ကျောက်တော်မြို့နယ်တွင် ဆရာ၊ ဆရာမ ၃ ဦးလိုက်ပါလာသည့် မော်တော်ဘုတ်တစ်စီးနစ်မြုပ်

(ဓာတ်ပုံ - အပေါက်ဝကျေးရွာအနီးတွေ့ရသည့် မော်တော်ဘုတ်တစ်စီး။ သတင်းနှင့် ဘုတ်မှာ သက်ဆိုင်မှု မရှိပါ။)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဆရာ၊ ဆရာမ ၃ ဦးလိုက်ပါလာသည့် မော်တော်ဘုတ် တစ်စီး ယနေ့နံနက်က နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 သြဂုတ် ၁၅ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ဒုက္ကံချောင်းကျေးရွာမှ အောက်ယွန်းချောင်း ကျေးရွာသို့ ထွက်ခွာလာသည့် အဆိုပါမော်တော်ဘုတ်သည် အောက်ယွန်းချောင်းကျေးရွာ ချောင်းဝအရောက်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

"အဲဒီနားမှာ လေပြင်းပြီးတော့ လှိုင်းထန်နေတဲ့အတွက် အခုလိုဖြစ်သွားတာဖြစ်ပါတယ်။"ဟု အပေါက်ဝကျေးရွာရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဇော်က အတည်ပြုပြောသည်။

အဆိုပါမော်တော်ဘုတ်ပေါ်တွင် ဆရာနှစ်ဦးနှင့် ဆရာမတစ်ဦးလိုက်ပါလာပြီး နစ်မြုပ်ပြီးနောက် အနီးအနားမှ ဒေသခံများဝိုင်းဝန်းကယ်ဆယ်လိုက်နိုင်သည့်အတွက် လူသေဆုံးမှုမရှိခဲ့ကြောင်းလည်း မျက်မြင်များက ပြောသည်။

"ကျနော်တို့ အဲဒီကိုရောက်သွားတော့ လူတွေက ကမ်းပေါ်ရောက်နေကြပြီ။ စက်လှေကိုလည်း ပြန်ရလိုက်ပါတယ်။ ဆရာတစ်ယောက်တော့ သတိမေ့သွားလို့ အပေါက်ဝဆေးရုံမှာ ဆေးကုသ ခဲ့ရတယ်"ဟု ဘုတ်နစ်မြုပ်ခဲ့သည့်နေရာအနီးရှိ ဂုပ္ပီထောင့်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လူသေဆုံးမှုမရှိခဲ့၍ အမှုဖွင့်အရေးယူထားခြင်းမရှိကြောင်းလည်း အပေါက်ဝကျေးရွာရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဇော်က ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
ကျောက်တော်မြို့နယ်တွင် ဆရာ၊ ဆရာမ ၃ ဦးလိုက်ပါလာသည့် မော်တော်ဘုတ်တစ်စီးနစ်မြုပ် ကျောက်တော်မြို့နယ်တွင် ဆရာ၊ ဆရာမ ၃ ဦးလိုက်ပါလာသည့် မော်တော်ဘုတ်တစ်စီးနစ်မြုပ် Reviewed by THITHTOOLWIN on 11:34 Rating: 5
Powered by Blogger.