တနင်္သာရီဂျာနယ်ကို စွဲချက်တင်သင့်မတင်သင့် ကြားနာမယ်

စက်တင်ဘာ ၃ ရက် တနင်္သာရီဂျာနယ် တရားရုံးချိန်း မြင်ကွင်း
တနင်္သာရီဂျာနယ်ကို တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းမီဒီယာဥပဒေနဲ့ တရားစွဲဆိုထားတဲ့ အမှုကို လာမယ့် စက်တင်ဘာ ၁၇ ရက်မှာ စွဲချက်တင်ရန် သင့်မသင့် ကြားနာမယ်လို့ ဆိုပါတယ်။

ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ "မဲဆွယ်အပြုံး" သရော်စာ ဆောင်းပါးနဲ့ ပတ်သက်ပြီး တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ အထက်တန်းရှေ့နေ ဒေါ်အေးမွန်သူက ပြောပါတယ်။

သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ ဟာ သတင်း မီဒီယာဥပဒေပုဒ်မ ၉ (စ) ကို ရည်ညွှန်းတယ်လို့လည်း သူက ပြောပါတယ်။

သတင်း မီဒီယာဥပဒေပုဒ်မ ၉ (စ) ဟာ သတင်းအမှားကို ရေးသားတဲ့အခါမှသာ စွဲဆိုရမယ့်ပုဒ်မ ဖြစ်တယ်။ အခုအမှုဟာ သရော်စာကို ရေးသားဖော်ပြလို့ တရားစွဲခံရတာ ဖြစ်တယ်။ သရော်စာကို ရေးသားခွင့် မရှိဘူးဆိုတဲ့ ပြဌာန်းချက်လည်း အတိအကျ မရှိဘူး။ ဒီသရော်စာ ဆောင်းပါးကိုလည်း ရသစာပေ အနေနဲ့သာ တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်တယ်လို့ ဒေါ်အေးမွန်သူက ပြောပါတယ်။

ကလောင်ရှင် မူးဆေးအိုး ရေးသားတဲ့ မဲဆွယ်အပြုံးဆိုတဲ့ သရော်စာဆောင်းပါးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်ထုတ် တနင်္သာရီဂျာနယ် အပတ်စဉ် အတွဲ ၅ အမှတ် ၁၇ မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
တရားစွဲခံရတဲ့ ဆောင်းပါးရဲ့ သရုပ်ဖော်ပုံ
အဲဒီသရော်စာဆောင်းပါးဟာ တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ဆိုပြီး ဂျာနယ်ကို အရေးယူပေးဖို့ တိုင်းအစိုးရအဖွဲ့ရုံး အတွင်းရေးမှုးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်က ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာလို့ ဒေါ်အေးမွန်သူက ပြောပါတယ်။

တရားစွဲဆိုခံထားရတာ ၁၀ လ နီးပါး ကြာမြင့်လာပြီး၊ တိုင်းအစိုးရဘက်က တင်ပြထားတဲ့ တရားလိုပြသက်သေ ၂ ယောက်ကို စစ်ဆေးမေးပြီးချိန် စက်တင်ဘာ ၃ ရက်က ပြုလုပ်တဲ့ ၃၂ ကြိမ်မြောက် ရုံးချိန်းအပြီးမှာ စွဲချက်တင်ဖို့ သင့်မသင့် ဆုံးဖြတ်ကြားနာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မြို့နယ်တရားရုံးမှာ စစ်ဆေးနေစဉ်အတွင်း ဒီအမှုကို ချေဖျက်ပေးဖို့ တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်က တင်ပြခဲ့ပေမယ့် တိုင်းတရား လွှတ်တော်က ဇူလိုင် ၃၁ ရက်မှာ ပလပ် (ပယ်ချ) လိုက်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

တိုင်းတရား လွှတ်တော်က ပလပ် (ပယ်ချ) ခဲ့လို့ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို သြဂုတ်လ ၁၄ ရက်က အမှုပယ်ဖျက်ပေးဖို့ လျှောက်ထားတာကိုတော့ လက်ခံထားတယ်လို့ တနင်္သာရီဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောပါတယ်။

ဒီအမှုက တရားစွဲဖို့ မသင့်တဲ့အမှုလို့ ယုံကြည်ထားတယ်။ သရော်စာဆောင်းပါးဟာလည်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့် အတိုင်း ရေးသားဖော်ပြခဲ့တာ ဖြစ်တယ်။ မီဒီယာရဲ့ လွတ်လပ်ခွင့်၊ သရော်စာရဲ့ သဘောသဘာဝကို အစိုးရက နားလည်မှု အားနည်တာကို တွေ့ရတယ်။ သက်ဆိုင်ရာ တရားရုံးတွေကလည်း မီဒီယာလုပ်ငန်းရဲ့ သဘောသဘာဝ၊ သရော်စာရဲ့ သဘောသဘာဝကို ထည့်သွင်းဆုံးဖြတ်ရဲ့လားဆိုတာ သံသယဖြစ်မိတယ်လို့ ဦးမျိုးအောင်က ဆိုပါတယ်။

တနင်္သာရီ အပတ်စဉ်ဂျာနယ်ဟာ တနင်္သာရီတိုင်းကို အခြေစိုက် ဖြန့်ဝေတဲ့ တစ်ခုတည်းသော အပတ်စဉ်ထုတ် ဂျာနယ်ဖြစ်ပြီး အစိုးရသစ် လက်ထက်အတွင်း ပထမဆုံး တရားစွဲဆိုခဲ့ရတဲ့ ဒေသတွင်းဂျာနယ် တစ်စောင်လည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese
တနင်္သာရီဂျာနယ်ကို စွဲချက်တင်သင့်မတင်သင့် ကြားနာမယ် တနင်္သာရီဂျာနယ်ကို စွဲချက်တင်သင့်မတင်သင့် ကြားနာမယ် Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.