေး ကလည်း မြန်မာပြည်အရေး စိတ်ဝင်စားသူ တွေ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေနဲ့ မြန်မာပြည်ကို ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ ထောက်ပံ့နေတဲ့နိုင်ငံတွေ လည်းပါမယ်။ ဆိုတော့ ဒီအစည်းအဝေးရဲ့ ရည်ရွယ် ချက်ဟာ မြန်မာပြည်မှာ ဘာတွေဖြစ်ပျက်လဲ၊ ဘယ်လိုနည်းလမ်းတွေ ရွေးချယ်ပြီး ကိုင်တွယ်မလဲ။ ကျွန်တော်တို့ မြင်ချင်တဲ့ ပြည်တွင်းက တိုးတက်ပြောင်းလဲမှုမရှိရင် နောက်ထပ်တဆင့် ကျွန်တော်တို့ ဘာတွေ လုပ်နိုင်မလဲ ဆွေးနွေးကြမယ်လို့ မစ္စတာ ဒန်းချတ် က ပြောသွားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးထောက်မှုနဲ့ ပတ်သက်ပြီး တပ်မတော်ခေါင်းဆောင်တွေ အဓိကတာဝန်ရှိတယ် ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသဖို့ အရေးကြီးတဲ့အချိန် ဖြစ်နေပြီလို့ မစ္စတာဟန့် ပြောသွားခဲ့တာနဲ့ ပတ်သက်ပြီး ဗြိတိန်သံအမတ်က ပြန်ရှင်းပြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို မပိုင်ဘူး၊ တပ်မတော် လုပ်သမျှကို မထိန်းချုပ်နိုင်ဘူးဆိုတာ မစ္စတာဟန့်အနေနဲ့ ကောင်းကောင်းသဘောပေါက် တယ်လို့ ကျွန်တော် ကျိန်းသေပြောနိုင်တယ်။ ဒါပေမဲ့ သူက နိုင်ငံရဲ့ခေါင်းဆောင် တယောက်ဖြစ်တဲ့အတွက် သူ့မှာ လုပ်ပိုင်ခွင့်အာဏာရှိတယ်။ သူ့ရဲ့ပြောဆိုမှု၊ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ အင်မတန်မှ အရေးပါအရာရောက်ပါတယ်။ သူ့အနေနဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေ၊ စွပ်စွဲချက်တွေကို အသိအမှတ်ပြုဖို့ သိပ်အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ မစ္စတာဟန့်လည်း ဒါကိုဆိုလိုတယ်လို့ ကျွန်တော်ထင်တယ်။ ဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ သက်သေ အထောက်အထားတွေကို ကြည့်ပြီး အစီအစဉ်ကိုလုပ်ဆောင်ဖို့ လိုတယ်။ အနည်းဆုံးတော့ ဒီလူအခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အလေးအနက်ထား ဆောင်ရွက်နေတယ်ဆိုတာ ဓားစာခံတွေကို ပြသနိုင်သလို ပြစ်မှုကျူးလွန်သူတွေ ဖော်ထုတ်နေတယ်ဆိုတာ ပြသလို့ရပါတယ်လို့ မစ္စတာ ဒန်းချတ် ပြောသွားပါတယ်။

ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းနဲ့ ပတ်သက်တဲ့ သက်သေအထောက် အထားတွေ အများကြီးတွေ့ရတယ်လို့ မစ္စတာဟန့် က ပြောဆိုခဲ့တယ်လို့ သံအမတ်က ပြောပါတယ်။
ရခိုင်မှာ မနှစ်ကဖြစ်တဲ့ အဓိကရုဏ်းတွေအတွင်း လူသိန်းချီ ပြည်ပကို ထွက်ပြေးခဲ့ရ
အဲဒီအတွက် နိုင်ငံတကာအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို မြင်ချင်တယ်လို့ မစ္စတာဟန့် က ဆိုပါတယ်။

မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ လက်ရှိ နိုင်ငံခြားပညာရှင် နှစ်ယောက် ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့နဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် မလုပ်ကိုင်နိုင်မှာကို နိုင်ငံတကာ က စိုးရိမ်မှုတွေရှိနေတယ်ဆိုတာ မစ္စတာဟန့် က ပြောဆိုခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ရခိုင်က ကျူးလွန်သူတွေကို အရေးယူဖို့ အထွေထွေညီလာခံမှာ ဗြိတိန်တင်ပြမယ် ရခိုင်က ကျူးလွန်သူတွေကို အရေးယူဖို့ အထွေထွေညီလာခံမှာ ဗြိတိန်တင်ပြမယ် Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.