တပ်မတော်ထုတ် စာအုပ်မှာ ရိုဟင်ဂျာဓာတ်ပုံမှားတွေ ပါတယ်လို့ ရိုက်တာကပြော

၁၉၇၁ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲ ကာလ ပါကစ္စတန် တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကို ဘင်္ဂလီတွေရဲ့ သတ်ဖြတ်မှု အဖြစ် စာအုပ်ထဲထည့်ထား
မြန်မာ့နိုင်ငံရေးနဲ့ တပ်မတော် အပိုင်း ၁ ဆိုတဲ့ တပ်မတော်က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ထုတ်ဝေလိုက်တဲ့ စာအုပ်မှာ ဓာတ်ပုံအမှား ဖော်ပြတာတွေ ရှိခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ထုတ်ဖော်ခဲ့ပါတယ်။

၁၉၇၁ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲ ကာလက ဓာတ်ပုံ တပုံကို အဲဒီ စာအုပ်မှာ ဘင်္ဂါလီတွေရဲ့ မြန်မာ တိုင်းရင်းသားတွေကို ၁၉၄၀ နောက်ပိုင်း သတ်ဖြတ်မှု အဖြစ် ဖော်ပြမှုအပြင် စုစုပေါင်း ဓာတ်ပုံ သုံးပုံ အမှား ဖော်ပြခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရိုက်တာ ဖော်ထုတ်လိုက်တဲ့ နောက်ထပ် ဓာတ်ပုံ တပုံကတော့ တန်ဇန်းနီးယားမှာ ရိုက်ထားတဲ့ ရဝမ်ဒါ ဒုက္ခသည်တွေရဲ့ ၁၉၉၆ က ရောင်စုံ ဓာတ်ပုံကို အဖြူအမည်းပြောင်းထားတာ ဖြစ်ပြီး အောက်မြန်မာပြည်ကို အင်္ဂလိပ် သိမ်းပိုက်ပြီးချိန် မြန်မာနိုင်ငံကို ဝင်လာတဲ့ ဘင်္ဂါလီများ အဖြစ် အဲဒီ စာအုပ်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ရဝမ်ဒါ ဒုက္ခသည်တွေရဲ့ ၁၉၉၆ ရောင်စုံ ဓာတ်ပုံကို အဖြူအမည်းပြောင်းထား

အဲဒီစာအုပ်ထဲမှာ ထည့်ထားတဲ့ နောက်ထပ် ဓာတ်ပုံ အမှားတခုကတော့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ၂၀၁၅ မှာ မြန်မာနိုင်ငံက ထွက်ခွာနေတဲ့ ဓာတ်ပုံကို အဖြူအမည်းပြောင်း၊ ရှေ့နောက်ပြောင်းပြီး ဘင်္ဂါလီတွေ မြန်မာနိုင်ငံကို ဝင်ရောက်လာပုံဆိုပြီး ဖော်ပြထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ စာအုပ်ထဲမှာ ပါတဲ့ ဓာတ်ပုံတွေထဲက သမိုင်းဝင် ဓာတ်ပုံအဖြစ် ဖော်ပြထားတဲ့ တခြား ဓာတ်ပုံ ငါးပုံရဲ့ မူလဇာစ်မြစ်ကိုတော့ ဖော်ထုတ်လို့ မရခဲ့ဘူးလို့ ရိုက်တာက ပြောပါတယ်။

 ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ၂၀၁၅ မှာ မြန်မာနိုင်ငံက ထွက်ခွာနေတဲ့ ဓါတ်ပုံကို အဖြူအမည်းပြောင်း၊ ရှေ့နောက်ပြောင်းထား
အခုလို ဓာတ်ပုံတွေ အမှား ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီလို လွဲမှား ဖော်ပြမှုဟာ တပ်မတော်အတွက် သိက္ခာကျစရာဖြစ်တယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတကာက တပ်မတော် အပေါ် ယခင်ကတည်း ကလည်း အယုံအကြည် မရှိတဲ့အတွက် အခုလို ဖော်ပြလိုက်တဲ့ စာအုပ်ကြောင့် ယုံကြည်မှု ထပ်ကျစရာ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

နိုင်ငံခြား သတင်းဌာန သတင်းထောက်တဦးဖြစ်သူ ဦးသီဟသွေးကတော့ ယခင် စစ်အစိုးရခေတ် ထောက်လှမ်းရေးက ထုတ်တဲ့ စာအုပ်တွေမှာလည်း အခုလို ဓာတ်ပုံတွေ ယူသုံး၊ ပြင်သုံးတာတွေ ရှိခဲ့ဖူးပြီး ပြည်သူ လူထု အနေနဲ့ တပ်မတော်ရဲ့ ထုတ်ပြန်မှုတွေကို ယုံကြည်ဖို့ ပိုမို ခက်ခဲလာနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ဘက်က အခုလို ဓာတ်ပုံတွေ လွဲမှား ဖော်ပြတာ မှန်ကန်ခဲ့ရင် တာဝန်ခံပြီး အမှားပြင်ဆင်တာနဲ့ စာအုပ်ကို ဈေးကွက်က ပြန်သိမ်းတာတွေ လုပ်သင့်သလို လက်ရှိ ရခိုင်ပြည်နယ် အရေး လွတ်လပ်စွာ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကိုလည်း အလားတူ အချက်အလက် အမှားတွေ မပေးဖို့လိုတယ်လို့ ဦးသီဟသွေးက ပြောပါတယ်။

BBC Burmese
https://www.bbc.com
တပ်မတော်ထုတ် စာအုပ်မှာ ရိုဟင်ဂျာဓာတ်ပုံမှားတွေ ပါတယ်လို့ ရိုက်တာကပြော တပ်မတော်ထုတ် စာအုပ်မှာ ရိုဟင်ဂျာဓာတ်ပုံမှားတွေ ပါတယ်လို့ ရိုက်တာကပြော Reviewed by THITHTOOLWIN on 06:00 Rating: 5
Powered by Blogger.