မိုင်းတွင်းပြိုကျမှု တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် ၅ဦး သေဆုံး

မိုင်းတွင်းပြိုကျမှုကြောင့် ပိတ်မိပြီး သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို ၂၀၁၈ သြဂုတ်လ ၃ ရက်နေ့ကတွေ့ရစဉ် / Photo: Sagaing Regional lnformation Page
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာနဲ့ ၁၀ မိုင်အကွာမှာ ကျောက်မီးသွေးမိုင်းတွင်း ပြိုကျတာကြောင့် လူ ၅ ယောက် သေဆုံးတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ပြောပါတယ်။

ည ၁၂ နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မိုင်းတွင်းထဲမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁ ယောက် အပါအ၀င် လူ ၅ ယောက်က သေဆုံးတယ်လို့ တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ က ပြောပါတယ်။

"ည ၁၂ နာရီလောက်မှာ အဲယားကွန်းကနေ ပေါက်ကွဲပြီး အဲကနေ ပြိုကျတာ ၄ ယောက်ကိုတော့ အပြင် ထုတ်နိုင်တာပေါ့နော်။ ဒါပေမဲ အဲ ၄ ယောက်လည်း အခြေအနေဆိုးလို့ ဆေးရုံတစ်ခါတည်း ပို့လိုက် တယ်တဲ့။အဲဒီ ၄ ယောက်ကတော့ သက်သာသွားပါပြီတဲ့။ အထဲမှာ ၅ ယောက်ကျန်တယ်။ နိုင်ငံခြားသား တစ်ယောက်နဲ့ နိုင်ငံသား ၄ ယောက်၊ အဲ ၅ ယောက်ကို ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ သွားတွေ့ တဲ့အခါကျတော့ သေပြီးသားဖြစ်နေတယ်တဲ့။ အောက်ဆီဂျင်ပြတ်သွားတာပေါ့နော်။"

ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့သူတွေထဲက လူ ၅ ယောက်လည်း မူးမေ့သွားတာကြောင့် ကလေးဝမြို့နယ် ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

ပြိုကျတဲ့မိုင်းတွင်းဟာ ထွန်းသွင်ကုမ္ပဏီကနေ လက်ခွဲလုပ်ကိုင်နေတဲ့ ရွှေပေါက်ပေါက်ကုမ္ပဏီရဲ့ လုပ်ကွက်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကျောက်မီးသွေးတွင်းမှာ အနက်ပေ ၆၀၀ ရှိပြီး အတွင်းကန့်လန့်ဖြတ် လမ်းကြောင်းပေ ၂၀၀ မှာ ပြိုကျတာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
မိုင်းတွင်းပြိုကျမှု တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် ၅ဦး သေဆုံး မိုင်းတွင်းပြိုကျမှု တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် ၅ဦး သေဆုံး Reviewed by THITHTOOLWIN on 00:39 Rating: 5
Powered by Blogger.