![]() |
အမေရိကန်ဒေါ်လာ ၁၀၀ တန်တွေကို တွေ့ရစဉ်/ Photo: Yasin AKGUL / AFP |
ဗဟိုဘဏ်ရဲ့ ရည်ညွန်းငွေလဲနှုန်း ၀.၈ ရခိုင်နှုန်းအတွင်း အတိုးအလျော့လုပ်နိုင်တယ်လို့ သတ်မှတ်ထားတာကို မနေ့က စတင်ပယ်ဖျက်လိုက်တဲ့အပေါ် အကျိုးသက်ရောက်မှုကို RFA က ဆက်သွယ်မေးမြန်းရာမှာ NLD ရဲ့ ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ဘဏ်လုပ်ငန်းအကြံပေးပညာရှင်ဖြစ်တဲ့ ဦးရဲမင်းဦး က အခုလိုပြောပါတယ်။
"ဒေါ်လာဈေးက ဈေးကွက်ဆုံးဖြတ်ချက်အတိုင်းပဲ ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကလုပ်လို့ရပြီ ဆိုတဲ့ ဘောင်ကိုဖြုတ်ပေးလိုက်တဲ့သဘောပဲ၊ ဗဟိုဘဏ်ကတော့ ရည်ညွန်းနှုန်းအတိုင်းတော့ အမြဲကြေညာနေမှာပဲ၊ ရည်ညွန်းနှုန်းနဲ့ ၀.၈ အပေါင်းအနှုတ် မရှိတော့ဘူးပေါ့နော်၊ ဒေါ်လာဈေး တက်ရင် လိုက်တက်လို့ရသလို ကျရင်လည်း ချက်ချင်းလိုက်ချလို့ရအောင် ဖွင့်ပေးလို့ရအောင် ဖွင့်ပေးလိုက်တာပေါ့၊ အဲဒီဟာတွေရဲ့ နောက်ဆက်တွဲ သူဆက်လုပ်မယ့်ဟာတွေရှိပါလိမ့်မယ်၊ ခုဆိုရင်ကျနော်တို့ ကြားတာ ဒေါ်လာသန်း ၃၀၀ နဲ့ သန်း ၄၀၀ ကြား ထုတ်ချေးပေးမယ် ဆိုတဲ့အသံမျိုးတွေလည်းပေးပြီ၊ သူဆက်လုပ်မယ့်ဟာတွေနဲ့ သူအရင်တုန်းကထုတ်တဲ့အမိန့်နဲ့က မကိုက်ညီဘူးဖြစ်နေတယ်၊ သူဆက်လုပ်မယ့်အလုပ်တွေအောင်မြင်ဖို့ ဒီအမိန့်တွေ ပယ်ဖျက်လိုက် တဲ့သဘောပါပဲ၊ ကန့်သတ်လိုက်တဲ့ ဘောင်တွေဖြုတ်လိုက်လို့ ဒေါ်လာဈေးတွေ ထိုးတက်သွားမလား ထိုးကျသွားမလား ဖြစ်စရာ အကြောင်းတော့မရှိဘူးဗျ’’
၂၀၁၂ ခုနှစ်တုန်းက လိုင်စင်ရထားတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကို ဗဟိုဘဏ်က သတ်မှတ် ထားတဲ့ ဈေးနှုန်းထက် ၀.၈ ရာခိုင်နှုန်း အတိုးအလျော့ ရောင်းဝယ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီသတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း နိုင်ငံခြားငွေရောင်းဝယ်ခွင့် လိုင်စင်ရဘဏ်တွေနဲ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင် ရ ငွေလဲကောင်တာတွေဆီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့က စာဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
ဒေါ်လာတန်ဖိုးဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ဈေးကွက်ထဲမှာ မြင့်တက်နေရာ အခုချိန်ထိ ဆက်တက်နေ ဆဲဖြစ်တာကြောင့် ဗဟိုဘဏ်က အခုလိုလုပ်လိုက်တာဖြစ်မယ်လို့ ဦးရဲမင်းဦးက သူ့အမြင်ကို ပြောပါတယ်။
ဒေါ်လာဈေးဟာ ပြည်တွင်းမှာသာမက တစ်ကမ္ဘာလုံးမှာလည်း ဈေးကွက်အနေအထားအရ မြင့်တက်နေတဲ့ အခြေအနေမှာရှိနေတယ်လို့ ပြောပါတယ်။
အစိုးရအနေနဲ့ အခုလိုဒေါ်လာဈေး အဆမတန်တက်နေတဲ့ အခြေအနေမှာ ငွေကြေးဈေးကွက်ကို ဘယ်လိုပုံစံနည်းလမ်းနဲ့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်ဆိုတာတွေက ပြည်သူတွေ အထိတ်တလန့်မဖြစ်အောင် သတင်းထုတ်ပြန်ချက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်သင့်တယ်လို့လည်း ဦးရဲမင်းဦးက အကြံပေးခဲ့ပါတယ်။
RFA Burmese
https://www.rfa.org/burmese
နိုင်ငံခြားငွေလဲလှယ်နှုန်း တသမတ်တည်းဖြစ်သွားနိုင်တယ်လို့ NLD ဗဟိုစီးပွားရေးကော်မတီဝင် ပြော
Reviewed by THITHTOOLWIN
on
20:28
Rating:
