NLD ရဲ့ ညီလာခံတခုမှာ အစိုးရဝန်ကြီး မိန့်ခွန်းပြောမှု ကန့်ကွက်ခံရ

မိန့်ခွန်းပြောခဲ့တဲ့ ကိစ္စအပြင် ညီလာခံ သုံးရက်စလုံးမှာ နိုင်ငံပိုင် သတင်းဌာနကို ပါတီအတွက် အသုံးပြုတယ် ဆိုပြီး USDP က တိုင်ကြား
NLD ပါတီ အမျိုးသမီး အဖွဲ့က နေပြည်တော်မှာ လုပ်ခဲ့တဲ့ အမျိုးသမီးညီလာခံအတွင်း ပြည်ထောင်စု အဆင့် ဝန်ကြီး နှစ်ယောက် မိန့်ခွန်းပြောခဲ့တာဟာ ဥပဒေနဲ့ မညီဘူး ဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ USDP က ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားပါတယ်။

ပါတီတခုရဲ့ ညီလာခံမှာ အစိုးရဝန်ကြီးတွေက တက်ရောက်ပေးတာဟာ ဥပဒေနဲ့ မညီဘူးဆိုတဲ့ အခြေခံနဲ့ အခုလို တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ လုပ်ခဲ့တဲ့ အဲဒီ ညီလာခံမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့က အမှာစကားပြောခဲ့တာ ဖြစ်ပါတယ်။

အခုလို မိန့်ခွန်းပြောခဲ့တဲ့ ကိစ္စအပြင် ညီလာခံ သုံးရက်စလုံးမှာ နိုင်ငံပိုင် သတင်းဌာနကို ပါတီအတွက် အသုံးပြုတယ် ဆိုပြီး ဇူလိုင်လ ၁၅ ရက်နေ့မှာ USDP က တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလို လုပ်ခဲ့တာတွေဟာ ရွေးကောက်ပွဲ ဆိုင်ရာ နိုင်ငံရေးပါတီများ ဥပဒေသာမက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့လည်း ငြိစွန်းနေတဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်က စိစစ် ဆောင်ရွက်ပေးဖို့ တိုင်ကြားရတာ ဖြစ်တယ်လို့ USDP ပြောခွင့်ရ ပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် နေပြည်တော် ကောင်စီဝင် တဦးလည်း ဒီညီလာခံကို တက်ရောက်ခဲ့တဲ့အတွက် ဒီလို ပါတီအတွက် ဌာနဆိုင်ရာ ဝန်ထမ်း အသုံးပြုမှုကိုလည်း တပါတည်း တိုင်ကြားထားတယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ဒါဟာ ရွေးကောက်ပွဲ ဆိုင်ရာ နိုင်ငံရေးပါတီများ ဥပဒေသာမက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့လည်း ငြိစွန်းလို့ ဦးသိန်းထွန်းဦးက ပြော
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ အစိုးရအဖွဲ့ ဝန်ကြီးတွေ အနေနဲ့ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အမျိုးသမီးရေးရာ ကိစ္စတွေမှာ တက်ရောက်နိုင်တဲ့အတွက် အခုလို အမျိုးသမီး ညီလာခံ တခုကို တက်ရောက်ခဲ့တာဖြစ်ပြီး လူမှုရေးနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးလည်း ဖြစ်တဲ့အတွက် တက်ရောက်ခွင့်ရှိကြောင်း ပြန်လည် တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံပိုင် သတင်းဌာနက ညီလာခံသတင်း ဖော်ပြတယ် ဆိုတာကလည်း အစိုးရဝန်ကြီးတွေ တက်လို့ ဖော်ပြတာသာ ဖြစ်တယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကတော့ တိုင်ထားတဲ့ အချက်တွေထဲမှာ နိုင်ငံပိုင် သတင်းဌာန အသုံးပြုတယ်ဆိုတဲ့ ကိစ္စက ပြစ်မှု မမြောက်ပဲ တခြား အချက်တွေကိုတော့ ထင်ရှားမှု ရှိမရှိ စစ်ဆေးနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခုလို တိုင်ကြားမှုထဲမှာ ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး နှစ်ဦးထဲက ဒေါက်တာ မြင့်ထွေးဟာ NLD ပါတီဝင် မဟုတ်ပေမယ့် ဒေါက်တာဝင်းမြတ်အေးကတော့ ပဲခူးတိုင်း လွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ မှာ NLD ပါတီဝင် အဖြစ် အနိုင်ရခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံ ဥပဒေမှာတော့ ပါတီဝင် ဖြစ်တဲ့ အစိုးရဝန်ကြီးတွေ အနေနဲ့ တာဝန်ထမ်းဆောင်စဉ် ကာလမှာ ပါတီလုပ်ငန်းတွေ ပါဝင် မဆောင်ရွက်ရလို့ ပြဌာန်းထားပါတယ်။

BBC Burmese
https://www.bbc.com/burmese
NLD ရဲ့ ညီလာခံတခုမှာ အစိုးရဝန်ကြီး မိန့်ခွန်းပြောမှု ကန့်ကွက်ခံရ NLD ရဲ့ ညီလာခံတခုမှာ အစိုးရဝန်ကြီး မိန့်ခွန်းပြောမှု ကန့်ကွက်ခံရ Reviewed by THITHTOOLWIN on 07:27 Rating: 5
Powered by Blogger.