မဟာသီယာကို အပြည့်အဝထောက်ခံမယ်လို့ အန်ဝါအီဘရာဟင်ပြော

မလေးရှားဝန်ကြီးချုပ် မဟာသီယာ (ယာအစွန်) နှင့်၊ နှစ်ရှည်ထောင်ကျခဲ့သည့် မလေးရှား ဒုတိယ ဝန်ကြီးချုပ်ဟောင်း အန်ဝါအီဘရာဟင် (အလယ်) တို့ကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့က အတူတွေ့ရစဉ်။
တချိန်က မလေးရှားဝန်ကြီးချုပ်မဟာသီယာနဲ့ အတိုက်အခံဖြစ်ပြီး နှစ်ရှည်ထောင်ကျခဲ့တဲ့ မလေးရှား ဒုတိယ ဝန်ကြီးချုပ်ဟောင်း အန်ဝါအီဘရာဟင်က… အခုအချိန်ဟာ သူ့အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် နိုင်ငံရေးလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ အချိန်ဖြစ်ပြီး ရန်သူကနေ မိတ်ဆွေပြန်ဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ်မဟာသီယာရဲ့ အစိုးရကို အပြည့်အဝ ထောက်ခံပံ့ပိုးသွားမယ်လို့ ထပ်လောင်း ပြောကြားလိုက်ပါတယ်။

၂ဝ၁၅ ခုနှစ်က ဓမ္မတာမဟုတ်တဲ့ လိင်ဆက်ဆံမှုစွဲချက်နဲ့ ထောင်ဒဏ်ကျခံခဲ့ရတဲ့ အန်ဝါဟာ ပြီးခဲ့တဲ့ မေလကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိခဲ့ပေမယ့်၊ မဟာသီယာ ဝန်ကြီးချုပ် ဖြစ်ပြီးနောက်ပိုင်း တာဝန်က အနားယူတဲ့အခါ ဝန်ကြီးချုပ်ရာထူးကို အန်ဝါကို လွှဲပြောင်းပေးခဲ့မယ်ဆိုပြီး သူတို့ရဲ့ လေးပါတီ မဟာမိတ်အဖွဲ့က သဘောတူခဲ့ကြတာပါ။

အန်ဝါဟာ ရွေးကောက်ပွဲအပြီး မကြာခင်မှာပဲ ဘုရင်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်က လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအပြီး လေးလ စောင့်ခဲ့ရပြီးနောက် အခုအချိန်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြန်လည်ဆက်သွယ်ပြီး လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲမှုတွေ အာရုံစိုက် လုပ်ဆောင်ဖို့ အရေးတကြီး စတင်သင့်တဲ့အချိန် ဖြစ်တယ်လို့ အန်ဝါက ပြောပါတယ်။ မဟာသီယာအနေနဲ့ တိုင်းပြည်ကို ဆက်လက်ဦးဆောင်မှာဖြစ်ပြီး သူကတော့ မဟာသီယာကို အပြည့်အဝ ပံ့ပိုးကူညီသွားမယ်လို့လည်း ဆိုပါတယ်။

အန်ဝါ လွှတ်တော်တွင်း ပြန်ဝင်လာနိုင်ရေးအတွက် သူ့ပါတီဝင်တယောက်က တောင်ပိုင်းကမ်းခြေမြို့ဖြစ်တဲ့ ပေါ့ဒစ်ဆန်မြို့ရဲ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ နှုတ်ထွက်တယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မဟာသီယာကို အပြည့်အဝထောက်ခံမယ်လို့ အန်ဝါအီဘရာဟင်ပြော မဟာသီယာကို အပြည့်အဝထောက်ခံမယ်လို့ အန်ဝါအီဘရာဟင်ပြော Reviewed by THITHTOOLWIN on 09:08 Rating: 5
Powered by Blogger.