![]() |
မိုးရေချိန် လက်မ ၃၀လောက်အထိ မိုးရွာသွန်းနိုင်မယ်လို့ ခန့်မှန်းထားပြီး ရေကြီး မြေပြိုမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြ |
ပြင်းအားအဆင့် ၄လို့ သတ်မှတ်ထားတဲ့ ဟာရီကိန်း Lane ဟာ တနာရီကို ကီလိုမီတာ ၂၀၀နှုန်းနဲ့ ဦးတည် တိုက်ခတ်လာနေပြီး လေပြင်းတွေတိုက် မိုးသည်းထန်မှုတွေနဲ့ စရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
အရေးပေါ် ခိုလှုံဖို့ စခန်း အတော်များများကိုလည်း အသင့်ထားထားပြီး ဖြစ်ပါတယ်။
ဒီကနေ့ သောကြာနေ့မှာ ဟာရီကိန်း Lane ဟာ ဟာဝိုင်အီကျွန်းနဲ့ အနီးတဝိုက်က ကျွန်းတွေကို တည့်တည့် ဝင်ရင်ဝင် မဟုတ်ရင်လည်း အနီးကပ် ဖြတ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
ဟာဝိုင်အီကျွန်းမှာ အခုအခါ ကျောင်းတွေ၊ ရုံးတွေ ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။
လူတွေလည်း ဈေးဆိုင်တွေကို ပြေးပြီးလိုအပ်တဲ့ ရေ၊ စားနပ် ရိက္ခာ၊ ဆေးဝါးတွေကို အလုအယက် ဝယ်နေကြသလို မုန်တိုင်းဒဏ်ကနေ ကာကွယ်ဖို့ နေအိမ် အဆောက်အအုံ ပြူတင်းပေါက်တွေကို သစ်သားပြားတွေနဲ့ တက်သုတ်ရိုက် ကာရံ ပိတ်ဆို့နေကြပါတယ်။
မုန်တိုင်းဒဏ်ကြောင့် တချို့နေရာတွေမှာ မိုးရေချိန် ၃၀လက်မ လောက်အထိ မိုးသည်းထန်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ရေကြီး၊ မြေပြိုမှုတွေ ဖြစ်လာပြီး လမ်းပန်း အဆက်အသွယ်တွေ ဆက်သွယ်ရေးတွေ ထိခိုက်သွားမှာကို အကြီးအကျယ် စိုးရိမ်နေပါတယ်။ ဝါရှင်တန်မြို့အခြေစိုက် FEMA အမေရိကန် ဖက်ဒရယ် အရေးပေါ် ကြီးကြပ်ရေး ဌာနက သူတို့အနေနဲ့ အခုလာမယ့် ၂၄နာရီအတွက်တင် မဟုတ်ဘဲ နောက်ထပ် ၄၊ ၅ရက်အထိ လိုအပ်လာမယ့် ကြိုတင် ပြင်ဆင်မှုတွေ အတွက် အကူအညီပေးဖို့ အသင့်ပြင်ထားပါတယ်လို့ ပြောသွားပါတယ်။
မနှစ်တုန်းက ဟာရီကိန်း မာရီယာကြောင့် ပေါ်တို ရီကို မှာ အကြီးအကျယ် ထိခိုက် ပျက်စီးသွားခဲ့တဲ့ အတွေ့အကြုံကနေ သင်ခန်းစာ ရခဲ့တယ်လို့လည်း FEMA ဌာနက ပြောပါတယ်။
BBC Burmese
https://www.bbc.com
ဟာဝိုင်အီမှာ ဟာရီကိန်းမုန်တိုင်းအတွက်အသင့်ကြိုတင် ပြင်ဆင်နေကြ
Reviewed by THITHTOOLWIN
on
09:35
Rating:
