အိန္ဒိယ မြန်မာ နယ်စပ်မှာ ရွှေချောင်း၂၀၀ကျော် မိ

ဖမ်းဆီး ရမိသော ရွှေချောင်းများကို တွေ့ရစဉ်
အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်မှာ မြန်မာနိုင်ငံက တင်သွင်းလာတဲ့ ရွှေချောင်း ၂၁၈ ချောင်းနဲ့ အတူ မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ အိန္ဒိယ နိုင်ငံ မီဇူရမ်ပြည်နယ်အတွင်း မြန်မာနိင်ငံ က တင်သွင်းလာတဲ့ ၃၆ ဒသမ ၃၁၆ ကီလို ဂရမ်အလေးချိန်ရှိ ရွှေချောင်း ၂၁၈ ချောင်းကို မြန်မာနိုင်ငံသား ၅ ဦးနဲ့ အတူ အိန္ဒိယ အာသံရိုင်ဖယ် တပ်ရင်းတစ်ခုက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဒီလို ဖမ်းဆီးလိုက်တာဟာ ကြံဖိုင်းဖက်မှာ ဖြစ်ပြီး လဖိုင်း ကျေးရွာမှာ ဖြစ်တယ်လို့ မီဇူရမ်ပြည်နယ် အိုင်ဇောမြို့မှာ အခြေစိုက်တဲ့ ကနုန်ထူး ချင်းသတင်းဌာန အယ်ဒီတာ စံသဲက ဘီဘီစီကို ပြောပါတယ်။

အခု အိန္ဒိယကနေ ဖမ်းမိသွားတဲ့ ရွှေချောင်း ၂၁၈ ချောင်းရဲ့ တန်ဖိုးဟာ အိန္ဒိယ ရူပီငွေ ကာလတန်ဖိုး အိန္ဒိယ ရူပီး သန်း ၁၁၀ခန့် ရှိတယ်လို့လည်း အိန္ဒိယ သတင်းဌာနတွေမှာ ရေးသားဖော်ကြပါတယ်။

မြန်မာ ၅ ဦးတို့ဟာ မော်တော်ဆိုင်ကယ် ၃ စီးနဲ့ ရွှေချောင်းတွေကို သယ်ဆောင်လာရာမှာ အာသံရိုင်ဖယ်တပ်ရင်းလက်အောက်ခံ အမှတ် ၂၃ တပ်ခွဲမှ တပ်ဖွဲ့ဝင်များတွေနဲ့ အကောက်ခွန်အမှုထမ်းများပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကဖမ်းမိတာဖြစ်တယ်လို့ ဆိုပါတယ်။

အခု ရွှေချောင်းတွေသယ်လားတဲ့သူတွေဟာ ချင်းပြည်နယ် ဟားခါးမြို့ ဖြစ်ပြီး ကျင့်မိုင် ကျေးရွာကလို့ အိုင်ဇောမြို့မှာ အခြေစိုက်တဲ့ ကနုန်ထူး ချင်းသတင်းဌာန အယ်ဒီတာ စံသဲ က ပြောပါတယ်။

အိန္ဒိယမှာ ရွှေဈေးတက်နေတဲ့ အတွက် မြန်မာဘက်က ရွှေကို အိန္ဒိယနိုင်ငံ ပြည်တွင်းထဲကို မှောင်ခို တင်သွင်းရာကနေ ဖမ်းမိတာ ဖြစ်ပါတယ်။

ရာသီ ဥတု ကောင်းပီး လမ်းတွေ ပွင့်လာရင်တော့ တမူးဘက်ကလည်း မြန်မာရွှေတွေကို အိန္ဒိယဘက်ကို တင်သွင်းမှုတွေ ရှိလာနိုင်ခြေ ရှိတယ်လို့ ရွှေအရောင်းအဝယ် လုပ်နေသူ တစ်ဦး သုံးသပ်ပြောဆိုပါတယ်။

၂၀၁၃ မတ်လတုန်းကလည်း စက်သေနတ် တစ်လက် အပါအဝင်အေကေ ၄၇ မောင်းပြန် ရိုင်ဖယ် သေနတ် ၃၃ လက်နဲ့ ခဲယမ်းမီးကျောက်တွေကို မြန်မာနယ်စပ် အနီးမှာ တည်ရှိတဲ့ အိန္ဒိယနိုင်ငံ မီဇူရမ် ပြည်နယ် အိုင်ဇောမြို့ လေဆိပ် အနီးက တဲတစ်လုံးထဲမှာ ရှာဖွေ ဖမ်းဆီးမိခဲ့ဖူး ပါတယ်။

အဲဒီ သေနတ်တွေနဲ့ အတူ ဆက်စပ်သူလို့ ယူဆရသူ ဘင်္ဂလားဒက်ရှ် နိုင်ငံသား (၃) ဦးကိုလည်း အိန္ဒိယ ရဲက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ သူ သုံးဦးထဲမှာ တစ်ဦးက တြိပူရ လူမျိုး ဖြစ်ပြီးကျန် နှစ်ဦးကတော့ သက် အမျိုးသားတွေ ဖြစ်ကြပါတယ်။
ပလက်ဝနဲ့ မီဇိုရမ် ကားလမ်းဖောက်မှု ပြမြေပုံ
ဒီသေနတ်တွေဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အိန္ဒိယ နယ်မြေတွေက တဆင့် သယ်ယူလာတဲ့ လက်နက်တွေ ဖြစ်တယ်လို့ အိန္ဒိယ ရဲအရာရှိတွေကို ကိုးကားပြီး သတင်းတွေမှာ ဖေါ်ပြပါတယ်။

အဲဒီ သေနတ်တွေဟာ စစ်တကောင်း တောင်တန်းနယ်က လူနည်းစု လက်နက်ကိုင် တပ်ဖွဲ့တွေ အတွက် တင်သွင်းလာတဲ့ လက်နက်တွေ ဖြစ်တယ်ဆိုပြီး အိန္ဒိယရဲက ပြောဆိုပါတယ်။

ခုလို အိန္ဒိယ- မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တွေမှာ ခိုအောင်း လုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများအပြား ရှိနေတဲ့ အတွက် ဒီနယ်စပ်တလျှောက်မှာ ကျယ်ပြန့်တဲ့ လက်နက် မှောင်ခို ဈေးကွက်လည်း ရှိနေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀ဝ၄ ခုနှစ်ကလည်း ဘင်္ဂလားဒက်ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းမှာ အိန္ဒိယ အရှေ့မြောက်ပြည်နယ်က လက်နက်ကိုင် အဖွဲ့အစည်းတွေ အတွက်လို့ ယူဆရတဲ့ လက်နက်တွေကို ထရပ်ကား ၁၀ စီး အပြည့် ဖမ်းဆီးမိခဲ့ပါတယ်။

အဲဒီ သေနတ်တွေကို ရေလမ်း ကတဆင့် ယူဆောင်လာတာ ဖြစ်ပြီး စစ်တကောင်း ဆိပ်ကမ်းကနေ ထရပ်ကားတွေပေါ် အတင်မှာ သတင်းပေါက်ပြီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese
အိန္ဒိယ မြန်မာ နယ်စပ်မှာ ရွှေချောင်း၂၀၀ကျော် မိ အိန္ဒိယ မြန်မာ နယ်စပ်မှာ ရွှေချောင်း၂၀၀ကျော် မိ Reviewed by THITHTOOLWIN on 07:46 Rating: 5
Powered by Blogger.