ကွေ့ထောင့်ကျေးရွာတွင် မြစ်ကမ်းများပြို၍ နေအိမ် ၃၈ လုံး ရွှေ့ပြောင်းထားရ


ရေစကြို စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ကွေ့ထောင့်ကျေးရွာတွင် မြစ်ကမ်းများပြို၍ နေအိမ် ၃၈ လုံး ဖျက်သိမ်းရွှေ့ပြောင်း ထားရကြောင်း သိရသည်။

''ကျွန်တော်တို့ ကွေ့ထောင့်ကျေးရွာမှာ ဇွန်လကစပြီး ချင်းတွင်းမြစ်ရေ စတင်မြင့်တက်လာကာ မြစ်ကမ်း တွေပြိုနေတာကြောင့် နေအိမ်အလုံး ၃ဝ ကို ရေလွတ်ရာသို့ ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရပါတယ်။ မြစ်ရေပြန်ကျသွားတော့လည်း မြစ်ကမ်းတွေက ရေနူးပြီး လှိုက်စားလို့ စိုးရိမ်ရတဲ့အိမ်တွေကို ဖျက်သိမ်းရွှေ့ပြောင်းရတာ စက်တင်ဘာ ၃ ရက်အထိ ရှစ်လုံးဆိုတော့ စုစုပေါင်း ရွှေ့ပြောင်းရတဲ့အိမ် ၃၈ လုံးဖြစ်ပါ တယ်။ အခုလည်း ကမ်းတွေက အက်နေသေးတော့ စိတ်ချရတဲ့ အခြေအနေမရှိဘူး။ ကမ်းတွေ အချိန်မရွေးဆက်ပြီး ပြိုနိုင်ပါ သေးတယ်'' ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ပြောသည်။

ယခုအခါ ကွေ့ထောင့်ကျေးရွာတွင် နေအိမ် ၃၈ လုံး ရွှေ့ပြောင်းပြီးဖြစ်သော်လည်း ကမ်းပြိုမှုအန္တရာယ်က ထပ်မံကြုံ တွေ့လာနိုင်သလို ဘုန်းတော်ကြီးကျောင်းနှင့် ပေ ၂ဝဝ ခန့် သာ ကွာဝေးတော့ကြောင်းနှင့် ပညာရေးဌာနသို့ မလွှဲပြောင်း ရသေးသည့် RC နှစ်ထပ် မူလတန်းကျောင်းဆောင် (ယာပုံ) မှာလည်း ကမ်းနှင့် ပေ ၂ဝဝ ကျော်သာ ကွာဝေး သဖြင့် ကျောင်းဆောင်အတွက် စိုးရိမ်နေကြကြောင်း၊ ပြောင်းရွှေ့အိမ်ထောင်စုများကို မိမိကျေးရွာမြေမဟုတ်သော ကြူရွာ မြေတွင် နှစ်ဧကသာသာ မြေကွက်ကို ငွေကျပ် ၁ဝ သိန်းဖြင့် တစ်နှစ်နေခွင့် စာချုပ်၍ ပြောင်းရွှေ့ထားရ ကြောင်း၊ အတည်တကျ နေထိုင်ရန် မြေလည်းမရှိတော့သလို လုပ်စားကွင်းလည်းမရှိတော့၍ ဒေသခံများနေထိုင်စား သောက်ရေးခက်ခဲနေကြောင်း ၄င်းက ဆက်လက်ပြော ပြသည်။

ဖေထွဏ်းဇော် (ရေစကြို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကွေ့ထောင့်ကျေးရွာတွင် မြစ်ကမ်းများပြို၍ နေအိမ် ၃၈ လုံး ရွှေ့ပြောင်းထားရ ကွေ့ထောင့်ကျေးရွာတွင် မြစ်ကမ်းများပြို၍ နေအိမ် ၃၈ လုံး ရွှေ့ပြောင်းထားရ Reviewed by THITHTOOLWIN on 08:24 Rating: 5
Powered by Blogger.