သဘာဝအလှတွေကြားက ရွှေသောင်ယံကမ်းခြေ

 ရွှေသောင်ယံကမ်းခြေ
လူသိများထင်ရှားတဲ့ ချောင်းသာကမ်းခြေကနေ မြောက်ဘက်တန်းတန်းကို ကားနဲ့ဖြစ်ဖြစ် ဆိုင်ကယ် ကယ်ရီနဲ့ဖြစ်ဖြစ် မိနစ် ၃၀ နီးပါးလောက် စီးလာလိုက်ရင် အုန်းပင်တွေနဲ့ပြည့်နေတဲ့ ရွှေသောင်ယံကမ်းခြေကို ရောက်ရှိပါမယ်။

ရုံးပိတ်ရက်တွေရတုန်း သဘာဝလေသန့်သန့်ကိုလည်းရှုချင် ရေကူးအပမ်းဖြေချင်သူတွေအတွက် သဘာဝအလှတွေနဲ့ ပြည့်နေတဲ့ ရွှေသောင်ယံကမ်းခြေကို ဧရာဝတီတိုင်းဒေသကြီး အတွင်းက သဘာဝကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်။

 ရွှေသောင်ယံကမ်းခြေ
ရွှေသောင်ယံက ကမ်းခြေက ၂ ခြမ်း ရှိပါတယ်။ အဲဒီကမ်းခြေ နှစ်ခုကို ကြည်စိမ်းနေတဲ့ ချောင်းရိုးလေးက ခြားထားပါတယ်။ ချောင်းရိုးရဲ့ ဘယ်ဘက်အခြမ်းကမ်းခြေက သဘာဝကျောက်ဆောင်တွေ များပါတယ်။

အဲဒီဘက်ခြမ်းမှာ ကမ်းခြေမှာလည်း လမ်းလျှောက်ရင်း ပင်လယ်မြက်ခင်းပြင် (Sea Grass) ကို သွားကြည့်လေ့လာလို့ရပါတယ်။

ဒီရေကျချိန်တွေဆိုရင်တော့ ကျောက်တန်းကြီးတွေမှာ ဒေသခံတွေက ဂုံးကောက်နေကျတာကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။

ဂုံးကောက်နေကျတဲ့ ဒေသခံတွေ
ပင်လယ်မြက်တွေ ရှိတဲ့နေရာဖြစ်လို့ ကျောက်ဆောင်တန်းလေးတွေမှာထိုင်ပြီး ငါးမျှားလို့လည်း အဆင်ပြေပါတယ်။

ပင်လယ်ရေကြည်ကြည်မှာ ရေကူးချင်တယ်ဆိုရင်တော့ ချောင်းရိုးလေးကို ဘယ်ဘက်အခြမ်းကမ်းကို သွားရပါမယ်။ အရင်ကတော့ သမ္ဗန်နဲ့ကူးရပြီး ၅ မိနစ် ကြာပါတယ်။

အခုချိန်မှာတော့ ချောင်းကူးတံတား တည်ဆောက်ပြီးလို့ ကား၊ ဆိုင်ကယ် သို့ လမ်းလျှောက်ပြီးလည်း သွားနိုင်ပါတယ်။

ကမ်းခြေရဲ့ ညနေခင်းအလှ
အဲဒီဘက်ခြမ်းမှာပဲ ၂ မိုင်ခွဲလောက်ရှည်လျားတဲ့ ညီညာပြန့်ပြူးနေတဲ့ သောင်ပြင်ကြီးရှိပါတယ်။ ရေကူးအပမ်းဖြေနိုင်သလို စက်ဘီစီး၊ လွတ်လွတ်လပ်လပ် ဘောလုံးကန်ကြလို့လည်း ရပါတယ်။

ဘယ်ဘက်အခြမ်းကမ်းခြေမှာပဲ ရွှေသောင်ယံဟိုတယ်ရှိသလို့ ဒေသခံတွေရဲ့ အိမ်တွေမှာလည်း တည်းခိုလို့ ရပါတယ်။ အစားအသောက် အတွက်ဆိုရင်လည်း ဒေသခံတွေရဲ့ လက်ရာကို မှာစားလို့ ရနိုင်ပါတယ်။

ကမ်းခြေမှာ အပမ်းဖြေကစားနေကြသူတချို့
ရွှေသောင်ယံကမ်းခြေဟာ လာရောက်လည်ပတ်သူ နည်းသေးလို့ သဘာဝအတိုင်း ရှိနေသေးတဲ့ သူတို့ ကမ်းခြေရဲ့ သဘာဝပတ်ဝန်းကျင်ကို ဒေသခံတွေက အထူးအလေးထားကြပါတယ်။

သူတို့ရဲ့ ကမ်းခြေလေးကို ပလတ်စတစ် အမှိုက်တွေနဲ့ ဖုံးလွှမ်းသွားမှာလည်း စိုးရိမ်ကြတယ်။ ဒါကြောင့် အလည်အပတ် လာရောက်တဲ့ မိတ်ဆွေတွေကို ကမ်းခြေမှာ အမှိုက်မပစ်ခြင်းအားဖြင့် ဒေသခံတွေအပေါ် အလေးထား အသိအမှတ်ပြုရင်း ဖိတ်ခေါ်ကြိုဆို နေကြနေပါတယ်။


BBC Burmese
https://www.bbc.com
သဘာဝအလှတွေကြားက ရွှေသောင်ယံကမ်းခြေ သဘာဝအလှတွေကြားက ရွှေသောင်ယံကမ်းခြေ Reviewed by THITHTOOLWIN on 10:02 Rating: 5
Powered by Blogger.