အမုန်းစကား တားဆီးရန် Facebook ပျက်ကွက်ဆဲဟု CBS တင်ပြ


 မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် အမုန်းစကား ဖြန့်ချိနေတာတွေကို ထိထိရောက်ရောက်တားဆီးဖို့ Facebook အနေနဲ့ ကြိုးစားရုန်းကန်နေရတယ်လို့ အမေရိကန် သတင်းဌာနတခုဖြစ်တဲ့ CBS က အင်္ဂါနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

အမုန်းစကားရေးသားပြောဆိုမှုတွေကို စောင့်ကြည့်ဖို့အတွက် မြန်မာစကားတတ်ကျွမ်းသူ မည်မျှ ခန့်ထားဆောင်ရွက်နေသလဲဆိုတာကို Facebook ကုမ္ပဏီက ပွင့်လင်းစွာ ထုတ်ဖေါ်ပြောကြားခြင်းမရှိကြောင်း၊ ၂ဝ၁၄ ခုနှစ်အထိ လူတဦးတည်းခန့်ထားခဲ့ပြီး ၂ဝ၁၅ မှာ နောက်တဦး ထပ်မံခန့်ထားခဲ့ပေမဲ့ အဲဒီသူတွေဟာ မြန်မာစကား ပြောတတ်သူတွေ မဟုတ်ကြောင်း၊ နောက်ပိုင်း တဖြည်းဖြည်း ခန့်ထားလာခဲ့ရာမှာ ပြီးခဲ့တဲ့ ဇွန်လအရောက်မှာမှ ဝန်ထမ်း ၆ဝ လောက်ရှိလာခဲ့ကြောင်း၊ အဲဒီလူအများစုဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ အခြေစိုက်ပြီး တချို့ကတော့ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ကနေ တာဝန်ထမ်းဆောင်နေကြတာဖြစ်ကြောင်း စသဖြင့် Reuters ရိုက်တာသတင်းဌာနရဲ့ စုံစမ်းရေး သတင်းထောက်တဦးက CBS ကို ပြောပါတယ်။

Facebook ဖေ့စ်ဘွတ်အနေနဲ့ အမုန်းတရား ရေးသားတင်ပြမှုတွေနဲ့ ပတ်သက်ပြီး အသုံးပြုသူတွေက တင်ပြတိုင်တန်းမှုတွေအပေါ်မှာ မှီခိုနေရကြောင်း၊ Facebook ဝန်ထမ်းတွေအနေနဲ့ နေ့စဉ် သတင်းအပုဒ်ရေ တထောင်မက ကိုင်တွယ်ဖြေရှင်းနေရတဲ့အတွက် အမုန်းစကားဖြန့်ချိမှုတွေကို နိုင်နိုင်နင်းနင်း စောင့်ကြည့်နိုင်ခြင်း မရှိကြောင်းလည်း သူကပြောပါတယ်။

သတိထားရမယ့်အချက်ကတော့ အသုံးပြုနေသူ သန်းပေါင်းများစွာ ရှိနေတဲ့ Facebook ဟာ မြန်မာနိုင်ငံမှာ လူအမြောက်အများအတွက် တခုတည်းသော သတင်းဇစ်မြစ်ဖြစ်နေကြောင်း၊ သတင်းမှားတခုကို ဖြန့်လိုက်ပြီဆိုရင် ကြောက်လန့်ဖွယ် အကျိုးဆက်တွေဖြစ်လာနိုင်ကြောင်း၊ ၂ဝ၁၄ ဇူလိုင်ကဆိုရင် ဖေ့စ်ဘွတ်ကနေ ကောလာဟလတွေဖြန့်ခဲ့တဲ့အတွက် ဆူပူမှုတွေဖြစ်လာပြီး လူတွေသေခဲ့ရကြောင်းနဲ့ ဒီကိစ္စဟာ သေရေးရှင်ရေး ပြသနာဖြစ်ကြောင်း စသဖြင့် CBS သတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အမုန်းစကား တားဆီးရန် Facebook ပျက်ကွက်ဆဲဟု CBS တင်ပြ အမုန်းစကား တားဆီးရန် Facebook ပျက်ကွက်ဆဲဟု CBS တင်ပြ Reviewed by THITHTOOLWIN on 12:33 Rating: 5
Powered by Blogger.