ထောင်ကနေ ထွက်ပြေးပြီး မိန်းကလေး တစ်ဦးကို မုဒိန်းကျင့်သူ ဖမ်းဆီးမိ

ရဲတပ်ဖွဲ့မှ အလိုရှိနေသည့် နာမည်ကြီးတရားခံပြေးအား ဖမ်းဆီးရမိ
ရေတာရှည် စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အတွင်း ခိုးမှုဖြင့် ထောင်ကျနေစဉ် ပြန်လည်ထွက်ပြေးလာခဲ့ပြီး မိန်းကလေး တစ်ဦးကို သားမယားပြုကျင့်မှု ထပ်မံ ကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင် နေသဖြင့် ရဲတပ်ဖွဲ့က ဝိုင်းဝန်းဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုပါ ဓားဖြင့်ခုတ်၍ ထွက်ပြေးတိမ်းရှောင်နေသော နာမည် ကြီး တရားခံပြေးတစ်ဦးအား စက်တင်ဘာ ၂၄ ရက် နံနက် ၅ နာရီက ဖမ်းဆီးရမိပြီဖြစ် ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဦးထံမှ သိရသည်။

စက်တင်ဘာ ၂၃ ရက်က ရေတာ ရှည် မြို့မရဲစခန်းမှ ပြစ်မှုမျိုးစုံဖြင့် အလိုရှိနေသော နိုင်ဝင်း(၄၁ နှစ်) ပေါက်ချောင်းကျေးရွာနေသူသည် ၄င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဦး၊ ရေတာရှည်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ကြည်ဖေ ဦးဆောင် သော ရေတာရှည်၊ ဆွာ၊ သာဂရ ရဲစခန်း များရှိ တပ်ဖွဲ့ဝင်များက သွားဖမ်းဆီးခဲ့ရာ နိုင်ဝင်းသည် အသာတကြည်အဖမ်းခံခြင်း မရှိသည့်အတွက် ၁၂ ဗို့ပြောင်းချော သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ကာ လုံးထွေး သတ်ပုတ်ဖမ်းဆီးရမိခဲ့သည်။

နိုင်ဝင်း၏ ထွက်ဆိုချက်များအရ ၂ဝ၁ဝ ပြည့်နှစ်ခန့်က ဇနီးဖြစ်သူ မထွေးနှင့်ကွဲကာ နွားထိုးကြီးမြို့နယ် ပြင်စီကနားကျေးရွာနေ မတင်တင်မွန် နှင့် ထပ်မံအိမ်ထောင်ကျနေထိုင်စဉ် လက်နက်ပုဒ်မဖြင့် မြင်းခြံထောင်၌ ထောင် ၆ လ ကျခံခဲ့ရကြောင်း၊ ထောင်ကျ နေချိန်အတွင်း ရေတာရှည်မြို့ ခိုးမှု ကျူးလွန်ရာ၌ ပါဝင်ခဲ့၍ တောင်ငူ ထောင်တွင် ထောင်တစ်နှစ်ထပ်မံ ကျခံခဲ့ ရကြောင်း၊ ပြစ်ဒဏ်ကျခံနေစဉ်အတွင်း ထွက်ပြေးလာခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ညောင်ပင်ကိုင်းကျေးရွာနေ အသက် (၁၉ နှစ်)အရွယ်ရှိ မိန်းကလေးအား သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး ကိုယ်ဝန် နှစ်လ ရရှိခဲ့သည့်အတွက် ရေတာရှည်မြို့မ ရဲစခန်း၌ မုဒိမ်းမှုဖြင့် ထပ်မံအမှုဖွင့်ခံခဲ့ ရပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ် ကြောင်း၊ ထိုသို့ထွက်ပြေးတိမ်းရှောင် နေရင်း ၂ဝ၁၈ ခုနှစ် မတ် ၁၄ ရက်က နေအိမ်သို့ လာရောက်ဖမ်းဆီးသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ငှက်ကြီးတောင် ဓားဖြင့်ခုတ်ကာ အမြန်လမ်းမကြီး အနောက်ဘက်ရှိ ရိုးမတောအတွင်း ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ဖမ်းဆီး ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပြီး ရဲစခန်းတွင်ဖွင့်လှစ်ထားသည့် ပြစ်မှုပုဒ်မ များအလိုက် တရားစွဲဆို တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းလွင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ထောင်ကနေ ထွက်ပြေးပြီး မိန်းကလေး တစ်ဦးကို မုဒိန်းကျင့်သူ ဖမ်းဆီးမိ ထောင်ကနေ ထွက်ပြေးပြီး မိန်းကလေး တစ်ဦးကို မုဒိန်းကျင့်သူ ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 07:40 Rating: 5
Powered by Blogger.