စစ်တွေဗုံးကွဲမှုဖြင့် စွပ်စွဲဖမ်းခံထားရသူ ၂ ဦးကို စွဲချက်တင်ရန် တရားရုံးက အမိန့်ချ


နိရဉ္စရာ၊ သြဂုတ် ၂၃

စစ်တွေမြို့တွင် ဗုံး ၃ လုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ခုဖြင့် စစ်တွေခရိုင် တရားရုံးတွင် တရားစွဲဆိုခံထားရသူ ဦးအေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ကို ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ (၂၂) ကြိမ်မြောက် ရုံးချိန်းတွင် စွဲချက်တင်ရန် စစ်တွေခရိုင် တရားရုံးက အမိန့်ချမှတ် လိုက်သည်ဟု သိရသည်။

ယင်းသို့ အမိန့်ချမှတ်ရာတွင် ဦးမောင်ဦးမြင့်ကို အမှုတစ်ခုဖြင့်လည်းကောင်း၊ ဦးအေးဝင်းကို အမှု ၃ ခုဖြင့်လည်းကောင်း စွဲချက်တင်ရန် အမိန့်ချမှတ်ခဲ့သည်ဟု သူတို့အမှုကို လိုက်ပါ ဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်က ပြည်နယ်တရားလွှတ်တော်ရုံးအနီးတွင် ဗုံးတစ်လုံး၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ခြံဝင်းတွင် တစ်လုံး နှင့် ပြည်နယ်ဆည်မြောင်းရုံးအနီးတွင် တစ်လုံး၊ စုစုပေါင်း ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။

“ဦးအေးဝင်းကိုတော့ ၃ မှုစလုံးနဲ့ စွဲချက်တင်တယ်ပေါ့။ ဦးမောင်ဦးမြင့်ကိုတော့ ဗုံးတစ်လုံး ပေါက်ကွဲမှုနဲ့ဘဲ စွဲချက်တင်ဖို့ တရားသူကြီးက ဆုံးဖြတ်ပါတယ် ” ဟု တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဦးမောင်ဦးမြင့်ကို ပြည်နယ်တရားလွှတ်တော်ရုံးအနီးတွင် ပေါက်ကွဲခဲ့သည့် ဗုံးပေါက်ကွဲမှု တစ်မှုဖြင့်သာ တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့သည်ဟု သူမက ဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်တွေမြို့တွင် ဗုံးသုံးလုံးပေါက်ကွဲမှုနှင့် ဆက်စပ်သံသယဖြင့် လူ ၉ ဦးကိုဖမ်းဆီးခဲ့ပြီး ၅ ဦးကို အာမခံဖြင့် လွှတ်ပေးလိုက်ပြီး ၂ ဦးကို နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင် ၆ လ ချမှတ်ခဲ့သည်။

ဦးအေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြစ်သည့် အမှုအမှတ် ၂၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (က) /(ဈ)၊ အမှုအမှတ် ၃၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) နှင့် အမှုအမှတ် ၃၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) များဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

နောက်တစ်ပတ်ရုံးချိန်းကို သြဂုတ်လ ၃၀ ရက်နေ့ကို သတ်မှတ်လိုက်ပြီး ရဲအုပ်အေးခင်မောင်နှင့် ဗိုလ်ကြီးကိုကိုလွင်တို့ကို ပြန်ခေါ်သက်သေအဖြစ် ခေါ်ယူထားကြောင်း သိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
စစ်တွေဗုံးကွဲမှုဖြင့် စွပ်စွဲဖမ်းခံထားရသူ ၂ ဦးကို စွဲချက်တင်ရန် တရားရုံးက အမိန့်ချ စစ်တွေဗုံးကွဲမှုဖြင့် စွပ်စွဲဖမ်းခံထားရသူ ၂ ဦးကို စွဲချက်တင်ရန် တရားရုံးက အမိန့်ချ Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.