ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ မကျေနပ်တဲ့ ရွာသားတွေ ဆန္ဒပြ

မကွေးမြို့နယ် ထုံးပေါက်တော (ဒဘောက်တော) မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာ မကျေနပ်တဲ့အတွက် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ဆန္ဒပြကြစဉ် / ဓာတ်ပုံ - ဇော်တူး
ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ကျေးရွာလူထုရဲ့ ဆန္ဒမဲနဲ့ မဟုတ်ဘဲ ကံစမ်းမဲလိပ်နှိုက်သလို မဲပေါက်တဲ့သူကို ရွေးချယ်ခဲ့တဲ့အတွက် မကျေနပ်တဲ့ ဒေသခံတွေက ဒီနေ့ မနက်ပိုင်းက မကွေးမြို့ ကန်သာအေးစေတီဘုရားအနီး ကနေ မြို့တော်ခန်းမအထိ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ကျေးရွာလူထုရဲ့ ဆန္ဒမဲမပါတဲ့အတွက် အခုလို ဆန္ဒပြကြရတာလို့ ဆန္ဒပြမှာပါဝင်တဲ့ ထုံးပေါက်တောရွာသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က  ဒီဇင်ဘာလက မကွေးမြို့နယ် ထုံးပေါက်တော (ဒဘောက်တော) ကျေးရွာအုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ပေးခဲ့ရာမှာ အခုလို အငြင်းပွားမှုတွေနဲ့ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဆန္ဒပြသူတွေက  မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မဲလိပ်နှိုက်ရာမှာ ပါဝင်ကူညီခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို အလိုမရှိကြောင်းနဲ့ ကျေးရွာက မဲဆန္ဒပေးရွေးခဲ့တဲ့သူကို ပြန်လည်ခန့်ထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့  မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို RFA ကသွားရောက် မေးမြန်းတဲ့အခါ ရှင်းပြခဲ့ပါတယ်။

အဲဒီကျေးရွာမှာ အကြိမ်ကြိမ် ရွေးချယ်ပွဲလုပ်ပေးခဲ့ပေမယ့်လည်း မပြီးပြတ်နိုင်တဲ့အတွက် အရွေးချယ်ခံထားရ သူတွေရော ကြီးကြပ်ရေးမှူးတွေ အပါဝင် အများသဘောဆန္ဒနဲ့ ကံစမ်းမဲနှိုက်ရွေးချယ်ပေးခဲ့တာလို့ ပြောပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေ မဖြစ်ရအောင် နောင်တစ်ချိန်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဥပဒေမှာ ကြီးကြပ်ရေးမှူးတွေအတွက် စည်းကမ်းသတ်မှတ်ချက်တွေ ထည့်သွင်းပြီးဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ရေးဆွဲသွားစေလိုတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ မကျေနပ်တဲ့ ရွာသားတွေ ဆန္ဒပြ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ မကျေနပ်တဲ့ ရွာသားတွေ ဆန္ဒပြ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.