ဘင်္ဂါလီများ ကမန်အရေခြုံလာမည်ကို လက်မခံနိုင်ဟု ကမန်အမျိုးသားပါတီပြော


နိရဉ္စရာ၊ စက်တင်ဘာ - ၁၈

ဘင်္ဂါလီများ ကမန်အရေခြုံလာမည်ကို လက်မခံနိုင်ကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူးဦးတင်လှိုင်ဝင်းက ပြောဆိုလိုက်သည်။

ယနေ့ ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးခန်း၌ ကျင်းပခဲ့သော ကမန်တိုင်းရင်းသား မဟုတ်သူများအား ကမန်တိုင်းရင်းသားအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးနေခြင်းကို ဒေသခံရခိုင်နှင့် ကမန်လူမျိုးများမှ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ၄င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက နေပြည်တော် လူဝင်မှုကြီးကြပ်ရေးဌာန(ရုံးချုပ်)က ရမ်းဗြဲ မြို့နယ်ကျောက်နီမော်ကျေးရွာသို့ တိုက်ရိုက်လာရောက်ပြီး ကမန်တိုင်းရင်းသား မဟုတ်သူများကို ကမန်တိုင်းရင်းသားအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားသည်မှာ (၃၃၀၆) ဦးအထိ ရှိနေပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဝေသော သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီကနေ့ ကျောက်နီမော်ကျေးရွာဘက်မှာဆိုရင် ကျနော်တို့ ရခိုင်တိုင်းရင်းသားက လူဦးရေ(၂၀) ရာခိုင်နှုန်းပဲရှိတယ်။ ဘင်္ဂါလီတွေက (၈၀) ရာခိုင်နှုန်းလောက်ရှိနေပြီ။ အဲ့ဒီဒေသမှာ ကမန် တိုင်းရင်းသားက (၂၀၀)ကျော်လောက်ပဲရှိပါတယ်။ ဒါပေမယ့် အခု လူဦးရေ(၃၃၀၆)ဦးကို ကမန်တိုင်းရင်းသားအဖြစ် နိုင်ငံရေးစိစစ်ရေးကတ်ထုတ်ပေးထားပြီလို့ ကျနော်တို့သိရတယ်။ ဒီလိုလုပ်သွားတဲ့ လုပ်ငန်းစဉ်ကို ကျနော်တို့ ဒေသခံရခိုင်တွေလည်း မသိရဘူး။ ကမန် အဖွဲ့အစည်းတွေလည်း မသိလိုက်ဘူး။ ဒါကြောင့် ဒီကိစ္စဟာ မရိုးသားဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျနော်တို့ ခံစားရတယ်။ ကျနော်တို့ ဒေသဖက်မှာလည်း ကန့်ကွက် ဆန္ဒဖော်ထုတ် တာတွေရှိခဲ့တယ်။ ကမန်ပါတီကဆိုရင်လည်း သမ္မတဆီအထိ စာတင်ပြတာတွေရှိတယ်။ သို့သော် အခုချိန်ထိ နိုင်ငံတော်ဘက်က ရှင်းရှင်းလင်းလင်း ဆောင်ရွက်မပေးသေးဘူး။ ဒါ့ကြောင့် ကျနော်တို့ ရန်ကုန်အထိ လာရောက်သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသားကွန်ယက်ဥက္ကဌ ဦးတင်ထူးအောင်က ရှင်းလင်းပြောဆိုသည်။


ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ မရှင်းလင်းသော ဆောင်ရွက်ချက်များကြောင့် ရခိုင်ပြည်နယ် အတွင်း အစဉ်အဆက် နေထိုင်လာသော ကမန်တိုင်းရင်းသားမှာ နယ်ကျော် ခရီးသွားလာခြင်းကိုပင် ကန့်သတ်ခံရသည့် အချိန်ကာလများရှိခဲ့သောကြောင့် လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေးအဖက်ဖက်မှ နိမ့်ကျခဲ့ရကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီ ၊ ရမ်းဗြဲမြို့နယ် ဥက္ကဌ ဦးထွန်းမြင့်က ပြောသည်။

“ကျနော်တို့မှာ ကမန်တိုင်းရင်းသားဦးရေစိစစ်ရေးအဖွဲ့ဆိုပြီး လ၀က၀န်ကြီး ဦးသိန်းဆွေရဲ့ လမ်းညွှန်မှုနဲ့အညီ ဖွဲ့ထားတဲ့အဖွဲ့အစည်းရှိတယ်။ အခုအဲ့ဒီအဖွဲ့လည်း မသိလိုက်ရဘဲ ဒီကတ်ပြားထုတ်ပေးတာတွေဖြစ်လာတယ်။ ကတ်ပြားပေါင်း(၃၃၀၆)ခုကို ထုတ်ပေးခဲ့ပြီးပြီလို့ ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသန်းမောင်ဦးဆီကနေ ကျနော်တို့ ကြားသိ ထားရတယ်။ ကျနော်တို့က ကမန်တိုင်းရင်းသားတွေ မဟုတ်သူတွေကို ကမန်တိုင်းရင်းသား ပါဆိုပြီး လုပ်ပေးလိုက်တဲ့အပေါ် စိုးရိမ်တယ်။ ၂၀၁၂ ခုနှစ် ပဋိပက္ခတွေကြောင့်လည်း ကျနော်တို့ ကမန်တိုင်းရင်းသားနဲ့ ရခိုင်တွေအကြားလည်း ယုံကြည်မှုတွေ လျော့နည်းခဲ့ရပြီးပြီ။ အခုလည်း ကျနော်တို့မှာ မူလကမန်တိုင်းရင်းသားဦးရေလျော့နည်းလာတဲ့အတွက် စိုးရိမ်နေရတာက တစ်ပိုင်း ၊ ကမန်တိုင်းရင်းသားအမည်ခံပြီး ကမန်ကို အရုပ်ဆိုးအကျဉ်းတန်အောင် ဘယ်လိုတွေ လုပ်သွားမလဲဆိုတာကို စိုးရိမ်နေရတာက တစ်ပိုင်းဖြစ်နေပြီ။ ဒါ့ကြောင့် နိုင်ငံတော်အနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေးပါ”ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီအထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပြဿနာအရပ်ရပ်သည် လ၀ကဌာန၏ နိုင်ငံသားဖြစ်မှုအပေါ် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်မှုအားနည်းချက်များ တစ်စိတ်တစ်ပိုင်းပါဝင်နေသည်ဟု သုံးသပ်ပါကြောင်းလည်း သဘောထားကြေညာချက်တွင် ထုတ်ပြန်ဖော်ပြထားသည်။

ကျောက်နီမော်ဒေသခံ ရခိုင်တိုင်းရင်းသား ဦးဖြူလုံးကလည်း “ကျနော်တို့က ၂၀၁၂ ခုနှစ်မှာ ပဋိပက္ခတွေကြောင့် ခါးသီးစွာခံစားခဲ့ရပြီးပြီ။ ဒါ့ကြောင့် လူဦးရေစစ်တဲ့အခါ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ တိကျမှန်ကန်စွာ စစ်ဆေးပေးပါလို့ ဆန္ဒဖော်ထုတ်တာတွေ လုပ်ခဲ့ပြီးပြီ။ အဲ့လိုလုပ်ပြီးလို့မှ သိပ်မကြာဘူး။ အခု ဒီကတ်ထုတ်ပေးတဲ့ ကိစ္စဖြစ်လာတယ်။ ဒီကိစ္စကို ကမန်တွေ စိုးရိမ်သလို၊ ကျနော်တို့ ရခိုင်တွေကလည်း စိုးရိမ်တယ်။ ဒါ့ကြောင့် ဒီကိစ္စကို ရှင်းရှင်းလင်းလင်းဆောင်ရွက်ပေးဖို့ သမ္မတဆီကို စာတင်မယ်။ ဒေသခံလူထုတွေရဲ့ လက်မှတ်ပေါင်း ကိုးထောင်ကျော်ကိုလည်း ကျနော်တို့ ကောက်ယူစုဆောင်းရရှိထားပြီးပြီ။ ထပ်ပြီးလည်း လက်မှတ်တွေ ကောက်ယူစုဆောင်းနေပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ ကမန်၊ မရမာကြီးဟူ၍ လူမျိုးစု (၇)စုရှိကာ တိုင်းရင်းသားအဖြစ် လက်ခံထားကြသည်။ ကမန်များမှာ ရခိုင်ဘုရင်များလက်ထက်ကပင် ရခိုင်ဘုရင့်တပ်မတော်တွင် လေးသည်တော်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း သမိုင်းမှတ်တမ်းများတွင် တွေ့ရသည်။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း ကမန် တိုင်းရင်းသားဦးရေ လေးသောင်းကျော်ခန့်ရှိနေကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီ ထံမှ သိရသည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂါလီများ ကမန်အရေခြုံလာမည်ကို လက်မခံနိုင်ဟု ကမန်အမျိုးသားပါတီပြော ဘင်္ဂါလီများ ကမန်အရေခြုံလာမည်ကို လက်မခံနိုင်ဟု ကမန်အမျိုးသားပါတီပြော Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.