ဝဒေသက ဘုရားကျောင်းတွေ ဖျက်ဆီးတာတွေရှိ

ဝပြည်က ခရစ္စမတ်ပွဲ ပြင်ဆင်မှု
ရှမ်းပြည်နယ်က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းမှာ အခုတလော ဘုရား ကျောင်းတွေ ဖျက်ဆီးတာ၊ ပိတ်လိုက်တာတွေ အကြီးအကျယ်လုပ်နေပြီး ခရစ်ယာန်ဘာသာရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူ တချို့ကိုလည်း ဖမ်းဆီး စစ်ဆေးနေတာရှိတယ်လို့ သိရပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ ဌာနချုပ်ဖြစ်တဲ့ ပန်ခမ်း အပါအဝင် တချို့နေရာတွေမှာ နှစ်ခြင်းနဲ့ ရောမကက်သလစ် ခရစ်ယာန်ဘုရား ကျောင်းတွေ အနည်းဆုံး ၁၀ ခုကို ဖျက်ဆီးတာ၊ ပိတ်လိုက်တာတွေ ရှိသလို ခရစ်ယာန်ဘာသာရေး အကျိုးဆောင်တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတာ တွေရှိတယ်လို့ ဒေသခံတွေပြောပါတယ်။

၁၉၉၂ ခုနှစ် နောက်ပိုင်းက UWSA ရဲ့ ခွင့်ပြုချက်မပါဘဲ တည်ဆောက်ထားတဲ့ ဘုရားကျောင်းတွေကို အထက်ရဲ့ ညွှန်ကြားချက်အရ စက်တင်ဘာလ ၆ ရက်ကစပြီး ဝတပ်သားတွေက လိုက်လံရှာဖွေ ချိတ်ပိတ်လာတာ ဖြစ်ပါတယ်။
ဝမြို့တော်က ဘုရားစေတီ
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်တွေ ဝ ဒေသမှာ နှစ်ပေါင်း ၃၀ လောက် သာသနာလုပ်ငန်း လုပ်ဆောင်ပေမယ့် ဒီလိုပြဿနာတွေမကြုံဖူးဘူးလို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဆရာ ခလမ်ဆမ်ဆွန် က ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ ဝအုပ်ချုပ်တဲ့ဒေသက ဘုရားကျောင်းတွေ၊ ကျမ်းစာကျောင်း တွေအားလုံးကို ပိတ်ထားပြီး ပြန်လည်စိစစ်မယ်လို့ သိရပါတယ်။

ဘုရားကျောင်းက လက်ဝါးကတ်တိုင်တွေ ဖျက်ဆီးတဲ့ ဗီဒီယိုကလစ်တချို့ကလည်း လူမှုကွန်ရက်တွေ မှာ ပြန့်နှံ့ခဲ့ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကတော့ ဝ ဒေသက ခရစ်ယာန် ဘာသာရေး ဆရာတချို့ကို ခေါ်ယူမေးမြန်းတာ လုပ်နေတယ်ဆိုတာ အတည်ပြုပြောပါတယ်။

UWSA ဗဟိုရဲ့ခွင့်ပြုချက်မရဘဲ ဆောက်ခွင့်မရတဲ့ ဘုရားကျောင်းတချို့မှာရှိတဲ့ လက်ဝါးကတ်တိုင်တွေကိုလည်း ဖျက်ရတာဖြစ်ပြီး ဝ ပြည်နယ်က ပြဋ္ဌာန်းတဲ့ ဥပဒေဘောင် ကျော်လွန်ပြီး အစွန်းရောက်တဲ့ ဘယ်ဘာသာကိုမှ လက်မခံ ဘူးလို့ ဦးညီရမ်းက ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးပြီးတဲ့ ကက်သလစ်ဆရာတချို့ကို ပြန်ပို့လိုက်တယ်လို့လည်း ဦးညီရမ်း က ပြောပါတယ်။
ပန်ခမ်းက ပန်းသေးဗလီ 
BBC Burmese
https://www.bbc.com/burmese
ဝဒေသက ဘုရားကျောင်းတွေ ဖျက်ဆီးတာတွေရှိ ဝဒေသက ဘုရားကျောင်းတွေ ဖျက်ဆီးတာတွေရှိ Reviewed by THITHTOOLWIN on 07:18 Rating: 5
Powered by Blogger.