ကုန်သွယ်ခွန် တိုးမြှင့်မှုနဲ့ ဆွေးနွေးပွဲ ကန်နဲ့ တရုတ် တပြိုင်နက်ပြုလုပ်

(အမေရိကန်ကို တင်ပို့မယ့် တရုတ်ပြည်က ကုန်သေတ္တာတွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က တွေ့ရစဉ်)
တရုတ်ပြည်ကတင်ပို့တဲ့ ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုက ဒီကနေ့ ကြာသပတေးနေ့ကစပြီး အခွန်ငွေ ၂၅% ကောက်ခံမှာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်ပြည်ထောင်စုက အခွန်ငွေကောက်ခံတဲ့ တရုတ်ပြည်က သွင်းကုန်ပစ္စည်း ပမာဏ တန်ဖိုးဟာ ဒေါ်လာ ဘီလီယံ ၅ဝ ရှိသွားပြီဖြစ်ပြီး တရုတ်ပြည်ကလည်း အလားတူ ဒေါ်လာ ဘီလီယံ ၅ဝ တန်ဖိုးရှိတဲ့ အမေရိကန်ပို့ကုန်တွေကို အခွန်ငွေကောက်ခံမှာ ဖြစ်တဲ့အတွက် ၂ နိုင်ငံ အပြန်အလှန် အခွန်ငွေကောက်တဲ့ ကုန်တန်ဖိုး စုစုပေါင်း ဒေါ်လာ ၁ဝဝ ဘီလီယံ ရှိနေပြီ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ဗဟိုဘဏ်က နိုင်ငံရဲ့ စီးပွားရေး ဆက်လက်တိုးတက်နေတာကို အရှိန်မြှင့်တဲ့အနေနဲ့ ချေးငွေအတိုးနှုန်းတွေကို မကြာခင် ထပ်မံမြှင့်တင်ဖို့ စီစဉ်နေကြောင်း မနေ့က ပြောပါတယ်။ တိုင်းပြည်ရဲ့ အလုပ်လက်မဲ့ ဦးရေဟာ နှစ် ၅ဝ အတွင်း အနိမ့်ဆုံးကို ရောက်ရှိနေပြီး အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးတိုးတက်မှုကြောင့် ၂ဝ၁၅ ခုနှစ်ကစပြီး ဗဟိုဘဏ်က အတိုးနှုန်းတွေ တိုးမြှင့်ခဲ့တာ ၇ ကြိမ်ရှိပြီဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာတင် ၂ ကြိမ် ရှိပါပြီ်။

တရုတ်ပြည်နဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်စစ်ပွဲ အချိန်ကြာလာတာနဲ့အမျှ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် ကောက်ခံမှုကြောင့် အမေရိကန်ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေအနေနဲ့ တရုတ်ပြည်က သွင်းနေရတဲ့ ကုန်ကြမ်းတွေကို အရင်ကထက်ဈေးပိုပေးနေရပါတယ်။ ဒါကြောင့် လုပ်ငန်းတွေကို လျှော့ချဖြတ်တောက်ရတဲ့အတွက် ထိခိုက်လာနိုင်မယ့် ပမာဏနဲ့ သွင်းကုန်တွေဈေးတက်လို့ အမေရိကန် ပြည်သူလူထုရဲ့ သုံးစွဲနိုင်အား ကျဆင်းမှာကိုလည်း စီးပွားရေးပညာရှင်တွေက ထည့်သွင်းစဉ်စားနေကြတယ်လို့ ဆိုပါတယ်။

တပြိုင်နက်မှာပဲ လက်ရှိကုန်သွယ်ရေးပြဿနာတွေကို ညှိနှိုင်းဖို့အတွက် တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲတွေ မနေ့က စတင်ပါတယ်။ ၂ ရက်ကြာမြင့်မယ့် ဒီဆွေးနွေးပွဲဟာ ၂ နိုင်ငံအကြား ကုန်သွယ်ပဋိပက္ခတွေ ဇွန်လမှာ စတင်ခဲ့ပြီးနောက် ထိပ်တန်းအရာရှိတွေ ပထမဆုံး တွေ့ဆုံတာဖြစ်ပါတယ်။ ဆွေးနွေးပွဲအောင်မြင်ရင် ပဋိပက္ခတွေ လျော့ပါးသွားနိုင်ပြီး နောက်ထပ် အခွန်ငွေတိုးမြှင့်မှုတွေကို ရှောင်ရှားနိုင်ဖွယ်ရှိပါတယ်။ သမ္မတ ထရမ့်ကတော့ အဲဒီလိုဖြစ်ဖို့ သူ သိပ်မမျှော်လင့်ဘူးလို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ကုန်သွယ်ခွန် တိုးမြှင့်မှုနဲ့ ဆွေးနွေးပွဲ ကန်နဲ့ တရုတ် တပြိုင်နက်ပြုလုပ် ကုန်သွယ်ခွန် တိုးမြှင့်မှုနဲ့ ဆွေးနွေးပွဲ ကန်နဲ့ တရုတ် တပြိုင်နက်ပြုလုပ် Reviewed by THITHTOOLWIN on 09:49 Rating: 5
Powered by Blogger.