ဘင်္ဂလားဒေ့ရှ်မှာ အနိမ့်ဆုံးလစာသတ်မှတ်ချက် မကျေနပ်လို့ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တွင် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ၂ဝ၁၈ စက်တင်ဘာလ ၁၄ ရက်နေ့က အထည်ချုပ်စက်ရုံအလုပ်သမားများ ဆန္ဒပြစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာကို တစ်လ ၉၅ ဒေါ်လာနှုန်းပေးမယ်လို့ အစိုးရက သတ်မှတ်လိုက်တဲ့အပေါ် နည်းလွန်းတယ်ဆိုပြီး အလုပ်သမားသမဂ္ဂတွေက ဒီနေ့ ချီတက်ဆန္ဒပြကြပါတယ်။

အနိမ့်ဆုံးလုပ်ခကို ၅၁ ရာခိုင်နှုန်းထိ တိုးမြှင့်သတ်မှတ်လိုက်ပြီး၊ ဒီသတ်မှတ်ချက်ဟာ ဒီဇင်ဘာလမှာ စပြီး အသက်ဝင်မယ်လို့ အစိုးရက ကြေညာလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ အလုပ်သမားဆန္ဒပြပွဲကြီး ပေါ်ပေါက်လာတာပါ။

ဒီသတ်မှတ်ချက်ကို သူတို့အနေနဲ့ လက်မခံနိုင်သလို၊ ဒါဟာ မတရားတာ၊ လူမဆန်တာ၊ အလုပ်သမားတွေကို ဂုတ်သွေးစုပ်တာလို့ လက်ဝဲယိမ်း အလုပ်သမားသမဂ္ဂခေါင်းဆောင် မစ္စ ဂျိုလီတာလူကဒါက ပြောပါတယ်။

အခုသတ်မှတ်ချက်ကို အစိုးရဘက်တော်သား သမဂ္ဂတွေကပဲ လက်ခံကြမှာဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေက လက်ခံမှာမဟုတ်ဘူးလို့လည်း သမဂ္ဂခေါင်းဆောင်တယောက်က ပြောပါတယ်။

၂ဝ၁၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်စက်ရုံ ပြိုကျလို့ အလုပ်သမား တစ်ထောင်ကျော် သေဆုံးခဲ့ပြီးတဲ့နောက် အနိမ့်ဆုံးလုပ်ခလစာကို ၆၃ ဒေါ်လာ သတ်မှတ်ခဲ့ပါတယ်။ အခုတော့ အစိုးရက ၉၅ ဒေါ်လာ သတ်မှတ်လိုက်ပြီး၊ အလုပ်သမားသမဂ္ဂတွေကတော့ ဒေါ်လာ ၁၉ဝ လောက် သတ်မှတ်ပေးဖို့ တောင်းဆိုနေပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်စက်ရုံပေါင်း ၄ ထောင့် ၅ ရာရှိပြီး ပြီးခဲ့တဲ့နှစ်က ကုန်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလျံ ၃ဝ ဖိုးလောက် ရှိခဲ့ပါတယ်။ ဒါဟာ တနိုင်ငံလုံးထုတ်ကုန်ရဲ့ ၈ဝ ရာခိုင်နှုန်း ဖြစ်ပါတယ်။

အလုပ်သမား အင်အားစုများတဲ့အတွက် အခုသတ်မှတ်လိုက်တဲ့လစာထက် တိုးမပေးရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်မယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဘင်္ဂလားဒေ့ရှ်မှာ အနိမ့်ဆုံးလစာသတ်မှတ်ချက် မကျေနပ်လို့ ဆန္ဒပြ ဘင်္ဂလားဒေ့ရှ်မှာ အနိမ့်ဆုံးလစာသတ်မှတ်ချက် မကျေနပ်လို့ ဆန္ဒပြ Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.