ကြက်သွန်နီဈေးကျနေသဖြင့် လှောင်ထားသည့်ပွဲရုံများနှင့်မင်းဘူးမြို့နယ် မှ တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ
မင်းဘူး ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးဒေသတွင် ယခုရက်ပိုင်းအတွင်း ကြက်သွန်နီများ ဈေးကျနေသဖြင့် ဝယ်ယူသိုလှောင်ထားသည့် ပွဲရုံများနှင့် ကြက်သွန်နီများ လက်ဝယ်ရှိနေသည့် တောင်သူများမှာ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ယခင်နှစ်က ယခုအချိန် ဩဂုတ်လတွင် ကြက်သွန်နီဈေးများသည် တစ်ပိဿာလျှင် ကျပ် ၁၅၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး အလုံးကောင်းလျှင် တစ်ပိဿာ ကျပ် ၂၀၀၀ ကျော်အထိဈေးရှိခဲ့သည်။ ယခုနှစ်တွင်မူ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၅၀၀ ခန့်သာ ရရှိနေကြကြောင်း သိရသည်။
''ကျွန်တော်တို့ ဆင်ဖြူကျွန်းဘက်မှာ ဒီနှစ် ကြက်သွန်စိုက်တောင်သူတွေနဲ့ လှောင်တဲ့ကုန်သည်တွေလည်း ရှုံးကြတယ်၊ ပေါ်ကာစကတည်းက ကျပ် ၈၀၀ ပဲရတယ်၊ ဈေးကောင်းမရလို့ တချို့တစ်ဝက်ကို မရောင်းဘဲ ဈေးကောင်းရမှရောင်းမယ်ဆိုပြီး လှောင်ထားတာ၊ ဒီအချိန်ရောက်ရင် မနှစ်ကလို ဈေးတက်မယ်လို့ ထင်ထားခဲ့ကြတာ၊ စိုက်ပျိုးတဲ့ တောင်သူတွေမှာလည်း ဈေးကောင်းမရတော့ စိုက်ပျိုးစရိတ်၊ အလုပ်သမားစရိတ်တွေနဲ့ အရှုံးပေါ်ကြသလို ကုန်သည်တွေလည်း လှောင်တဲ့ရက်ကြာလာတော့ အလျော့တွက်၊ သယ်ယူစရိတ်တွေ တိုးလာတယ်၊ မနှစ်ကဒီအချိန်ဆိုရင် ကုန်ကားကြီးတွေနဲ့ ရန်ကုန်၊ မန္တလေးကို ပို့နေရတာ၊ ဒီနှစ်တော့ အရှုံးပေါ်နေတယ်'' ဟု ဆင်ဖြူကျွန်းမြို့ရှိ ကြက်သွန်နီပွဲစားတစ်ဦးက ပြောသည်။
ကြက်သွန်နီစိုက်ပျိုးရာတွင် ဥစိုက်ကြက်သွန်နီမှာ ကုန်ချိန်ပေါ့ကာ အထားမခံသည့်အတွက် လှောင်၍မရဘဲ ကြက်သွန်ပေါ်ချိန်တွင် အမြန် ပြန်လည်ရောင်းချရကြောင်း၊ မျိုးဖြင့်စိုက်ပျိုးသော ကြက်သွန်နီမှာမူ ကြာရှည်အထားခံကာ သိုလှောင်နိုင်သည့်အတွက် တောင်သူများအနေဖြင့် လှောင်ကုန်အဖြစ်ထားရှိပြီး ဈေးကောင်းရမှ ထုတ်ရောင်းကြကြောင်း သိရသည်။
ကြက်သွန်နီသည် ပိဿာချိန် ၁၀၀ လှောင်ထားပါက တစ်လလျှင် ငါးပိဿာခန့် အလေးချိန်လျော့နည်းတတ်သည့်အတွက် ပြန်ရောင်းချိန်တွင် ဈေးကောင်းရမှသာ သိုလှောင်သူအတွက် အဆင်ပြေပြီး ယခုနှစ်တွင်မူ ပြန်ရောင်းချိန်တွင် ဈေးကောင်းမရသည့်အတွက် ကြက်သွန်စိုက်ပျိုးသော တောင်သူများနှင့် ဝယ်ယူသိုလှောင်ထားသည့် ပွဲရုံများအနေဖြင့် အရှုံးနှင့်ရင်ဆိုင်နေရ ခြင်းဖြစ်သည်။
ကြက်သွန်နီကို မကွေးတိုင်းဒေသကြီးအတွင်း စလင်းနှင့်ဆင်ဖြူကျွန်းဒေသရှိ တောင်သူများအနေဖြင့် အဓိက ဆောင်းသီးနှံတစ်ခုအဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး နွေရာသီတွင်လည်း နွယ်တမယ် ချောင်းတစ်လျှောက်နှင့် ကိုင်းမြေများတွင် ရေသွင်း၍ စိုက်ပျိုးကြကြောင်း သိရသည်။
မေသူလွင်(မကွေးကိုယ်ပွား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကြက်သွန်နီဈေးကျနေသဖြင့် လှောင်ထားသည့်ပွဲရုံများနှင့်မင်းဘူးမြို့နယ် မှ တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ
Reviewed by THITHTOOLWIN
on
20:08
Rating:
