ညသန်းခေါင် အချိန် KTVမှ ပြန်လာသော ရဲတပ်ဖွဲ့ဝင်လေးဦးကို လူတစ်စုက ဓားဖြင့် ဝိုင်းခုတ်


ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှာKTVက ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်လေးဦးကို လူဆယ်ဦးခန့်ပါတဲ့ အဖွဲ့က ဓားနဲ့ ဝိုင်းခုတ်ခဲ့ရာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်ကတော့ သြဂုတ်လ(၂၀)ရက် ည(၁၀)နာရီခန့်က ဒုရဲအုပ်အေးဝင်းသန်း၊ ရဲတပ်သားထွန်းထွန်းဝင်း၊ပြည့်ဖြိုးအောင်နဲ့ အောင်သီဟဦးပါ လေးဦးတို့မှာ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်နှစ်စီးစီးကာ ပဲခူးမြို့ဥဿာ မြို့သစ်(၃)ရပ်ကွက်ရှိ "ရွှေမင်းသားKTV"ကို သွားရောက်ခဲ့ရာ လမ်းမျက်နှာချင်းဆိုင်က ဆိုင်ကယ်တစ်စီးနဲ့ ပွတ်တိုက်မိခဲ့ တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကေတီဗွီမှာ နှစ်နာရီခန့် သီချင်းသီဆိုပြီးအပြန် ဗထူးလမ်းနဲ့ မနောဖူးလမ်းဆုံအရောက် အမည်မသိ အမျိုးသား(၁၀)ဦးခန့်ပါတဲ့ လူတစ်စုက ရောက်ရှိစောင့်ဆိုင်းနေပြီး လူအုပ်ထဲက သုံးဦးမှာဓားရှည်တွေကိုင်ဆောင်ကာ"မင်းတို့လားကွ"လို့ ပြောဆိုကာ ဆိုင်ကယ်စီးလာတဲ့ ရဲတပ်ဖွဲ့ဝင်လေးဦးကို ဝိုင်းခုတ်ခဲ့ပါတယ်။

ဒီအခါဆိုင်ကယ်မောင်းသူ အောင်သီဟဦးတစ်ဦးသာ ထိခိုက်ဒဏ်ရာမရရှိခဲ့ပေမယ့် ကျန်(၃)ဦးမှာ ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကာ ပဲခူးဆေးရုံကြီးမှာ အတွင်းလူနာ(၂)ဦးနဲ့ ပြင်ပလူနာ(၁)ဦးအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သူတွေကို အရေးယူဖော်ထုတ်ပေးဖို့ ရဲတပ်သားအောင်သီဟဦးက တရားလိုပြု လုပ်တိုင်တန်းလာတဲ့အတွက် အမှတ်(၃)နယ်မြေရဲစခန်းက (ပ)၁၁၀၅/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/၃၂၄/၃၂၃/၁၁၄နဲ့ အမှုဖွင့် စုံစမ်းနေကြောင်း သိရပါတယ်။

သတင်း၊ဓါတ်ပုံ - ဖြိုးကိုလင်း(ညောင်ဝိုင်း)
One News Myanmar
https://www.facebook.com/onenewsmyan
ညသန်းခေါင် အချိန် KTVမှ ပြန်လာသော ရဲတပ်ဖွဲ့ဝင်လေးဦးကို လူတစ်စုက ဓားဖြင့် ဝိုင်းခုတ် ညသန်းခေါင် အချိန် KTVမှ ပြန်လာသော ရဲတပ်ဖွဲ့ဝင်လေးဦးကို လူတစ်စုက ဓားဖြင့် ဝိုင်းခုတ် Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.