နှစ်လ ၀န်းကျင်အတွင်း ဒေါ်လာဈေး ၉ ရာခိုင်နှုန်း တက်။ ဗဟိုဘဏ်က ဒေါ်လာဝယ်ခွင့်ရတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေ အကျိုးအမြတ် ရနေ


ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် မြန်မာကျပ်ငွေတန်ဘိုးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က တစ်ဒေါ်လာ ၀ယ်ဈေး ၁၃၄၄ ကျပ်၊ ရောင်းဈေး ၁၃၄၆ ကျပ် ဈေးပေါက်ပါတယ်။ ဒါဟာ ရန်ကုန်မှာ တကယ်ကို အရောင်းအ၀ယ် လုပ်တဲ့ ငွေလဲကောင်တာတွေရဲ့ ဈေးနှုန်းပါ။ သြဂုတ်လ ၈ ရက်နေ့မှာ တစ်ဒေါ်လာ ၁၄၆၄- ၁၄၆၉ နှုန်း ဖြစ်သွားတာမို့ ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် မြန်မာကျပ်ငွေ ၉ ရာခိုင်နှုန်း ၀န်းကျင် ကျဆင်းသွားတာ တွေ့ရပါတယ်။ တစ်လခွဲကျော် ကာလ အတွင်း ကျပ်ငွေတန်ဘိုး ဒီလောက် ကျဆင်းတယ် ဆိုတာ များတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီ ကာလအတွင်း မြန်မာကျပ်ငွေ တန်ဘိုးဟာ စင်္ကာပူဒေါ်လာနဲ့ဆို ၆ ရာခိုင်နှုန်း၊ ယူရိုငွေနဲ့ဆို ၆ဒသမ၈ ရာခိုင်နှုန်း၊ ထိုင်းဘတ်ငွေနဲ့ဆို ၃ ဒသမ ၅ ရာခိုင်နှုန်း၊ မလေးရှား ရင်းဂစ်နဲ့ဆို ၄ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပါတယ်။

ဒီအချက်အလက်တွေ ကို ဆန်းစစ်ကြည့်ရင် မြန်မာကျပ်ငွေဟာ ဒေါ်လာတန်ဘိုး တစ်ခုတည်း ကြောင့် မဟုတ်ဘဲ အခြား အကြောင်းအချက်တွေကြောင့် တန်ဘိုး အထိုက်အလျောက် ကျဆင်းသွားတာ တွေ့နိုင်ပါတယ်။ လောလောဆယ် ဗဟိုဘဏ်ဟာ ဒေါ်လာငွေ တန်ဘိုး မြင့်တက်ပြီး ကျပ်ငွေတန်ဘိုး ကျဆင်းနေတာကို ကုစားဖို့ လေလံဈေးကွက်ကနေ တဆင့် ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကို တစ်နေ့ ပျမ်းမျှ ဒေါ်လာ တစ်သိန်းနှုန်းလောက်နဲ့ ရောင်းချပေးနေတာ ၈ ရက်လောက် ရှိနေပါပြီ။ ဒါပေမယ့် ပုဂ္ဂလိက ဘဏ်နဲ့ ငွေလဲကောင်တာတွေက တောင်းဆိုသလောက် ရောင်းချပေးနိုင်ခြင်း မရှိသလို၊ ပြင်ပမှာလည်း ဒေါ်လာဈေးက နေ့စဉ် တရိပ်ရိပ် တက်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ဗဟိုဘဏ် သတ်မှတ်ချက် တစ်ဒေါ်လာ ၁၄၃၈ ကျပ်ပဲ ဖြစ်ပေမယ့် ပြင်ပ ပေါက်ဈေးမှာ တစ်ဒေါ်လာ ၀ယ်ဈေး ၁၄၆၄ ကျပ်၊ ရောင်းဈေး ၁၄၆၉ ကျပ် ဖြစ်နေတာမို့ ကွာခြားချက် အလွန်များတာ တွေ့ရပါတယ်။

 ဗဟိုဘဏ်ရဲ့ ခုလို ကိုင်တွယ်ဆောင်ရွက်ပုံကြောင့် ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ဒေါ်လာဝယ်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေဟာ ၀ယ်ခွင့်ရရင် ရတဲ့ ပမာဏ အလျောက် နေ့စဉ် အကျိုးအမြတ် အများကြီး ရှိနေတာကိုတော့ တွေ့မြင်ကြရပါတယ်။

One News Myanmar
https://www.facebook.com/onenewsmyan

နှစ်လ ၀န်းကျင်အတွင်း ဒေါ်လာဈေး ၉ ရာခိုင်နှုန်း တက်။ ဗဟိုဘဏ်က ဒေါ်လာဝယ်ခွင့်ရတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေ အကျိုးအမြတ် ရနေ နှစ်လ ၀န်းကျင်အတွင်း ဒေါ်လာဈေး ၉ ရာခိုင်နှုန်း တက်။ ဗဟိုဘဏ်က ဒေါ်လာဝယ်ခွင့်ရတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေ အကျိုးအမြတ် ရနေ Reviewed by THITHTOOLWIN on 15:04 Rating: 5
Powered by Blogger.