![]() |
လက်နက်ကြီးတွေ ကျလို့ အနီးတ၀ိုက် ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးလာကြစဉ်/ ဓါတ်ပုံ - ဒေသခံတစ်ဦး |
ပန်ကွပ်ကျေးရွာအနီး လက်နက်ကြီးတွေ ကျတာရှိလို့ အနီးတ၀ိုက် ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေး လာကြတာလို့ နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်ချုပ်ရေးမှူး ကိုဖိုးထောင် က ပြောပါတယ်။
ပန်ကွပ်ရွာက ဒေသခံတွေ ထွက်ပြေးလာတာမရှိပေမယ့် အနီးတ၀ိုက်ကျေးရွာတွေဖြစ်တဲ့ နောင်ငင်း၊ မန်ဆာ၊ ပန်ဟတ် စတဲ့ ရွာသားတွေ ထွက်ပြေးလာကြတယ်။
ထွက်ပြေးလာသူတွေကို မန်စံမြောက်ကျောင်း၊ ကမ္မဌာန်းကျောင်း၊ မိုင်းမုကျောင်းတွေမှာ နေရာချထားပေးပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ တောတောင်တွေထဲကနေ ပြေးလာရတာဖြစ်လို့ သန့်ရှင်းမှုနဲ့ ကျန်းမာရေး အားနည်းချက် တွေ ရှိနေတယ်လို့ မန်စံဆီလိန်ခမ်းပရဟိတအဖွဲ့က ဒေါ်နန်းခမ်းမီးက ပြောပါတယ်။
ပန်ကွပ်ကျေးရွာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက SSPP/SSA၊ TNLA ၊ RCSS နဲ့ အစိုးရတပ်မတော်တို့အကြား စစ်ရေးတင်းမာနေခဲ့ပါတယ်။
လတ်တလောမှာ မန်ဆာ၊ ပန်ဟတ်၊ နားဟုန်းရွာတွေမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ လှုပ်ရှားနေပြီး ပန်လုံ ကျေးရွာ တ၀ိုက်မှာ အစိုးရတပ်မတော် နဲ့ RCSS အဖွဲ့တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
TNLA ကတော့ မနေ့က ပန်ကွပ်ရွာဘက်ကို လာတဲ့ RCSS အဖွဲ့ နဲ့  နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး RCSS တာဝန်ရှိသူတွေကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။
RFA Burmese
https://www.rfa.org/burmese
TNLA နဲ့ RCSS တိုက်ပွဲတွေကြောင့် ဒေသခံ ၈၀၀ ကျော် ထွက်ပြေး
Reviewed by THITHTOOLWIN
on
19:07
Rating:
