ကွတ်ခိုင်မြို့က လောင်းကစားရုံကို ဒေသခံတွေ ဝင်ရောက်ဖျက်ဆီး

ဖျက်ဆီးခံလိုက်ရတဲ့ ကွတ်ခိုင်မြို့နယ် အမှတ်(၈)ရပ်ကွက်မှာ ဖွင့်ထားတဲ့ လောင်းကစားရုံကို တွေ့ရစဉ်/ Photo: Yinghark Ying Facebook
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ် အမှတ်(၈) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ငါးမန်းဂိမ်းလောင်းကစားရုံကို ရပ်ကွက်နေပြည်သူတွေက အခုလ ၁၆ ရက်နေ့ ညနေပိုင်းမှာ ၀ိုင်းဝန်းဖျက်ဆီးခဲ့ပါတယ်။

လောင်းကစားရုံတွေ ဖွင့်လှစ်ထားတာ နှစ်နဲ့ချီကြာနေပြီဖြစ်ပြီး လောင်းကစားအပြင် မူးယစ်ဆေးဝါးသုံးသူတွေပါ စုဝေးနေတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက ဂိမ်းဆိုင်ကို ဖျက်ဆီးခဲ့တာဖြစ်ကြောင်း အမှတ် (၈) ရပ်ကွက် မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

ဒီလောင်းကစားရုံတွေကို ဖျက်သိမ်းပေးဖို့ ရပ်ကွက်နေပြည်သူတွေက ရဲတပ်ဖွဲ့ကို တိုင်ကြားထားပြီး လောင်းကစား ရုံတွေ ဆက်မဖွင့်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်စုမှူးတွေက လောင်းကစားရုံဖွင့်လှစ်ထားသူတွေကို ဝန်ခံ ကတိလက်မှတ် ရေးထိုးခိုင်းထားပေမဲ့ ဆက်လက်ဖွင့်လှစ်နေတာကြောင့် ဒေသခံတွေက ဝင်ရောက်ဖျက်ဆီးခဲ့ တာဖြစ်ပါတယ်။

ဒီလောင်ကစားရုံတွေဟာ လက်နက်ကိုင်အဖွဲ အစည်းတွေနဲ့ ဆက်စပ်နိုင်တဲ့အတွက် ကိုင်တွယ်ရခက်ကြောင်း၊ အဖွဲ့အစည်းခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေကိုလည်း ခေါ်ယူပြောထားကြောင်း ကွတ်ခိုင်မြို့မရဲစခန်း စခန်းမှူး တင်လတ် က ပြောပါတယ်။

၈ ရပ်ကွက်က လောင်းကစားရုံကို ဒေသခံတွေက ဝင်ရောက်ဖျက်ဆီးအပြီးမှာ အဲဒီရပ်ကွက်က လောင်းကစားရုံတွေ အားလုံး ပိတ်ထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အင်မိန်းဟိုကျန့်ကျေးရွာသွားလမ်းတလျှောက် လားရှိုးဘက်အထွက် လွိုင်ဆမ်ဆစ်တောင်ခြေလမ်းနဲ့ ရပ်ကွက် ၃ ရပ်ကွက် ၆ နေရာတွေမှာ လောင်းကစားရုံတွေကတော့ ဖွင့်နေဆဲပဲလို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။

အဲဒီထဲကမှ ရပ်ကွက် ၃ အတွင်းမှာဆိုရင် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်ဝိုင်းတွေပါ ပါဝင်ပြီး အကြွေစေ့ထည့် ကစားတဲ့ ငါးမန်းဂိမ်းရုံ အနည်းဆုံးသုံးရုံ ဖွင့်ထားတယ်လို့ဆိုပါတယ်။

ကွတ်ခိုင်တမြို့ နယ်လုံးဆိုရင် ငါးမန်းဂိမ်းရုံပေါင်း ၁၁ ရုံကျော် အနည်းဆုံးရှိပြီး တစ်ရုံမှာ ငါးမန်းခုံ လေးခုံကနေ ခြောက်ခုံအထိရှိတယ်လို့ ဒေသခံကပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကွတ်ခိုင်မြို့က လောင်းကစားရုံကို ဒေသခံတွေ ဝင်ရောက်ဖျက်ဆီး ကွတ်ခိုင်မြို့က လောင်းကစားရုံကို ဒေသခံတွေ ဝင်ရောက်ဖျက်ဆီး Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.