ဆော်ဒီမှာ အမျိုးသမီးတက်ကြွသူကို သေဒဏ်ပေးဖို့ စီစဉ်နေ

အစ်စရာ အယ်ဂုမ်ဂမ်ရဲ့ ငယ်ဘဝ ဓာတ်ပုံ
ဆော်ဒီအာရေဗျမှာ တက်ကြွလှုပ်ရှားသူ ၅ ယောက်ကို သေဒဏ်ပေးဖို့ ကြိုးစားနေတယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။

ဒီထဲမှာ အမျိုးသမီး အခွင့်အရေး ကာကွယ်လှုပ်ရှားသူ တယောက် ဖြစ်တဲ့ အစ်စရာ အယ်ဂုမ်ဂမ်လည်း ပါနေပါတယ်။

ဆန္ဒပြပွဲတွေမှာ ပါဝင်မှုနဲ့ သူတို့ကို အကြမ်းဖက် နှိမ်နင်းရေး ခုံရုံးတခုမှာ စွဲဆိုထားတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုပါတယ်။

ဆော်ဒီမှာ လူနည်းစု ဖြစ်တဲ့ ရှီအာ မွတ်ဆလင်တွေရဲ့ ဆန္ဒပြပွဲတွေမှာ ပါခဲ့လို့ ဖြစ်ပါတယ်။

ဂုမ်ဂမ်ဟာ ဆော်ဒီမှာ လူ့အခွင့်အရေးနဲ့ ဆက်နွယ်ပြီး ပထမဆုံး သေဒဏ်နဲ့ ရင်ဆိုင်ရတဲ့ အမျိုးသမီး ဖြစ်လာပါတယ်။

သူ့လိုပဲ သံတိုင်နောက်ရောက်နေကြတဲ့ တခြား အမျိုးသမီး အရေး တက်ကြွသူတွေ အတွက် ဒါဟာ အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှု ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က သတိပေးလိုက်ပါတယ်။

မေလက စပြီး ဆော်ဒီမှာ လူ့အခွင့်အရေး လှုပ်ရှားသူနဲ့ အမျိုးသမီးရေး တက်ကြွသူ ၁၃ ယောက်ကို ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။

သူတို့လုပ်ရပ်တွေက နိုင်ငံ လုံခြုံရေးကို ထိခိုက်တယ် ဆိုပြီး စွပ်စွဲ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီထဲက တချို့ကို ပြန်လွှတ်လိုက်ပေမယ့် တရားမစွဲဘဲ ဖမ်းထားသူတွေ ရှိနေပါတယ်။
အစိုးရရှေ့နေ တောင်းဆိုချက် စိုးရိမ်ဖွယ်ရှိလို့ လူ့အခွင့်အရေး အဖွဲ့တွေထုတ်ပြန်
ဂုမ်ဂမ်ဟာ ၂ဝ၁၁ ကတည်းက ကာတစ်ဒေသမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး စောင့်ကြည့် မှတ်တမ်းတင်နေသူလည်း ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

ဆွန်နီ မွတ်ဆလင် အစိုးရရဲ့ ဖိနှိပ်မှုတွေကို လမ်းတွေပေါ် ထွက်ပြီး ဆန့်ကျင် ကန့်ကွက်တာလို့လည်း ရှီအာ မွတ်ဆလင်တွေက ဆိုပါတယ်။

ဂုမ်ဂမ်နဲ့ ခင်ပွန်းကို ၂ဝ၁၅ ဒီဇင်ဘာလ ကတည်းက ဖမ်းထားပြီး ထောင်ထဲ ထည့်ထားတယ်လို့လည်း သိရပါတယ်။

ဆန္ဒပြရာမှာ ပါဝင်မှု၊ ဆန္ဒပြရန် သွေးထိုးမှု၊ အစိုးရ ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်အော်မှုနဲ့ လူထုအတွေးအခေါ်ကို ဖျက်ဆီးရန် ကြံမှု စတဲ့ စွဲချက်တွေနဲ့ ဂုမ်ဂမ်နဲ့ တခြား လူ ၄ ယောက်ကို စွဲဆိုထားတယ်လို့ အစိုးရ ရှေ့နေ့က ပြောကြားပါတယ်။

ဒီထဲမှာ ဆန္ဒပြပွဲကို ဗီဒီယို ရိုက်ပြီး လူမှုကွန်ရက်မှာ ဖြန့်ဝေမှုလည်း ပါပါတယ်။

သူတို့ ၅ ယောက်ကို သေဒဏ်ပေးဖို့ အစိုးရ ရှေ့နေက တရားရုံးမှာ တောင်းဆိုတယ်လို့လည်း သိရပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေက ကန့်ကွက်နေကြပေမယ့် ဆော်ဒီအစိုးရ ဘက်ကတော့ ဒီအမှုအကြောင်း ဘာမှ ထုတ်မပြောပါဘူး။

ဆော်ဒီမှာ ရှီအာ လှုပ်ရှားသူ အများအပြားကို နိုင်ငံရေး စွဲချက်တွေနဲ့ သေဒဏ်ပေးခဲ့တာတွေ ရှိပါတယ်။

ဒီလို ကွပ်မျက်ခံရသူတွေဟာ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တာ၊ လုံခြုံရေး တပ်တွေကို တိုက်ခိုက်တာ စတဲ့ အကြမ်းဖက်နဲ့ နွယ်တဲ့ ပြစ်မှုတွေ ကျူးလွန်တယ်လို့ အစိုးရဘက်က တုံ့ပြန် ပြောဆိုလေ့ရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese
ဆော်ဒီမှာ အမျိုးသမီးတက်ကြွသူကို သေဒဏ်ပေးဖို့ စီစဉ်နေ ဆော်ဒီမှာ အမျိုးသမီးတက်ကြွသူကို သေဒဏ်ပေးဖို့ စီစဉ်နေ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.