တရုတ်စစ်တပ်ဟာ ပစိဖိတ်ဒေသမှာရှိတဲ့ အမေရိကန်နဲ့ မဟာမိတ် တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ လေ့ကျင့်နေတဲ့ သဘောရှိတယ် လို့ အမေရိကန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာတစောင်မှာ သတိပေးဖေါ်ပြထားပါတယ်။
ပင်တာဂွန် စစ်ဌာနချုပ်ကနေ ကွန်ဂရက်ကို တင်ပြခဲ့တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ တရုတ်နိုင်ငံဟာ ဗုံးကြဲလေယာဉ်တွေရဲ့ စွမ်းရည်ကို ပိုဝေးတဲ့ နေရာတွေ အထိ စေလွှတ်နိုင်အောင် တိုးမြှင့် ဆောင်ရွက်လာနေတယ်လို့ ဖေါ်ပြထားပါတယ် ။
တရုတ်တို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ခန့်မှန်းခြေ ဒေါ်လာ ဘီလျံ ၁၉၀ လောက်ထိ တိုးမြှင့်တာအပါအဝင် စစ်ရေး စွမ်းရည်ကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ အဲဒီအစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။
တရုတ်ဘက်ကတော့ အခုအချိန်ထိ ဒီအစီရင်ခံကို မတုံ့ပြန်သေးပါဘူး။
အဲဒီအစီရင်ခံစာမှာ တရုတ်ရဲ့ စီးပွားရေး၊ စစ်ရေး မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံရေးသားထားတဲ့ သုံးသပ်ချက် တစိတ်တပိုင်းအနေနဲ့ တရုတ်တို့က ပစိဖိတ်ဒေသမှာရှိတဲ့ အမေရိကန်နဲ့ မဟာမိတ် တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ လေ့ကျင့်နေတယ် ဆိုပြီး သတိပေးထားတာ ဖြစ်ပါတယ်။
![]() |
တရုတ်ရဲ့ လေယာဉ်တင် သင်္ဘောအုပ်စု |
တရုတ်ဟာ အမေရိကန်ရဲ့ ရေရှည်စစ်ရေး ပြိုင်ဘက် ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တရုတ်ရဲ့ စီးပွားရေး ပမာဏ၊ တရုတ်ရဲ့ နည်းပညာ စတာတွေကြောင့် ဖြစ်ပါတယ်။
ဒါ့ကြောင့် ပင်တာဂွန်က နောက် ၁၀ နှစ်နဲ့ အနှစ် ၂၀ အတွင်းမှာ ဖြစ်လာနိုင်ခြေရှိတာကို အစီရင်ခံစာမှာ သုံးသပ်တင်ပြတာလို့ ပါမောက္ခ တိုင်မင်းချန်က ပြောပါတယ်။
အမေရိကန်တို့နဲ့ တိုက်ရိုက် ပဋိပက္ခ ဖြစ်လာနိုင်ခြေရှိတာကြောင့် တရုတ်က အမေရိကန်ကို ရင်ဆိုင်နိုင်အောင် အခုလို ဗုံးကြဲလေယာဉ်တွေကို လေ့ကျင့် ပြင်ဆင်နေတာလို့ သူက ပြောပါတယ်။ ဒီလိုပဲ အမေရိကန်ဘက်ကလည်း အလားတူ ပြင်ဆင်မှုတွေရှိနေတယ်လို့လည်း တိုင်မင်းချန်က ပြောပါတယ်။
တရုတ်နဲ့ အမေရိကန် စစ်တပ်အကြား ပြောဆိုဆွေးနွေးမှုတွေ ရှိတယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပေမယ့် တကယ်တန်းမှာ တရုတ်နဲ့ အမေရိကန်ဟာ ပြိုင်ဘက်ဘဝကနေ ရန်ဘက်အဖြစ်ကူးပြောင်းလာနေတာကို တွေ့ရတယ်လို့ ပါမောက္ခ တိုင်မင်းချန်က သုံးသပ်ထားပါတယ်။
BBC Burmese
https://www.bbc.com/burmese
တရုတ်စစ်ရေးလေ့ကျင့်မှု အမေရိကန်ကို ဦးတည်
Reviewed by THITHTOOLWIN
on
22:06
Rating:
