ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေတာတွေကို စိစစ်ပေးဖို့ ဆွေးနွေး

ရမ်းဗြဲမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦး ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေတာတွေကို ပြန်လည်စိစစ်ပေးဖို့နဲ့ ကမန်မဟုတ်သူတွေအတွက် ထုတ်ပေးထားတာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးဖို့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

မွတ်စလင်တွေဟာ ကမန်လူမျိုးလို့လိမ်လည်ပြီး ပုံစံဖြည့်သွင်းတာတွေရှိနေတယ်လို့ ရမ်းဗြဲမြို့နယ် ANP ပါတီက ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက လွှတ်တော်မှာ ပြောပါတယ်။

"ဘင်္ဂလီတွေ လာရောက်လျှောက်ထားသော အမှုတွဲများကို ဆန်းစစ်လေ့လာခြင်း၊ မေးမြန်းခြင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဇောအဖွဲ့နဲ့ သီးခြားတွေ့ဆုံမေးမြန်းခြင်း၊ စုံစမ်းခြင်းများပြုလုပ်ခဲ့ပါသည်။ အကုန်လုံး ကိုခြုံငုံသုံးသပ်ရမည်ဆိုလျှင် ယခုလာရောက်လျှောက်ထားသော အမှုတွဲလျှောက်ထားသူများအားလုံးသည် ဘင်္ဂလီလူမျိုးများသာဖြစ်ပြီး ကမန်လူမျိုးအမည်ခံလိမ်လည်၍ ပုံစံဖြည့်သွင်းထားကြခြင်းသာဖြစ်သည်ကို တွေ့ရှိရပါသည်"

ပြီးခဲ့တဲ့ ဇန်နဝါရီလက နေပြည်တော်က လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇော ဦးဆောင်တဲ့ လူဝင်မှုကြီး ကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက အထူးအဖွဲ့တစ်ခုဟာ ကျောက်နီမော်ကျေးရွာအုပ်စုက မွတ်စလင်တွေကို နိုင်ငံသားစိစစ်ရေးတွေ ထုတ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စအပေါ် ရမ်းဗြဲမြို့နယ်က အထွေထွေအုပ်ချုပ်ရေးဦးဌာနနဲ့ မြို့နယ်လဝကဌာန တာဝန်ရှိသူတွေနဲ့အတူ ကိုယ်တိုင်ကွင်းဆင်းလေ့လာခဲ့ရာမှာ ကမန်လူမျိုးအဖြစ် လိမ်လည်ပြီး ပုံစံဖြည့်သွင်းထားကြတာကို တွေ့ရှိခဲ့တာလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲမဲစာရင်းအရ မှတ်ပုံတင်ရထားတဲ့ မဲပေးခွင့်ရသူ ကမန်တိုင်းရင်းသား ၂၉၀ ကျော်ရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးထားတာ လူပေါင်း ၃၃၀၀ ကျော်အထိရှိနေတယ်လို့လည်း ပြောပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး ကန့်ကွက်မယ့်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာပါ။

အလားတူ အဲဒီအဆိုကို နေပြည်တော်က အမျိုးသားလွှတ်တော်မှာလည်း ANP ပါတီကနေ နုတ်ထွက်စာတင် ထားတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက တင်သွင်းခဲ့ပေမယ့် ပယ်ချခြင်းခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ RFA က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လဝကဌာနတာဝန်ရှိသူတွေကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကျောက်နီမော်ကျေးရွာအုပ်စုမှာ အမှန်တကယ်ရှိနေတဲ့ ကမန်လူမျိုး အရေအတွက်ထက်ကျော်လွန်ပြီး မွတ်စလင်အများအပြားကို ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်တွေထုတ်ပေးနေတယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်မှုတွေရှိနေတဲ့အပေါ် တာဝန်ရှိသူတွေဘက်က တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

RFA Burmese
https://www.rfa.org/burmese
ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေတာတွေကို စိစစ်ပေးဖို့ ဆွေးနွေး ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေတာတွေကို စိစစ်ပေးဖို့ ဆွေးနွေး Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.