စီးပွားရေး အကြပ်အတည်းကြောင့် အီရန်စီးပွားရေး ဝန်ကြီးကို ရာထူးက ဖြုတ်

အီရန် စီးပွားရေးဝန်ကြီးMasoud Karbasian
အီရန်နိုင်ငံမှာ ရုန်းကန် ရင်ဆိုင်နေရတဲ့ စီးပွားရေး အကြပ်အတည်းကြောင့် စီးပွားရေးဝန်ကြီးကို ရာထူးက ဖယ်ရှားဖို့ ပါလီမန်မှာ မဲပေးခဲ့ပါတယ်။

ဘဏ်စနစ်နဲ့ အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပြဿနာတွေနဲ့ စီးပွားရေး အကြပ်အတည်းကို ဖြေရှင်းဖို့ အစီအစဉ်တွေကို တင်ပြဖို့ ပျက်ကွက်တာကြောင့် ပါလီမန်မှာ လွှတ်တော်အမတ်တွေက စီးပွားရေးဝန်ကြီး Masoud Karbasianကို အယုံအကြည် မရှိကြောင်း သြဂုတ် ၂၆ ရက်နေ့က မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို မဲပေးခဲ့ရာမှာ မစ္စတာ Masoud Karbasianက ၁၃၇ မဲ၊ ၁၂၁ မဲနဲ့ ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတွေ တက်နေပြီး အီရန်ရဲ့ ငွေကြေးကျဆင်းနေတဲ့ အချိန်မှာ စီးပွားရေး ဝန်ကြီးတဦးကို ရာထူးကနေ ဖယ်ရှားလိုက်တာဟာ အီရန် သမ္မတ ဟာဆန် ရိုဟန်နီအတွက် ထိုးနှက်ချက်တခု ဖြစ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က သဘောတူချုပ်ဆိုထားတဲ့ နျူကလီးယား စာချုပ်ကနေ အမေရိကန်က နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည် ချမှတ်ခဲ့တဲ့နောက် အီရန်ရဲ့ စီးပွားရေး အကြပ်အတည်းက ပိုမို ဆိုးဝါးနေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်ကလည်း အလုပ်သမား ဝန်ကြီးကို အလားတူ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ အီရန်ဟာ ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့ ပြဿနာတွေကို ကာလရှည်ကြာ ရင်ဆိုင်နေရပါတယ်။

အရင်နှစ် ဒီဇင်ဘာလကစပြီး ဆိုးဝါးလာနေတဲ့ စီးပွားရေး အကြပ်အတည်းကြောင့် မြို့ပေါင်း ၈၀မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၅ ဦး သေဆုံးခဲ့ပါတယ်။

လယ်သမား၊ ကားသမားနဲ့ ကုန်သည်တွေ ပါဝင်တဲ့ ဆန္ဒပြမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး လုံခြုံရေး တပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese
စီးပွားရေး အကြပ်အတည်းကြောင့် အီရန်စီးပွားရေး ဝန်ကြီးကို ရာထူးက ဖြုတ် စီးပွားရေး အကြပ်အတည်းကြောင့် အီရန်စီးပွားရေး ဝန်ကြီးကို ရာထူးက ဖြုတ် Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.