TNLA ဖမ်းသွားသည့် နမ့်ခမ်းသူတဦးလွတ်မြောက်ရေးအတွက် SSPP ထံနမ့်ခမ်းမြို့ခံများအကူအညီတောင်း

ဖမ်းဆီးခံသွားရသည့် နမ့်ခမ်းမြို့သူ နန်းမိုဟွမ်
TNLA တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဖမ်းသွားသည်ဟု ယူဆရသည့် နမ့်ခမ်းသူတဦးလွှတ် မြောက်ရေးအတွက် ၄င်းတို့မဟာမိတ်တပ်ဖွဲ့အနေဖြင့် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးရန် SSPP သျှမ်းပြည် တပ်မတော် ထံ ဒေသခံများ၊ မိဘ ဆွေမျိုးအသိုင်းအဝိုင်းများက စုပေါင်းကာ အကူအညီတောင်းခံစာပေးလိုက် သည်ဟုသိရသည်။

သြဂုတ်လ ၁၇ ရက်ယနေ့မနက် ၈ နာရီက လက်နက်ကိုယ်စီကိုင်ဆောင်ထားသော အရပ်ဝတ် လူ ၅ ဦးသည် ပါကျဲရိုးကား နံပတ် 7B-4280 ဖြင့် ဟိုနောင်ရပ်ကွက်ရှိ နောင်မောဝ်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်သို့ ရောက်ရှိကာ ဆိုင် ရှင် ၏ ချွေးမဖြစ်သူနန်းမိုဟွမ်အား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ အဆိုပါ အရပ် ၀တ် သေနတ်ကိုင် ဆောင်သူ လူ ၅ ဦးသည် ပလောင်ဘာသာစကား၊ ဗမာဘာသာစကား ပြောကြားကြောင်း၊ ဆိုင်အတွင်း စီစီတီဗွီ တပ်ဆင်ထားသောကြောင့် စီစီတီဗွီ စက်အားလည်း ရိုက်ခွဲဖျက်ဆီးသွားကြောင်း အမည် မဖေါ်လိုသည့် ဆိုင်ရောက်ပုဂ္ဂိုလ်တဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြော သည်။

“ကျနော်က အဲ့ဆိုင်ကိုရောက်နေတာ။ သူတို့က အိမ်ဆိုင်ထဲကို ကားဆုတ်ပြီးဝင်လာတယ်။ ဆိုင်ထဲ လူသုံးယောက်ဝင်လာတယ်။ ကျန်တဲ့တယောက်က အပြင်မှာစောင့်ကြည့်တယ်။ ကားမောင်းတဲ့သူက တ ယောက်။ ဆိုင်ထဲဝင်လာတဲ့သူက သေနတ်ကိုယ်စီထုတ်ပြီး မလှုပ်ကြဖို့ သေနတ်နဲ့ချိန်တယ်။ ကျန်တယောက် ကတော့ နန်းမိုဟွမ်ကို သေနတ်နဲ့ထောက်ပြီး ကားပေါ် တက်ခိုင်းပြီး အမြန်မောင်းထွက်သွားတယ်။ ”- သျှမ်းသံတော်ဆင့်သို့ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ TNLA အားဖုန်းဆက်မေးသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိချေ။

SSPP သျှမ်းပြည် တပ်မတော် ဌာနချုပ်ပြန်ကြားရေးအရာရှိတဦးက အဆိုပါကိစ္စ အား ဖြစ်ပျက်သည့် အကြောင်းအရာ စီစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

အဖမ်းခံရသူ၏ ခင်ပွန်းဖြစ်သူက -“ ကျနော်တရားအားထုတ်ပြီးဒီနေ့မှပြန်ထွက်လာတာ။ ကျနော့်မိန်းမက ဘယ်အဖွဲ့အစည်းနဲ့မှ လည်းမပတ် သက်ခဲ့ဖူးဘူး။ ကုန်အရောင်းအဝယ်လုပ်ငန်းတခုဘဲလုပ်တတ်ပါတယ်။ ရံပုံငွေတောင်းလာတဲ့ဘယ်အဖွဲ့မဆို ကျနော်တို့အကုန်ပေးပါတယ်။ မပေးတာ ကလန်ကလန် ကဆန် လုပ်တာဘယ်တုန်းကမှမရှိခဲ့ဖူးပါဘူး။ ကျနော်တို့မှာ ကလေးလေးတွေ သုံးယောက်တောင်ရှိတယ်။ သူတို့အမေ ကိုမျှော်ရှာတယ်။ အဲတာကိုသက်ညှာသောအားဖြင့် ကျနော့်မိန်းမကိုအမြန်ဆုံးပြန်လွှတ် ပေးပါလို့တောင်းဆို လိုပါတယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မိသားစုဝင်ကဲ့သို့ ခင်မင်ရသော အမည်မဖေါ်လိုသူ ရပ်ကွက်သူ တဦးကလည်း – ယမန်နှစ်က ဤကာလမျိုး TNLA မှ အခွန်လာကောက်ကြောင်း အခွန်လာကောက်မှုတွင် နန်းမိုဟွမ်မှ ကျပ်ငွေ ၁၁ သိန်း ပေးဆောင် လိုက်ရကြောင်း၊ ထိုစဉ်အခွန်ကောက်ပြီး ပြန်ထွက်သွားသည့် TNLA စစ်သားအား အစိုးရတပ်မတော် တပ်မ ၈၈ က လမ်းတွင်စောင့်ဆိုင်းကာ ပစ်ခတ် ဖမ်းဆီးကြောင်း၊ တဦးသေပြီး တဦးအရှင်ဖမ်းသွားကြောင်း၊ ထို့နောက်ပိုင်း TNLA မှ ၄င်းတို့မိသားစုအား သတိပေးစာတစောင် ပေးပို့ကြောင်း၊ နန်းမိုဟွမ်မှလည်း အဆိုပါ ကိစ္စ ၄င်းနှင့်မသက်ဆိုင်ကြောင်း၊ ပိုက်ဆံ ၁၁ သိန်းထက် မိသားစုအရေး သားသမီးအရေးက ရှိသောကြောင့် အစိုးရတပ်ထံ သတင်းပို့သည့် ကိစ္စ လုံးဝ မပြုလုပ်ရကြောင်း အကြောင်းပြန်ခဲ့ဖူးသည်ဟု ပြောသည်။

လက်ရှိတွင် နန်းမိုဟွမ် လွှတ်မြောက်ရေးအတွက် ဆွေမျိုးအသိုင်းအဝိုင်းများ၊ ရပ်ကွက်သူရပ်ကွက်သားများ စုပေါင်းကာ ရဲစခန်းတွင်လည်းကောင်း၊ ဆိုင်ရာအဖွဲ့အစည်းသို့လည်းကောင်း စာရေးတောင်းခံထား ကြောင်း၊ ထို့အပြင် ၄င်းတို့ မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သော သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ထံလည်း ကူညီဆောင်ရွက်ပေးပါရန် စာတစောင်ပေးပို့ထားကြောင်း ပါဝင်တောင်းခံသူ ရပ်ရွာအကြီးအကဲတဦးက ပြောသည်။

နန်းမိုဟွမ် အသက် ၃၆ နှစ်သည် နမ့်ခမ်းမြို့နယ် စယ်ဟိုင်း အုပ်စု ဒေသခံတဦးဖြစ်သည်။ ဟိုနောင်ရပ်ကွက် သား နောင်မောဝ် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်နှင့် အိမ်ထောင်ပြုကာ သားသမီး ၃ ဦး ထွန်းကားပါသည်။ သားသမီးသုံးဦးလုံးသည် ကျောင်းနေအရွယ်ဖြစ်ပြီး အငယ်ဆုံးမှာ အသက် ၆ နှစ်သာရှိသေးသည်ဟုသိရသည်။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
http://burmese.shannews.org
TNLA ဖမ်းသွားသည့် နမ့်ခမ်းသူတဦးလွတ်မြောက်ရေးအတွက် SSPP ထံနမ့်ခမ်းမြို့ခံများအကူအညီတောင်း TNLA ဖမ်းသွားသည့် နမ့်ခမ်းသူတဦးလွတ်မြောက်ရေးအတွက် SSPP ထံနမ့်ခမ်းမြို့ခံများအကူအညီတောင်း Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.